Main menu

Background

ဆိုရှယ်မီဒီယာက ဖန်တီးလိုက်သည့် စားသုံးသူအလေ့အထများ

Fri, 05/15/2026 - 12:37 -- journal_editor

ယနေ့ခေတ်တွင် လူတိုင်းလိုလို ဆိုရှယ်မီဒီယာကို နေ့စဉ်နီးပါး အသုံးးပြုနေကြသည်။ မိမိလိုချင်သည့် ပစ္စည်း၊ မိမိသွားလိုသည့် နေရာများကို ဟမ်းဖုန်းတစ်လုံးရှိရုံဖြင့်ပင် အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။ အင်တာနက်ချိတ်ဆက်မှုရှိရုံဖြင့် ဝယ်ယူနိုင်ခြင်း၊ ရှာဖွေနိုင်ခြင်း စသည့်အခွင့်အလမ်းများကြောင့် ဆိုရှယ်မီဒီယာသည် လူတိုင်း၏ လက်ထဲ၌ ရှိနေပြီဖြစ်သည်။ 
Meltwater နှင့် We Are Social တို့ ပူးပေါင်းထုတ်ပြန်သည့်Digital2026 အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း၌ ဆိုရှယ်မီဒီယာအသုံးပြုသူဦးရေ  ၅ ဒသမ ၆၆ ဘီလီယံ (သန်း ၅၆၆၀) ကို ရောက်ရှိသွားပြီ ဖြစ်သည်။ အဆိုပါ အရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူဦးရေသည် အသုံးမပြုသူထက် နှစ်ဆပိုများနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
 ပြီးခဲ့သည့် တစ်နှစ်အတွင်း၌ပင် ဆိုရှယ်မီဒီယာ အသုံးပြုသူ အသစ် ၂၅၉ သန်း တိုးလာခဲ့ပြီး ၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သည်။  ဆိုရှယ်မီဒီယာ ပလက်ဖောင်းအလိုက်  အသုံးပြုမှုမှာ မြန်မာနိုင်ငံအနေဖြင့် Tiktok၊ Facebook နှင့်  YouTube တို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။ 
စားသုံးသူအလေ့အထ
စားသုံးသူ အလေ့အထ (Consumer Behavior) ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကို ဘာကြောင့်၊ ဘယ်လို၊ ဘယ်အချိန်၊ ဘယ်နေရာတွင် ဝယ်သည်ဆိုသည့် အပြုအမူပုံစံများကို လေ့လာသည့် ပညာရပ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူများ၏ စိတ်ထဲတွင် မည်သို့ဖြစ်နေသနည်းဆိုသည်ကို ဖော်ထုတ်သည့် ပညာရပ်ဟုလည်း ဆိုနိုင်သည်။
ယင်းအလေ့အထကို လွှမ်းမိုးသည့် အချက်များမှာ စီးပွားရေးအခြေအနေ၊ လူမှုရေးနောက်ခံ၊ ယဉ်ကျေးမှု၊ စိတ်ခံစားမှုနှင့် အတွေ့အကြုံများပင်ဖြစ်သည်။ ဥပမာ-လူတစ်ယောက်က ဈေးချိုသည့်အတွက် ပစ္စည်းတစ်ခုကို ဝယ်ယူခြင်း (စီးပွားရေးအချက်)၊ သူငယ်ချင်းများက ဝယ်ခြင်းကြောင့် မိမိပါ လိုက်ဝယ်ခြင်းမျိုး (လူမှုရေးအချက်)၊ ကြော်ငြာလှလှလေးကို မြင်ပြီး စိတ်လှုပ်ရှားသွား၍ ဝယ်မိခြင်း (စိတ်ခံစားမှုအချက်) စသည့်အချက်များပင် ဖြစ်သည်။
ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာက စားသုံးသူအလေ့အထကို အကြီးမားဆုံး လွှမ်းမိုးနေသည့်အချက် ဖြစ်လာသည်။ Facebook ၊ TikTok ၊ Instagram ပေါ်မှ ကြော်ငြာများ ၊ Influencer များ၏ အကြံပြုချက်များ၊ လူအများ၏ သုံးသပ်ချက်များသည် စားသုံးသူများ၏ ဆုံးဖြတ်ချက်ကို တစ်ခဏအတွင်း၌ပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။
