စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/စေ့စပ်) ဦးဝင်းလွင် ဦးဆောင်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ရော်ဘာပို့ကုန်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်သမ္မ၏ မိန့်ခွန်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ပြည်တွင်းကုန်ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရာ တွင် အရည်အသွေး ပြည့်ဝသော ပို့ကုန်တိုးချဲ့ထုတ်လုပ်နိုင်မှုမှာ အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက် ထုတ်လုပ်မှု၊ တင်ပို့မှု လုပ်ငန်းစဉ်များအတွက် လိုအပ်သော အထောက်အပံ့များ၊ နည်းပညာအကူအညီများ ရှာဖွေသွားရန်နှင့် ယခုဘဏ္ဍာနှစ်မှစ၍ ကုန်သွယ်မှုပိုငွေဖြစ်ရန် ရည်မှန်းထားရှိပြီးသဖြင့် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် လမ်းညွှန်မှုပြုခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် ရော်ဘာပို့ကုန် လုပ်ငန်းရှင်များမှ ယခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး အစည်း အဝေးကို မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ပပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးအား ရည်မှန်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း နှင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများ နှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
Eaint (DOT)
