အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mahardi Tunggul Wicaksonoက နိုင်ငံသည် ပြည်တွင်းထုတ်လျှပ်စစ်ဘတ်စ်ကားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းတွင်ထုတ်လုပ်သည့် အစိတ်အပိုင်းပါဝင်မှု (TKDN) သတ်မှတ်ချက်များ တိုးမြှင့်ခြင်းနှင့် ဘက်ထရီသုံး အများပြည်သူသယ်ယူ ပို့ဆောင်ရေးကို ပိုမိုအသုံးပြုလာစေရန် ကြိုးပမ်းနေကြောင်း မေ ၂၀ ရက် တွင် ပြောကြားခဲ့သည်။
Wicaksono က အင်ဒိုနီးရှား၏ မော်တော်ယာဉ်စက်မှုလုပ်ငန်းသည် လျှပ်စစ်ဘတ်စ်ကားများနှင့် ကုန်တင်ယာဉ်များအပါအဝင် ဘက်ထရီသုံး လျှပ်စစ်ယာဉ်များ ထုတ်လုပ်ရေးကို ပံ့ပိုးနိုင်ရန်အသင့်ဖြစ်နေကြောင်း၊ လက်ရှိတွင် အင်ဒိုနီးရှား၌ ပြည်တွင်းထုတ်လုပ်သူကိုးဦးက လျှပ်စစ်ဘတ်စ်ကားများနှင့် ကုန်တင်ယာဉ်များထုတ်လုပ်နေပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် အထူးသုံးယာဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိနေကြောင်းနှင့် ပြည်တွင်းထုတ် လျှပ်စစ် ဘတ်စ်ကားအချို့သည် ယာဉ်ကိုယ်ထည် ထုတ်လုပ်မှုအပိုင်း အပါအဝင် ပြည်တွင်းအစိတ်အပိုင်း ပါဝင်မှု (TKDN)၄၀ ရာခိုင်နှုန်းကျော် ရရှိထားကြောင်း ဂျကာတာတွင် ကျင်းပသည့်INAPA 2026 ESihf Busworld Southeast Asia 2026 ပြပွဲများတွင် ပြောကြားခဲ့သည်။
ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၏ လျှပ်စစ်ယာဉ်စက်မှုလုပ်ငန်းတွင် ပြည်တွင်းပါဝင်မှု ပိုမိုတိုးမြှင့်နိုင်ရန်TKDNအဓိကအစိတ်အပိုင်း များနှင့် သက်ဆိုင်သည့် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။
Wicaksono ၏ ပြောကြားချက်အရ ၎င်းပြင်ဆင်ချက်များသည် မော်တော်ယာဉ်စက်မှုကဏ္ဍတစ်လျှောက် လက်ရှိ TKDN သတ်မှတ်ချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် အားကောင်းစေမည်ဖြစ်ကြောင်းသိရသည်။ အစိုးရသည် ပြည်တွင်းထုတ်လုပ်မှုကို ပံ့ပိုးပေးရန်နှင့် အင်ဒိုနီးရှား၏ သန့်စင်သောစွမ်းအင်ကူးပြောင်းရေးကို အရှိန်မြှင့်တင်ရန် TKDN အခြေပြုလျှပ်စစ်ယာဉ် အားပေးအစီအစဉ်များကို ဆက်လက်ပေးအပ်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
အင်ဒိုနီးရှား၏ အမျိုးသားလျှပ်စစ်ယာဉ်ဖွံ့ဖြိုးရေး လမ်းပြမြေပုံအရ ပြည်တွင်းထုတ်လျှပ်စစ်ယာဉ်များအတွက် အနည်းဆုံး TKDN သတ်မှတ်ချက်ကို ၂၀၂၆ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
ဒေသဆိုင်ရာ အစိုးရအချို့ကလည်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေးယာဉ်များကို လျှပ်စစ်ဘတ်စကားများသို့ တဖြည်းဖြည်း ပြောင်းလဲအသုံးပြုလာနေပြီး ၎င်းသည် သယ်ယူပို့ဆောင်ရေး လျှပ်စစ်စွမ်းအင်ပြောင်းလဲရေးအတွက် ပိုမိုကျယ်ပြန့်သော ထောက်ခံမှုကို ပြသနေကြောင်းသိရသည်။ Wicaksono က ထိုကူးပြောင်းမှုသည် နိုင်ငံတစ်ဝန်း ပတ်ဝန်းကျင်နှင့် ပိုမိုလိုက်ဖက်ပြီး ထိရောက်သော သယ်ယူပို့ ဆောင်ရေးစနစ် တည်ဆောက်နိုင်ရန် အထောက်အကူပြုမည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အင်ဒိုနီးရှား၏ မော်တော်ယာဉ်စက်မှုလုပ်ငန်းတွင် လေးဘီးယာဉ်ထုတ်လုပ်သူ ၄၁ ဦးရှိပြီး နှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ ယာဉ် အစီးရေ ၂ ဒသမ ၅ သန်းအထိရှိကြောင်း သိရသည်။ ၎င်းက ရူပီး ၁၆၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ ခန့်) ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်ထားပြီး တိုက်ရိုက်အလုပ်အကိုင် ၆၉၀ဝ၀ ကျော် ဖန်တီးပေးထားကြောင်း Wicaksono က ထပ်လောင်းပြောကြားခဲ့သည်။
Antara News
မြသူ DOCA (ရန်ကုန်)
