နိုင်ငံတကာကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် ကုန်သွယ်ရေး ဘာသာစကား (Trade Terms) များကို နားလည်ရန်လိုအပ်မည်ဖြစ်သည်။ ကုန်သွယ်ရေး ဘာသာစကား (Trade Terms) များကို နားလည်မှသာ ကုန်ရောင်းစာချုပ် (Sale Contract) များကို အမှားအယွင်းကင်းစွာ ချုပ်ဆိုနိုင်မည် ဖြစ်သည်။
အချို့သော လုပ်ငန်းရှင်များသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင်Trade Terms များကို သေချာစွာနားမလည်ဘဲ စာချုပ် ချုပ်ဆိုမိခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုကုန်ကျခြင်းများ၊ လမ်းခရီးတွင် ကုန်စည်ပျက်စီးပါက နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့ခံစားရခြင်းများ ဖြစ်ပေါ်တတ်သည်။
ထို့ကြောင့် ကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်း (ICC))က သတ်မှတ်ထားသည့် Incoterms (International Commercial Terms)ဟုခေါ်သည့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကို သိရှိလေ့လာ မှတ်သားရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာ ကုန်ရောင်း၊ ကုန်ဝယ်များအတွက် စာချုပ်များချုပ်ဆိုသည့်အခါ မည်သည့် Incoterms မျိုးနှင့် ကုန်သွယ်မှု လုပ်မည်ဆိုသည်ကို ထည့်သွင်းချုပ်ဆိုရသည်။ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သည့် Incoterms များက (၁) Costs(ကုန်ကျစရိတ်)- သင်္ဘောခ၊ အာမခံကြေး၊ အကောက်ခွန်ခများကို မည်သူကစိုက်ထုတ်ရမလဲ၊ (၂)Risks (စွန့်စားရမှု) - လမ်းခရီးတွင် ကုန်ပစ္စည်းပျက်စီး၊ ပျောက်ဆုံးပါက မည်သူကတာဝန်ယူရမလဲနှင့် Obligations (တာဝန်ဝတ္တရား)- အကောက်ခွန်ရှင်းလင်းရေး (Customs Cleara-nce) နှင့် စာရွက်စာတမ်းများကို မည်သူက လုပ်ဆောင်ရမလဲဟူသည့် အချက်သုံးချက်ကို တိတိကျကျ တာဝန်ခွဲဝေသတ်မှတ်ပေးသည်။
International Commercial Terms-2020 ၏ အခန်းကဏ္ဍများ။
အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်း(ICC)က နောက် ဆုံးသတ်မှတ်ထားသည့် Incoterms (International Commercial Terms- 2020)တွင် ရှင်းလင်းထားချက်အရ ရောင်းသူ၊ ဝယ်သူနှင့် ပတ်သက်သည့်ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကို အကျဉ်းဖော်ပြလိုပါသည်။
Incoterms နှင့်ပတ်သက်ပြီး အုပ်စုနှစ်စုရှိသည်။ ပထမအုပ်စုမှာ မည်သည့်သယ်ယူပို့ဆောင် ရေးစနစ်အတွက်မဆို အသုံးပြုနိုင်သောTerms များ(ဥပမာ- သင်္ဘော၊ လေယာဉ်၊ ကုန်ကား၊ ရထား မည်သည့်လမ်းဖြင့် ပို့သည်ဖြစ်စေ သုံး၍ရသည့် ခုနစ်မျိုးဖြစ်သည်။ ဒုတိယအုပ်စုမှာ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သာသုံးသောTerms များ(ဥပမာ-သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်သည့် အခါ (ဆိပ်ကမ်းတစ်ခုမှ တစ်ခုသို့)သာ သုံးစွဲရမည့်လေးမျိုးဖြစ်သည်။
(၁) XW (Ex Works) – စက်ရုံအရောက်ဈေး။
