အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ထွက်ရှိသည့် စားအုန်းဆီကြမ်း (CPO) ပါဝင်မှု အချိုးအစား ၅၀ ရာခိုင်နှုန်းနှင့် ဒီဇယ် ၅၀ ရာခိုင်နှုန်း ရောနှောပါဝင်သည့် ဇီဝဒီဇယ် (B50) ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စ၍ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားလိုက်သည်ကို အင်ဒိုနီးရှားအခြေစိုက်ANTARA သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက B50 အသုံးပြုမှု အစီအစဉ် သည် အသက်ဝင်ပြီဖြစ်သောကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စ၍ ဒီဇယ်ဆီ တင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Sepuluh Nopember နည်းပညာကျောင်း၌ ဧပြီ ၁၉ ရက် တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီကို လောင်စာဆီ အစားထိုးအဖြစ် အသုံးပြုခြင်းဖြင့် အမျိုးသားအဆင့် စွမ်းအင်ဖူလုံမှုရရှိရေးကဏ္ဍကို အားကောင်းလာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။
စားအုန်းဆီကို ဒီဇယ်ဆီသာမက ဓာတ်ငွေ့နှင့် အီသနောတို့ကိုလည်း ပြုပြင်ထုတ်လုပ်နိုင်ပြီး လက်ရှိအချိန်တွင် ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အင်ဒိုနီးရှား၏ အနာဂတ်စွမ်းအင်ဖြစ်ပြီး အဆိုပါစွမ်းအင်ကို စားအုန်းဆီ အရင်းအမြစ်မှရရှိကြောင်း၊ စားအုန်းဆီသည် ဒီဇယ်ဖြစ်လာနိုင်သကဲ့သို့ ဓာတ်ငွေ့အဖြစ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှား အစိုးရအနေဖြင့် အသေးစားလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် စားအုန်းဆီကို အခြေခံ၍ထုတ်လုပ်သည့် ဓာတ်ငွေ့ထုတ်လုပ်ခြင်းကို အကြီးစားလုပ်ငန်းအဖြစ် တိုးတက်လာစေရန် နိုင်ငံပိုင်ဆီအုန်းစိုက်ခင်းများဆိုင်ရာ ကုမ္ပဏီ (PTPN IV) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အောင်မြင်မှုရရှိပါက အကြီးစားလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး အင်ဒိုနီးရှား၏ အနာဂတ်မှာ တောက်ပလာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။
Sepuluh Nopember နည်းပညာကျောင်းက ဆောင်ရွက်ထားရှိသည့် လျှပ်စစ်ထွန်စက်အပါအဝင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအပေါ် ကုန်ကျစရိတ် ပိုမိုသက်သာစေရေးနှင့် ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်ထွန်စက်သည် ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာ အသုံးပြုထားခြင်းကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်အသုံးပြုရန်အတွက် လျှပ်စစ်ထွန်စက် ၁၀ လုံးကို မှာယူထားကြောင်း၊ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးကSepuluh Nopember နည်းပညာ ကျောင်းသို့ ရောက်ရှိစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထုတ်လုပ်လိုက်သည့် လျှပ်စစ်ထွန်စက်များသည် ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း၊ စီးပွားရေးအရလည်း တွက်ခြေကိုက်စေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား စိုက် ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
သီတာဝင်း (DOCA)
