Main menu

Background

အိန္ဒိယနှင့် တောင်ကိုရီးယားတို့၏ နက်ရှိုင်းသော ဆက်ဆံရေး

Mon, 05/18/2026 - 15:36 -- journal_editor

အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ပထဝီနိုင်ငံရေး မရေရာမှုများကြားတွင် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက်ရှိကြသည်။ ၎င်းတို့ကို တားဆီးနေသည့်အရာများကို ဖယ်ရှားရှင်းလင်း၍ ထဲထဲဝင်ဝင် ဆက်ဆံဆောင်ရွက်ကြရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။
မကြာသေးမီ ရက်ပိုင်းဖြစ်သည့် ဧပြီ ၂၀ ရက်က တောင်ကိုရီးယားနိုင်ငံသမ္မတလီဂျေးမြောင်သည် အိန္ဒိယနိုင်ငံနယူးဒေလီသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦး ထိုသို့တွေ့ဆုံမှုမှာ အိန္ဒိယနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြခဲ့ကြသည်။
အမေရိကန်နှင့် တရုတ်တို့၏ တွန်းအားပေးမှုမှသည် အိန္ဒိယနှင့် တောင်ကိုရီးယားတို့သည် သဘာဝမိတ်ဖက်များဖြစ်လာစေသော်လည်း ၎င်းတို့၏ ဆက်ဆံရေးသည် အဓိပ္ပာယ်ရှိသော အကောင်အထည်ဖော်မှုအဖြစ်သို့  မပြောင်းလဲနိုင်သေးပေ။ သို့သော် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တောင်ကိုရီးယား သမ္မတလီဂျေးမြောင်တို့သည် ၂၀၁၈ ခုနှစ်တွင် ပထမဆုံးကြေညာခဲ့သော ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ အထိ တိုးမြှင့်ရန် အစီအစဉ်များကို ထပ်မံအတည်ပြုခဲ့သည်။ 
ချစ်ပ်ပြားများမှ သင်္ဘောများအဆင့်အထိ၊ နည်းပညာပိုင်း၊ စွမ်းအင်ပိုင်း စသည်တို့တွင်ကျယ်ပြန့်သော ထိတွေ့ဆက်ဆံမှုများရရှိရန်၊ နှစ်နိုင်ငံအကြားယုံကြည်စိတ်ချရသော မိတ်ဖက်များအဖြစ် အကောင်းအထည်ဖော်ဆောင်ရွက်ကြရန်၊ အနာဂတ်တွင်လည်း ထာဝရမိတ်ဖက်အဖြစ်သို့ ပြောင်းလဲပြီး အတူတကွပူးပေါင်းလျှောက်လှမ်းကြရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယင်းတွေ့ဆုံပွဲတွင် စတင်ဆွေးနွေးခဲ့သည်။
ထို့နောက်တွင် ရှစ်နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံးတောင်ကိုရီးယားသမ္မတဂျေးမြောင်က အလွန်အမင်းမရေရာမှုများသောခေတ်တွင် မိမိတို့နှစ်နိုင်ငံသည် အပြန်အလှန် ကူးသန်းဆက်ဆံရေး ကောင်း မွန်မှုနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် အကောင်းဆုံး မိတ်ဖက်များဖြစ်နိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
သို့သော် အိန္ဒိယနှင့် တောင်ကိုရီးယားတို့ကြား  ကြီးမားသည့် ဆွေးနွေးမှုများရှိနေသော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်မှုရှိနေသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယနှင့် ကိုရီးယားတို့အကြား စုစုပေါင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၈၉ ဘီလီယံ ရှိပြီး ၂၀၃၀ ပြည့်နှစ်အတွက် သတ်မှတ်ထားသည့် ရည်မှန်းချက်၏ ထက်ဝက်ကျော် ရှိနေသည်။
အိန္ဒိယနှင့်   တောင်ကိုရီးယားတို့  နှစ်နိုင်ငံစလုံးသည် အပြောင်းအလဲ၊ ကမောက်ကမ ဖြစ်လွန်းသည့် အမေရိကန်ဈေးကွက်မှနေ၍ ဖယ်ခွာမှုကို လုပ်ဆောင်ရန်နှင့် တခြားရင်းမြစ်ရှာဖွေမှုကို ပြုလုပ်ကြရန် ဆွေးနွေးမှုတစ်ရပ်ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ ကိုရီးယားနိုင်ငံသည် အိန္ဒိယအတွက် အလွန်သင့်တော်သည့် စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး EV ၊ အီလက်ထရွန်နစ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်AI တို့တွင် အဆင့်မြင့်နည်းပညာများကို ပေးဆောင်ထားသည်။ 
