Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Tue, 06/02/2026 - 15:11 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၂ )သို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ One Stop Service ( OSS)  အဖွဲ့များအား တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျ စိစစ်ရန်၊ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်း ဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများ မရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်း ဆန်များ သိုလှောင်ထားရှိမှုနှင့်  တင်ပို့မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ရောက် ရှိပြီး OSS အဖွဲ့ဖြင့် ဆိပ်ကမ်း၌  ကုန်တင်ကုန်ချ ဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မဖြစ်စေရေး၊ တားမြစ်ကုန်၊  ကန့်သတ်ကုန်များမပါရှိစေရေး သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်  မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် တာချီလိတ်မြို့ Lord Eagle Hotel ရှိ အစည်းအဝေးခန်းမတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ နှင့် OSSအဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း MSME များ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်၊တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိ ကင်းရှင်းစွာ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)သို့ ရောက်ရှိပြီး ပို့ကုန်၊ သွင်းကုန် ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုတို့အား ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

MOC(IR)