ဆိုရှယ်မီဒီယာ၏ သက်ရောက်မှု
ကုန်ပစ္စည်းတစ်ခုကိုမဝယ်မီ လူအများစုက ဆိုရှယ်မီဒီယာကို အရင်ဦးဆုံး ကြည့်ကြသည်။ မိမိဝယ်လိုသည့် ပစ္စည်းကို မည်သူက review ပေးထားလဲ၊  မည်သူက recommend ပေးထားလဲ စသည်ဖြင့် ရှာဖွေလေ့လာကြသည်။ 
Influencers များသည် စားသုံးသူ အလေ့အထများထဲတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာသည်။ တချို့သော စစ်တမ်းများအရ ၈၆ ရာခိုင်နှုန်းသော စားသုံးသူများသည် Influencers များ၏ လွှမ်းမိုးမှုကြောင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဝယ်မှုရှိကြသည်ကို လေ့လာသိရှိရသည်။  
Influencers အုပ်စုထဲမှ စီးပွားရေးလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းခန့်က ၎င်းတို့ စီးပွားရေးလုပ်ငန်းများကို စားသုံးသူများထံ ရောက်ရှိအောင်  ကြော်ငြာသည့်အနေဖြင့်  အသုံးပြုကြသည်မှာ Micro influencers အုပ်စုပင် ဖြစ်သည်။ စားသုံးသူများ၏ စိတ်ခံစားချက်ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ကြသည်။ ယင်းမှာ ဆိုရှယ်မီဒီယာကြောင့်  ပြောင်းလဲသွားသည့် သိသာထင်ရှားသော စားသုံးသူ အလေ့အထတစ်ခုဖြစ်သည်။
ထို့ပြင် ဆိုရှယ်မီဒီယာကြောင့် ပြောင်းလဲသွားသည့် စားသုံးသူ အလေ့အထတစ်ခုကို ထပ်မံထုတ်ဖော်ပြရမည်ဆိုလျှင်social proof ဟုခေါ်သည့် လူအများစုက မည်သည်ကို လက်ခံသလဲ၊ ဆိုရှယ်မီဒီယာတွင် မည်သည်ကို အများဆုံး ရွေးချယ်လဲဆိုသည့်အပေါ် မူတည်ပြီး ဝယ်ယူသုံးစွဲသည့် ပုံစံပဲဖြစ်သည်။ ဆိုရှယ်မီဒီယာခေတ်တွင်social proof ကို like အရေအတွက်၊ share အရေအတွက်၊ comment အရေအတွက်နှင့် အကြောင်းအရာ၊ ကြည့်ရှုသူ အရေအတွက် (views)၊  သုံးစွဲသူသုံးသပ်ချက် (reviews) ၊ အဆင့်သတ်မှတ်ချက် (ratings)  နှင့် ဝယ်ယူပြီးသူ အရေအတွက်တို့နှင့် သတ်မှတ်ကြသည်။
နောက်တစ်ချက်မှာ Social Vvalidation ပင်ဖြစ်သည်။ လူအများက နှစ်သက်သည့်ပစ္စည်းကို မိမိကပါ နှစ်သက်မိလျှင် လူအများနှင့် လိုက်လျောညီထွေ ဖြစ်သည်ဆိုသည့် စိတ်ခံစားချက်မျိုး ရစေသည်။ ဥပမာ -TikTok တွင် လူပြောများပြီး နာမည်ကြီးနေသည့် ကုန်ပစ္စည်းတစ်ခုကို လူတိုင်းနီးပါးက ဝယ်သုံးနေသည့်အခါ 'ငါလည်း ဝယ်သုံးသင့်တယ်' ဆိုသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး ဝယ်ယူသုံးစွဲ ကြမှုများရှိသည်။
ယင်းအပြင်Unboxing ဆိုသည့် စကားလုံးသည် ဆိုရှယ်မီဒီယာ တော်တော်များများတွင် ရေပန်းစားပြီး လူအကြိုက်များဆုံးနှင့် စားသုံးသူအလေ့အထကို လွှမ်းမိုးနေသည့် ဇာတ်ကောင်တစ်ခုအဖြစ် ရပ်တည်နေသည်။Unboxing ဗီဒီယိုဆိုသည်မှာ ကုန်ပစ္စည်းအသစ် တစ်ခုကို ဝယ်ယူပြီး ထုပ်ပိုးမှုအဆင့်ဆင့်ကို ဖွင့်ကာပြသခြင်း၊ ကုန်ပစ္စည်းကို လက်တွေ့ကိုင်တွယ်ပြသခြင်း၊ ပထမဆုံးအသုံးပြုခြင်းတို့ကို ရိုက်ကူးပြသထားသည့် ဗီဒီယိုအမျိုးအစားဖြစ်သည်။Unboxing ဗီဒီယိုများ ဆိုရှယ်မီဒီယာပေါ်တွင် ခေတ်စားနေရခြင်းမှာ စားသုံးသူများ၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးခြင်းဆိုသည့် အချက်ကြောင့် ဖြစ်သည်။ 