ရောင်းသူတာဝန် - မိမိစက်ရုံ သို့မဟုတ် ဂိုဒေါင်ထဲ၌ ကုန်ပစ္စည်းကို အဆင်သင့်ပြင်ပေးထား ရုံပင်ဖြစ်ပြီး တာဝန်အနည်းဆုံးဖြစ်သည်။
ဝယ်သူတာဝန် - ရောင်းသူ၏ ဂိုဒေါင်မှ ပစ္စည်းကို ကားပေါ်တင်သည်ကစပြီး ပို့ကုန်လိုင်စင်လျှောက်ခြင်း၊ သယ်ယူပို့ဆောင်ခနှင့် အကောက်ခွန်အစရှိသည့် လမ်းခရီးတစ်လျှောက် အန္တရာယ်(Risks)နှင့် စရိတ်(Costs) အားလုံးကို ဝယ်သူကသာ အစအဆုံးတာဝန်ယူရ သည်။
(၂)FCA (Free Carrier) - ကုန်တင်ဆောင်သူထံ အရောက် ပေးအပ်ခြင်း။
ရောင်းသူတာဝန်- မိမိနိုင်ငံရှိ ဆိပ်ကမ်း သို့မဟုတ် ဝယ်သူသတ်မှတ်ထားသည့် နေရာတစ်ခုခု (ဥပမာ- ကုန်လှောင်ရုံ) အရောက်ကို ပို့ကုန်ရှင်းလင်းရေး(Export Clearance) လုပ်ပြီး ပို့ပေးရသည်။
ဝယ်သူတာဝန်- ယင်းသတ်မှတ်နေရာမှစပြီး နိုင်ငံတကာ သယ်ယူပို့ဆောင်ခ (Main Carriage)နှင့် မိမိနိုင်ငံထဲ သယ်ယူမည့် စရိတ်အားလုံးကို တာဝန်ယူရသည်။
(၃) CPT (Carriage Paid To) - သယ်ယူပို့ဆောင်ခ ပေးချေပြီးဈေး။
ရောင်းသူတာဝန်- ဝယ်သူသတ်မှတ်ထား သည့် ပန်းတိုင်(Destination) ရောက်သည်အထိ သယ်ယူပို့ဆောင်ခ(Freight) ကို ရောင်းသူက စိုက်ထုတ်ပေးရသည်။
ဝယ်သူတာဝန်- ရောင်းသူက ပထမဆုံး ကုန်တင်ဆောင်သူ(First Carrier) လက်ထဲပစ္စည်းအပ်လိုက်သည်နှင့် အန္တရာယ်(Risk))က ဝယ်သူထံ ပြောင်းသွားသည်။ ဆိုလိုသည်မှာ လမ်းခရီးတွင် ပျောက်ပျက်ပါက စရိတ်ကို ရောင်းသူက ပေးထားသော်လည်း နစ်နာမှုအန္တရာယ်ကို ဝယ်သူကခံရမည်ဖြစ်သည်။
(၄) CIP (Carriage and Insurance Paid To)- သယ်ယူပို့ဆောင်ခနှင့် အာမခံကြေး ပေးချေပြီး ဈေး။
ရောင်းသူတာဝန်- CPTအတိုင်း ပန်းတိုင် အထိ သယ်ယူခ ပေးရမည့်အပြင် ကုန်ပစ္စည်း အတွက် အာမခံ (ှုညျကမညေခန) ပါ ရောင်းသူက ဝယ် ပေးရသည်။
ဝယ်သူတာဝန်- သတ်မှတ်နေရာရောက်ပြီး နောက်ပိုင်း ကုန်ချခနှင့် ကျန်ရှိသော စရိတ်များကို တာဝန်ယူရသည်။
(၅)DAP (Delivered at Place) - သတ်မှတ်နေရာ အရောက် ပေးအပ်ခြင်း။
ရောင်းသူတာဝန် - ဝယ်သူနိုင်ငံရှိ သတ် မှတ်ထားသည့်နေရာ (ဥပမာ- ဝယ်သူ၏စက်ရုံ ဝင်း) အထိရောက်အောင် ရောင်းသူကစရိတ်နှင့် အန္တရာယ်အားလုံး တာဝန်ယူပြီး ပို့ပေးရသည်။
ဝယ်သူတာဝန်- ယင်းနေရာရောက်ပါက ကားပေါ်/သင်္ဘောပေါ်မှ ကုန်ချခ (Unloading) နှင့် သွင်းကုန်အကောက်ခွန် Import Clearance ကို ဝယ်သူက လုပ်ဆောင်ရသည်။
(၆)DPU (Delivered at Place Unloaded) - သတ်မှတ်နေရာတွင် ကုန်ချပြီးမှ ပေးအပ်ခြင်း။
Incoterms 2020 ၏ သတ်မှတ်ချက်အရDAT (Delivered at Terminal) ဆိုသည့် အသုံးကို နာမည်ပြောင်းပြီး ပိုမိုကျယ်ပြန့်အောင် လုပ်ထားခြင်းဖြစ်သည်။
ရောင်းသူတာဝန်-DAPနှင့် တူသော်လည်း ထူးခြားသည်က သတ်မှတ်နေရာ ရောက်သည့်အခါ ကုန်တင်ယာဉ်ပေါ်မှ ကုန်ပစ္စည်းများကို အောက်ရောက်အောင် ကုန်ချ (Unload) ပေးသည်အထိ ရောင်းသူကစရိတ်နှင့်အန္တရာယ်အားလုံး တာဝန်ယူရသည်။
