ယနေ့ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်တွင် နည်းပညာ များ တိုးတက်လာသည်နှင့်အမျှ ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုမြန်ဆန် တိုးတက်လာသည်။
ဒစ်ဂျစ်တယ်စီးပွားရေးဆိုသည်မှာ အင်တာနက်၊ ကွန်ပျူတာနည်းပညာနှင့် ဒေတာအချက်အလက်များကို အခြေခံ၍ ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ ခေတ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်တွင် ဒစ်ဂျစ်တယ် နည်းပညာသည် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်လာပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန် ဖြင့် ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှုမြင့်တက်လာခြင်းနှင့်အတူ သိသိသာသာ ပြောင်းလဲလာခဲ့သည်။
မှန်ကန်သော ဆက်သွယ်ပြောဆိုမှု-
အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ကြော်ငြာရာတွင် လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ မိမိကုန်ပစ္စည်း၏ အရည်အသွေးကို အမှန်အတိုင်း တင်ပြရောင်းချခြင်းဖြစ်သည်။ စားသုံးသူအပေါ် ကရုဏာထားခြင်းဟုဆိုရာ၌ အွန်လိုင်းဈေး ကွက်တွင် ဝယ်ယူသူ၏ လိုအပ်ချက်ကို နားလည်ပြီး သင့်တင့် မျှတသော ဈေးနှုန်းဖြင့် ရောင်းချခြင်း၊ အကျိုးအမြတ်ထက် ဝန်ဆောင်မှုနှင့် စေတနာကို ရှေ့တန်းတင်ခြင်းတို့သည် ကောင်းကျိုးစီးပွားကို ဖြစ်ထွန်းစေပါသည်။
သမ္မာအာဇီဝနှင့် ဒစ်ဂျစ်တယ်စနစ် ဒစ်ဂျစ်တယ်ငွေပေးချေမှု (E-payment) နှင့် E-commerce စနစ်များကို အသုံးပြုရာတွင် မတရားသောနည်းဖြင့် သူတစ်ပါး၏ ပိုင်ဆိုင်မှုကို မရယူခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားစေသော အရာများကိုမရောင်းချ ခြင်းတို့ဖြင့် စင်ကြယ်သောစီးပွားရေးကို တည်ဆောက်နိုင်သည်။ မြန်မာနိုင်ငံတွင် E-commerc လုပ်ငန်းရှင် အများအပြားသည် စေတနာသည်သာ ပထမဟူသော ဆောင်ပုဒ်ဖြင့် အွန်လိုင်းဈေးကွက်ကို ဖော်ဆောင်လျက်ရှိသည်။
ဒစ်ဂျစ်တယ်စီးပွားရေးကို အဓိကလုပ်ဆောင်နေသည့် ကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည် -
အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး (E-commerce) ဆိုသည်မှာ အင်တာနက်နှင့် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြု၍ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် ငွေပေးချေခြင်းလုပ်ငန်းစဉ်အားလုံးကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်စနစ် ကျယ်ပြန့်လာ မှုကြောင့် န-ခသာနမခန သည် ရိုးရာ ဈေးကွက်ပုံစံမှ ဒစ်ဂျစ် တယ်ဈေးကွက်ပုံစံသို့ ကူးပြောင်းလာခဲ့ပြီး နိုင်ငံစီးပွားရေး၏ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) သည် ဒစ်ဂျစ်တယ်ဈေးကွက်ကို အသုံးပြု၍ ၎င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပသို့ ချိတ်ဆက်ရောင်းချလာနိုင်ကြသည်။
မြန်မာနိုင်ငံတွင် E-commerce လုပ်ငန်းများကို အဓိက အားဖြင့် အောက်ပါပုံစံ သုံးမျိုးဖြင့် တွေရှိ နိုင်သည် -
(က) လူမှုကွန်ရက်ကို အခြေခံသော ဈေးကွက် (Social Commerce) မြန်မာနိုင်ငံတွင် အသုံးအများဆုံး ပုံစံဖြစ်သည်။ Facebook နှင့် Tik Tok ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများကို အသုံးပြု၍ တိုက်ရိုက်ရောင်းချခြင်း ဖြစ်သည်။ ဥပမာ အဝတ်အထည်နှင့် အလှကုန်ပစ္စည်း ရောင်းချသူများသည် Facebook Lice Fales များ လွှင့်၍ ရောင်းချခြင်း၊ Messenger မှတစ်ဆင့် အမှာစာယူခြင်းများ ပြုလုပ်ကြသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှု နည်းပါးပြီး လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်သော နည်းလမ်းဖြစ်သည်။
(ခ) အွန်လိုင်းဈေးကွက် ပလက်ဖောင်းများ (Online Market-place) ရောင်းသူနှင့် ဝယ်သူကို တစ်နေရာတည်းတွင် ချိတ်ဆက်ပေးသောWebsite သို့မဟုတ် Application များ ဖြစ်သည်။ ဥပမာ: Ship.com.mm နှင့် rgo 47 များသည် မြန်မာနိုင်ငံတွင် လူသိများသည်။ ဝယ်ယူသူသည် အမျိုးအမည်ပေါင်းများစွာသော ပစ္စည်းများကို တစ်နေရာတည်းတွင် ရွေးချယ်နိုင်ပြီး အိမ်အရောက်ပစ္စည်းပို့စနစ် (Home Delivery) ဖြင့် ဝန်ဆောင်မှုပေးသည်။