မိမိမဝယ်ရသေးသည့် ပစ္စည်းတစ်ခုကို တစ်ပါးသူက ဖွင့်ပြခြင်းကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အရည်အသွေးကိုလည်း အကဲဖြတ်နိုင်ပြီး ကုန်ပစ္စည်း၏ အလေးချိန်၊ အရွယ်အစားနှင့် အရည်အသွေးကို ဗီဒီယိုမှတစ်ဆင့်   ခန့်မှန်းကြည့်နိုင်ခြင်း၊ စိတ်လှုပ်ရှားမှုကို မျှဝေခံစားနိုင်ခြင်း၊ ကိုယ်တိုင်ဝယ်ယူပြီးပစ္စည်းကို ဖောက်ကြည့်သကဲ့သို့ ခံစားချက်ကိုလည်း ရစေနိုင်ခြင်းတို့ ဖြစ်သည်။ ယင်းက Unboxing ၏ ဆိုရှယ်မီဒီယာမှ စားသုံးသူများအပေါ် လွှမ်းမိုးမှုတစ်ခုအဖြစ် နာမည်ကျော်ကြားသည်။ ဥပမာ -YouTube တွင် "iphone Unboxing" ဟု ရှာလိုက်လိုက်ပါက သန်းနှင့်ချီသည့် Views များရှိသည့် ဗီဒီယိုများ မြောက်မြားစွာ တွေ့ရမည် ဖြစ်သည်။ 
နိဂုံးချုပ်အနေဖြင့် ဆိုရှယ်မီဒီယာသည်  စားသုံးသူများ၏ အလေ့အထကို သိသိသာသာ ပြောင်းလဲပေးခဲ့ပြီး ယင်းပြောင်းလဲမှုများသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များကို ဖန်တီးပေးနိုင် သည်။ မိမိစီးပွားရေးလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်နေသည့် လုပ်ငန်းရှင်များသည် အဆိုပါ ပြောင်းလဲမှုများကို နားလည်ရုံသာမက လက်ရှိ ခေတ်ရေစီးကြောင်းကို ဆုပ်ကိုင်နိုင်သူများ၊ စစ်မှန်မှု(Auth- enticity)ကို ဦးစားပေးသူများ၊ Micro-influencer များနှင့် ပူးပေါင်း ဆောင်ရွက်တတ်သူများ၊Social Proof  နှင့်social validation ကို ကျွမ်းကျင်စွာ အသုံးချတတ်သူများဖြစ်ရန် လိုအပ်သည်။ 
သို့သော် အရေးကြီးဆုံးအချက်က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တာဝန်ယူမှုရှိရှိနှင့် ဈေးကွက်ရှာဖွေရေးကို လုပ်ဆောင်ရေးပင်ဖြစ်သည်။ ရေတိုအကျိုးအမြတ်အတွက် သတင်းအမှားများ ဖြန့်ဝေခြင်း၊ အတုအယောင် သုံးသပ်ချက်များ ဖန်တီးခြင်းတို့သည် ရေရှည်တွင် မိမိတို့၏လုပ်ငန်းကို ထိခိုက်စေမည်ဖြစ်သည်။ 
ဆိုရှယ်မီဒီယာသည် အဆက်မပြတ် ပြောင်းလဲနေသည့် ဂေဟစနစ်တစ်ခု ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခေတ်ရေစီးကြောင်းကို အမြဲမပြတ် လေ့လာ၊ နည်းပညာအသစ်များကို လက်ခံကျင့်သုံးကာ စားသုံးသူများ၏ လိုအပ်ချက်များကို ဦးစားပေးသည့် နည်းဗျူဟာများကိုသာ ဆက်လက်ကျင့်သုံးပြီး မိမိစီးပွားရေးလုပ်ငန်း၊ မိမိထုတ်ကုန်ကို image ကောင်း၊ brand ကောင်းတစ်ခုဖြစ်အောင် ဆောင်ရွက်သွားနိုင်ရေးအတွက် အထောက်အကူတစ်ခုဖြစ်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

အေးသက်မွန် (မုံရွာ)