Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်း ၁/၂ဝ၂၆ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Tue, 06/02/2026 - 15:22 -- journal_editor

မန္တလေးမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည်  မေ ၁၆ ရက်  နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့  တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနသည်  ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်  ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေး၊ မူပိုင်ခွင့် အကာအကွယ်ပေးရေး၊  ပြည်ပကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းတာဝန်များကို အဓိကတာဝန်ယူ ဆောင်ရွက်နေပါကြောင်း၊ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ အချိန်မီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အဂတိကင်းစွာဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များ၊ သင်တန်းများတက်ရောက်ရန်  ကြိုးစားရမည်ဖြစ် ကြောင်း၊ အလားတူ မိမိတို့၏ မိသားစုပညာ‌ရေးကို လည်း မပျက်မကွက် မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၇ ရက်  နံနက် ၁ဝ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)၊ အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်း ၁/၂ဝ၂၆ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားရာတွင် မိမိနိုင်ငံတွင် ပို့ကုန်အမယ်များစွာရှိပြီး ပြည်ပနိုင်ငံများကလည်း ယင်းကုန်စည်များကို ဝယ်ယူ လိုကြကြောင်း၊ ရသင့်ရထိုက်သည့် ဈေးနှုန်းများလည်း ရရှိကြောင်း၊ အဆိုပါ ကုန်စည်များ ယခုထက် ဈေး ကောင်းရရှိရေးအတွက်  တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်တင်ပို့ရာတွင် နိုင်ငံတကာကုန်သွယ်မှု လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ အသိပညာကို မျှဝေနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးမည့် ကုန်သွယ်မှုဆိုင်ရာ အသိပညာများကို ပို့ကုန်သွင်းကုန်ကိစ္စရပ်များ လက်တွေ့ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာက မည်သည့်ထုတ်ကုန်ပစ္စည်းများအား ကြိုက်နှစ်သက်သည်ကိုစဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပို့ကုန်အမယ်အသစ်များ ရှာဖွေဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ပြီးရှိပြီး ပို့ကုန်အမယ်များ ဈေးကွက်ပျောက်မသွားရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ပို့ကုန်ပစ္စည်းများကိုလည်း တန်ဖိုးမြှင့် ထုတ်လုပ်၍ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ 
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင် တန်းသူ ၆၉ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

 MOC (IR)