(ဂ) အထူးပြုဝန်ဆောင်မှု ပလက်ဖောင်းများ (Specialized Platform) အစားအသောက်၊ ခရီးသွားလာရေးနှင့် အိမ်ခြံမြေကဲ့သို့သော ကဏ္ဍတစ်ခုချင်းအလိုက် အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ဥပမာ-အစားအသောက် ပို့ဆောင်ရေးတွင် FoodPanda သို့မဟုတ်GrapFood တို့ကို အသုံးပြု၍ စားသောက်ဆိုင်များမှ မှာယူခြင်း၊ Flymya ကဲ့သို့သော အက်ပ်များမှတစ်ဆင့် လေယာဉ်လက်မှတ်နှင့် ဟိုတယ်များကို အွန်လိုင်းမှ ဘိုကင်ပြုလုပ်ခြင်းတို့ဖြစ်သည်။
ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် E-commerce အောင်မြင်ရန်အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု (E-payment) သည် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပစ္စည်းရောက်မှငွေချေသည့် စနစ် (Cash On Delivery) အပြင်KBZ Pay, Wave Money, CB Pay စသည့် Mobile Wallet အများဖြင့် ကြိုတင်ငွေပေးချေခြင်း သို့မဟုတ် ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ဝယ်ယူခြင်းများ ပိုမိုတွင်ကျယ်လာသည်။ ငွေသားကိုင် ဆောင်မှုအစားMobile Wallet များ (ဥပမာ -KBZ Pay, Wave Money ) နှင့် Mobile Banking စနစ်များကို အသုံးချကာ ငွေလွှဲခြင်း၊ ဈေးဖိုးပေးချေခြင်းနှင့် လစာထုတ်ပေးခြင်းတို့ကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြသည်။ ၎င်းသည် ငွေကြေးစီးဆင်းမှုကို ပိုမိုမြန်ဆန်ပြီး ဘေးကင်းစေပြီး လုပ်ငန်းရှင်များအတွက်လည်း စာရင်း ဇယား ထိန်းသိမ်းရလွယ်ကူစေသည်။ အစိုးရ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ (E-Government) အပိုင်းကဏ္ဍရှိ အစိုးရဌာနများတွင်လည်း လုပ်ငန်းစဉ်များ ပိုမိုသွက်လက်စေရန် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိသည်။
ဥပမာအားဖြင့် အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း (MyCO)၊ အခွန်ပေးဆောင်ခြင်းနှင့် လိုင်စင်လျှောက်ထား ခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ E-commerce ကဏ္ဍတွင် စားသုံးသူများ ယုံကြည်မှုရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေများနှင့် အီလက်ထရွန်နစ် အရောင်းအဝယ်ဆိုင်ရာ လမ်းညွှန်ချက်များကို အစိုးရမှထုတ်ပြန်ကြပ်မတ် လျက်ရှိသည်။ စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် လိမ်လည်မှုများသည် စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်သည်။
အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို ခေတ်မီစေရုံသာမက အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ဈေးကွက်အသစ်များ ရှာဖွေနိုင်သည့် လမ်းစလည်းဖြစ်သည်။ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ပိုမိုခိုင်မာလာပြီး စည်းမျဉ်းစည်းကမ်းများ စနစ်တကျရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ E-commerce ကဏ္ဍသည် နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အားကိုးရသော ကဏ္ဍတစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
ဒစ်ဂျစ်တယ်စီးပွားရေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သစ်ကို ပုံဖော်ပေးနေသော အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ ကျင့်သုံးပြီး ဒစ်ဂျစ် တယ် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်နိုင်ပါက မြန်မာနိုင်ငံသည် ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေး အခွင့်အလမ်းများကို အောင်မြင်စွာဖော်ဆောင်နိုင်မည်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတို့ကို အခြေခံသော စီးပွားရှာခြင်းထက် အများအကျိုးကိုရှေးရှုသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည်သာလျှင် မြန်မာနိုင်ငံအတွက် တိုးတက်သော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ကိုးကားချက် - အစိုးရ၏ မူဝါဒနှင့် ဥပဒေရေးရာ အချက်အလက်များ
ငြိမ်းဝေနှင်း
