Main menu

Background

ဖွံ့ဖြိုးစည်ပင် ခရိုင်မအူပင်

Thu, 06/11/2026 - 15:40 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် အရှေ့ဘက်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့်  နယ်နမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ဖျာပုံခရိုင် အနောက်ဘက်တွင် ပုသိမ်ခရိုင်မြောက်ဘက်တွင် ဟင်္သာတခရိုင်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ 
မအူပင်ခရိုင်သည် မြန်မာနိုင်ငံ၏ အောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ရှိပြီး  စီးပွားရေးအချက်အချာကျသော ခရိုင်တစ်ခုဖြစ် သည်။ မအူပင်ခရိုင်အတွင်းရှိ  ဒေသခံပြည်သူလူထု သည်  စိုက်ပျိုးရေးလုပ်ငန်း၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိ သည်။ မအူပင်ခရိုင်သည် ကုန်းလမ်း၊ ရေကြောင်း လမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သည်။ 
မအူပင်ခရိုင်၏  အဓိကထွက်ကုန်များမှာ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ရာသီကုန်သီးနှံ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်၊ ငါးပိ၊ ငါးခြောက်တို့ဖြစ်ပြီး ရန်ကုန်မြို့သို့ အများဆုံတင်ပို့ရောင်းချသည်။ 
မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးအဓိကထားပြီး ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒေသထွက်ကုန်များစွာရှိပြီး ဆန်၊ စပါးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဈေးကွက်ရရှိရုံသာမက ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှတစ်ဆင့်  ပြည်ပနိုင်ငံများအထိ ဈေးကွက် ရရှိနေသည်။ အသေးစားထုတ်ကုန်လုပ်ငန်းကဏ္ဍအတွက် မအူပင်မြို့နယ်၏ ကျားပဲမုန့်သည် လတ် ဆတ်သန့်ရှင်းပြီး  အရသာ  ကောင်းမွန်သဖြင့် နာမည်ကြီး ထင်ရှားလျက်ရှိသည်။
မအူပင်စက်မှုဇုန် အထည်ချုပ်စက်ရုံတစ်ခုမှ လုပ်သားအင်အား ၁၀ဝ၀ကျော်ဖြင့် ပြည်ပပို့ကုန် အထည်ချုပ်လုပ်ငန်းကြီးကိုလည်း ခံ့ညားထည် ဝါစွာ လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်ကောင်းများလည်း ရရှိထားကြောင်း သိရသည်။ ထို့ပြင် မွေ့ယာ၊  ခေါင်းအုံးစွပ်စက်ရုံ၊ လက်အိတ်စက်ရုံများ လည်းရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ စွာလည်း ဖန်တီးပေးနိုင်သည်။
မအူပင်ခရိုင် ပန်းတနော်မြို့နယ်သည်   မအူပင် ခရိုင်၏ ဒုတိယဂုဏ်ယူဖွယ်ရာ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် မြစ်ငါးတန်မွေးမြူရေးလုပ်ငန်းကို သုံးခွမြစ်မှ ရေများ စနစ်တကျသွယ်ယူပြီး သံငါး မွေးကန်များဖြင့်  ငါးဥဖောက်ခြင်း၊ လအလိုက် မွေးမြူခြင်း၊ အကောင်အရွယ်အစားအလိုက် စနစ်တကျမွေးမြူခြင်း၊ စနစ်ကျသော အစာကျွေးစနစ် ဖြင့် မြစ်ငါးတန်မွေးမြူရေးကို  လုပ်ကိုင်လျက်ရှိသည်။ အအေးခန်း ငါးအသားလွှာစက်ရုံများက ငါးကို အသားအတိုင်းရောင်းချမှုသာမက ထုတ်ပိုးမှုပုံစံသစ်များဖြင့်  နိုင်ငံခြားဈေးကွက်အထိ ထိုး ဖောက်ရောင်းချနေကြောင်း သိရှိရသည်။ 
ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာတွင်လည်း အအေးခန်း ဝက်မွေးမြူးရေးလုပ်ငန်းကို စနစ်တကျမွေးမြူပြီး ရန်ကုန်ဆေးကွက်၊ CITY Mark များနှင့်  ကုန်တိုက်များထိ ဈေးကွက်ရရှိနေသည်။ ထို့ပြင် ပန်းတနော်မြို့နယ်သည် သင်ဖြူးဖျာလုပ်ငန်းကိုလည်း ချန်ထားခဲ့၍မရပါ၊ ပန်းတနော်မြို့နယ် သင်ဖြူးဖျာအမျိုးမျိုး၊ ကြိမ်ကုလားထိုင် အမျိုးမျိုးနှင့်  သင်ဖြင့်ထုတ်လုပ်သော အခြားပစ္စည်းမျိုးစုံကိုလည်း ရန်ကုန်-ပုသိမ် ကားလမ်း ဘေး   ပန်းတနော်မြို့အတွင်း   နေရာများတွင် ရောင်းချလျက်ရှိသည်၊ 
မအူပင်ခရိုင် ညောင်တုန်းမြို့နယ်သည် ရန်ကုန်ဈေးကွက်နှင့် နီးစပ်ပြီး ဆန်စက်ကြီးများက ဈေးကွက်ဝင်ကြိတ်ခွဲနိုင်သော ဆန်စက်များဖြစ်ပြီး ဒေသထွက် စပါးများကို ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ညောင် တုန်းမြို့နှင့် နီးစပ်သောဒေသမှ စပါးများကို ဝယ် ယူပြီး ကြိတ်ခွဲထုတ်လုပ်၍ ပြည်တွင်းအတွက် ဈေး ကွက်ရ ဆန်အိတ်များ တင်ပို့ရောင်းချနေမှုမှာ ဆန် စပါး လောကအတွက် အလားအလာကောင်းမွန်မှု ရှိကြောင်း သိရှိရသည်။ 
ထို့အပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖြစ်သော ဇီးတော်ဖီ၊ ညောင်တုန်းငှက်ပျောကြော် နှင့် နို့၊ ဒိန်ချဉ် စသော အသေးစားလုပ်ငန်းများမှာလည်း ပြည်တွင်းခရီးသွားများအတွက် ကြိုက်နှစ်သက်စွာ စားသုံးရုံသာမက  လက်ဆောင်အဖြစ် ဝယ်ယူကြသဖြင့်အသေးစား ကုန်ထုတ်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရှိရသည်။ 
မအူပင်ခရိုင်ဓနုဖြူမြို့နယ်တွင် ဂုဏ်ယူစရာ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းကြီး တစ်ခုမှ  လယ်သမားများအတွက် လယ်ယာသုံး ပစ္စည်းများထုတ်ပေးခြင်း၊ စပါးသီးနှံသို့ ကြိုတင် ငွေချေးပေးခြင်းနှင့် သွင်းအားစုများထုတ်ပေးခြင်း အတို့အား အဓိကထားဆောင်ရွက်သဖြင့် ဆန် စပါး ကဏ္ဍဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။ စားသောက်ကုန်လုပ်ငန်းများတွင်  ဓနုဖြူ မရွေး၊ ဓနုဖြူပဲမုန့်၊ ဓနုဖြူအသင့်စား မုန့်ဟင်းခါးအနှစ်ထုတ်များမှာလည်း  ဈေးကွက်အောင်မြင် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မအူပင်ခရိုင်သည် ဆန်စပါး ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေချိုငါးဖမ်းဆီး ထုတ်လုပ်ရရှိမှုနှင့် ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရုံသာမက အခြေခံကုန်ထုတ်လုပ် မှုများ ဖွံ့ဖြိုးတိုးတက်မှု ဈေးကွက်ရရှိမှုများသည် ဖွံ့ဖြိုးစည်ပင် ခရိုင်မအူပင်ဟူ၍ တင်စားခေါ်ဝေါ် သင့်သော  ခရိုင်တစ်ခုဖြစ်ကြောင်း  မှတ်တမ်းပြု ရေးသားလိုက်ရပါသည်။ 

CONSUMER(MT) စန်းထက်သူ