သင်္ဘောတည်ဆောက်ရေးနှင့် မော်တော်ကားသံမဏိများသည် အိန္ဒိယအတွက် နောက်ထပ်စိတ်ဝင်စားစရာ နယ်ပယ်များဖြစ်သည်။ သို့သော် စီးပွားရေးကျွမ်းကျင်သူများက အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရှာဖွေနေသည့်တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ နှောင့်နှေးမှုများက အဓိကအဟန့်အတားတစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုထားကြသည်။
၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ အထိ နှစ်ဆနီးပါး တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း လက်တွေ့ကျသော စိန်ခေါ်မှုများကိုမူ အလွှဲမရှောင် ရင်ဆိုင်ကြရမည်ကိုလည်း နှစ်နိုင်ငံစလုံးက တွေးဆထားကြပြီး ဖြစ်သည်။
အကြီးမားဆုံး စိုးရိမ်မှုမှာ မူဝါဒ မခန့်မှန်းနိုင်ခြင်းဖြစ်သည် ဟု Verisk Maplecroft မှ အာရှသုတေသနဌာန အကြီးအကဲ Reema Bhattacharya က  ပြောကြားခဲ့ပြီး မြေယာဝယ်ယူမှု၊ အခြေခံအဆောက်အအုံနှောင့်နှေးမှုများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ရှုပ်ထွေးမှုများသည် အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော ကိုရီးယားကုမ္ပဏီများအတွက် လက်တွေ့ကျသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာစိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ် ၂၀ နီးပါးက အိန္ဒိယနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့သော ကိုရီးယားနိုင်ငံမှ သံမဏိကုမ္ပဏီကြီး POSCO ၏ ဖြစ်ရပ်ကို ချန်ထား၍ မရပေ။ ဤစီမံကိန်းသည် နှောင့်နှေးမှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ရိုက်တာသတင်းဌာန၏ ရေးသားဖော်ပြချက်များအရ POSCO  သည် မြေယာရယူရာတွင် အခက်အခဲများကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်က ရပ်ဆိုင်းခဲ့ရသည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကိုရီးယားကုမ္ပဏီ POSCO  သည် တစ်နှစ်လျှင် တန်ချိန်ခြောက်သန်း ထုတ်လုပ်နိုင်သည့်သံမဏိစက်ရုံတစ်ရုံ တည်ထောင်ခြင်းဖြင့် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် ၎င်း၏ အစီအစဉ်များကို ပြန်လည်သက်တမ်းတိုးခဲ့ပြီး ယခုတစ်ကြိမ်တွင် အိန္ဒိယ၏JSW Steel နှင့် ဖက်စပ်လုပ်ငန်းတစ်ခု လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် နှစ်နှစ်ကြာစီမံကိန်း ရေးဆွဲပြီးနောက် ယင်းစီမံကိန်းကို လာမည့် ၂၀၃၁ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ခန့်မှန်းထားသည်။
တစ်ချိန်တည်းမှာပင် သင်္ဘောတည်ဆောက်ရေးတွင် တိုးတက်မှု နှေးကွေးခဲ့သည်။ HD Korea Shipbuilding & Offshore Engineering  သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယအစိုးရပိုင်ကုမ္ပဏီ Cochin Shipyard နှင့်အတူ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများကို စူးစမ်းလေ့လာရန်အစီအစဉ်များကို ကြေညာခဲ့သည်။
ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ သို့မဟုတ် ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်ခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးမှ တရားဝင် ကတိကဝတ် မရှိသေးပေ။ သင်္ဘောတည်ဆောက်ခြင်းသည် မိုဒီအစိုးရ၏ အစောပိုင်းကာလများကတည်းက "မောင်း နှင်အား" တစ်ခုဖြစ်ပြီး ယခုအခါ  အလားအလာကောင်းအချို့ ပြသနေသော်လည်း လျှောက်ရမည့်လမ်းက ရှည်လျားနေသေးကြောင်း သုံးသပ်နေကြပြန်သည်။
တောင်ကိုရီးယားနိုင်ငံ၏   စီးပွားရေးလုပ်ငန်းများသည် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အိန္ဒိယတွင်ထင်ရှားခဲ့ပြီး မော်တော်ကားများတွင် Hyundai India စားသုံးသူ ကုန်ပစ္စည်းများတွင် LG Electronics နှင့် အီလက်ထရွန်နစ်ပစ္စည်းများတွင်Samsung  ကဲ့သို့သော ကုန်ပစ္စည်းများက  အဓိကအခန်းကဏ္ဍမှ ပါဝင်လွှမ်းမိုးထားသည်။ 
သို့သော် အိန္ဒိယမှထုတ်ပြန်ထားသည့် အချက်အလက်များအရ တောင်ကိုရီးယားသည် အိန္ဒိယတွင် စုစုပေါင်း FDI ရင်းနှီး မြှုပ်နှံသူ အဆင့်(၁၃) နေရာတွင် ရပ်တည်နေပြီး ၂၀ဝ၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအထိ စုစုပေါင်း စီးဆင်းမှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၉ ဘီလီယံသာ ရှိသည်။
ယင်းကို နှိုင်းယှဉ်ကြည့်လျှင် စင်ကာပူသည် စုစုပေါင်းFDI စီးဆင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၈၉ ဘီလီယံဖြင့် ဒုတိယနေရာတွင်ရှိနေပြီး အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၆၅ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။
Teneo မှ   တောင်အာရှအကြံပေး Arpit Chaturvedi က ကြီးမားသော မဟာဗျူဟာမြောက် အကျိုးစီးပွား ရှိနေသော်လည်း အိန္ဒိယရှိ ကိုရီးယား M&A သည် မကြာသေးမီ  နှစ်များ အတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀ဝ မှ ၃၀ဝ ခန့်ဖြင့် ရှိသည်ကို ထောက်ပြထားသည်။ 
တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကိုရီးယား ကုမ္ပဏီများသည် အိန္ဒိယရှိ ၎င်းတို့၏ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု များ၏ အစိတ်အပိုင်းအချို့ကို အောင်မြင်စွာ ပြန်လည်ပို့ဆောင်နိုင် ခဲ့သည်ကို တွေ့ကြရမည်ဖြစ်သည်။Hyundai India သည် ၂၀၂၄ ခုနှစ်တွင် IPO မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာများကို ရောင်းချခဲ့ပြီး LG Electronics ၏ စာရင်းဝင်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကို ရရှိခဲ့သည်။ 
နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် ဧပြီ ၂၀ ရက်က တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေးမြောင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ အန္ဒိယနိုင်ငံ နယူးဒေလီတွင် တွေ့ဆုံမှုက ၎င်းတို့ နှစ်နိုင်ငံအကြား သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ဖြစ်လာနိုင်ပြီး အိန္ဒိယနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံသူများ၏ ရှယ်ယာများ ရောင်းချနိုင်စေမည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်သည်။

Source; CNBC

နိုင်နေသစ် (Eco)