ဝယ်သူတာဝန်- သွင်းကုန် အကောက်ခွန် ရှင်းလင်းခြင်းImport Customs ကိုသာ တာဝန်ယူရသည်။
(၇)DDP (Delivered Duty Paid) - သွင်းကုန်ခွန် ပေးချေပြီး အရောက်ပို့စနစ်။
ရောင်းသူတာဝန်- ရောင်းသူအတွက် တာဝန်အကြီးဆုံးTerm ဖြစ်သည်။ ဝယ်သူနိုင်ငံထဲက သတ်မှတ်နေရာအထိရောက်ရန် လမ်းခရီးစရိတ်၊ အန္တရာယ်သာမက သွင်းကုန်အကောက်ခွန်နှင့် အခွန်အခများ (Import Duties & Taxes) ကိုပါ ရောင်းသူက အကုန်စိုက်ထုတ်ပေးရသည်။
ဝယ်သူတာဝန်- ရောက်လာသည့် ပစ္စည်းကို ကားပေါ်မှ လွှဲပြောင်းယူရုံပင်ဖြစ်သည်။
ဒုတိယအုပ်စုဖြစ်သည့် ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအတွက် သာသုံးသောTerms များ (ဥပမာ-သင်္ဘောနှင့် ကုန်စည်ပို့ဆောင်သည့်အခါ (ဆိပ်ကမ်းတစ်ခုမှ တစ်ခုသို့)သာ သုံးစွဲရမည့် လေးမျိုးကို ဖော်ပြပေးလိုက်ပါသည်။
(၁) (Free Alongside Ship) ) - သင်္ဘောနံဘေး အရောက်ဈေး။
ရောင်းသူတာဝန်- ဝယ်သူသတ်မှတ်ထား သည့် ဆိပ်ကမ်းက သင်္ဘော၏နံဘေး (ဆိပ်ခံ တံတားပေါ် သို့မဟုတ် တွဲဖက်လှေပေါ်) အထိ စ္စည်းရောက်အောင် ပို့ပေးရသည်။
ဝယ်သူတာဝန်- သင်္ဘောပေါ်သို့ ကုန်ပစ္စည်း ကရိန်းဖြင့် မတင်မည့်စရိတ် (Loading) မှစ၍ ကျန်ရှိသော လမ်းခရီးစရိတ်နှင့် အန္တရာယ် (Risk)အားလုံးကို ဝယ်သူက တာဝန်ယူရသည်။
(၂)FOB (Free on Board) - သင်္ဘောတင်ပြီးဈေး။
ရောင်းသူတာဝန်- ကုန်ပစ္စည်းကို သတ် မှတ်ဆိပ်ကမ်းရှိ ဝယ်သူ၏ သင်္ဘောပေါ်ကို အပြီး အပိုင် တင်ပေးရသည်။ သင်္ဘောကုန်းပတ်ပေါ် ရောက်သွားမှ ရောင်းသူ၏ တာဝန်ပြီးဆုံးသည်။
ဝယ်သူတာဝန်- သင်္ဘောခ(Loading))၊ လမ်းခရီးအာမခံနှင့် မိမိနိုင်ငံ ဆိပ်ကမ်းရောက်လျှင် ပေးရမည့် စရိတ်အားလုံးကို တာဝန် ယူရသည်။
(၃) CFR (Cost and Freight)- ကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ခပါပြီးဈေး။
ရောင်းသူတာဝန်- ဝယ်သူ၏ နိုင်ငံဆိပ်ကမ်း (Destination Port) ရောက်သည်အထိ သင်္ဘောခ(Freight) ကို ရောင်းသူက ပေးချေရသည်။
ဝယ်သူတာဝန်- အန္တရာယ်(Risk) က ပစ္စည်းကို ပို့ဆောင်မည့်ဆိပ်ကမ်းတွင် သင်္ဘောပေါ်တင်လိုက်ကတည်းက ဝယ်သူထံရောက်သွားခြင်းကြောင့် လမ်းခရီးတွင် သင်္ဘောနစ်ပါက ဝယ်သူကသာ ဆုံးရှုံးမှုခံရမည်ဖြစ်သည်။ (ထို့ကြောင့် ဝယ်သူက အာမခံကိုယ်တိုင် ဝင်ဝယ်ရသည်)
(၄) CIF (Cost, Insurance and Freight) ကုန်ကျစရိတ်၊ အာမခံနှင့် သယ်ယူခပါပြီးဈေး။
ရောင်းသူတာဝန်- CFR အတိုင်း ဝယ်သူ၏ ဆိပ်ကမ်းအထိ သင်္ဘောခပေးရမည့်အပြင် လမ်းခရီးအတွက် ကုန်စည်အာမခံ(Insurance) ကိုပါ ရောင်းသူက ဝယ်ပေးရသည်။ (ဤနေရာတွင် အနည်းဆုံး အဆင့်ဖြစ်သည့်Institute Cargo Clauses -C ဝယ်ပေးပါက လုံလောက်သည်)။
ဝယ်သူတာဝန်- ဝယ်သူ၏ နိုင်ငံဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ပြီးနောက်ပိုင်း ကုန်ချခ၊ အကောက်ခွန်နှင့် ပြည်တွင်းသယ်ယူခများကို တာဝန်ယူရသည်။
ထိုTerms များကို လေ့လာမှုအရ EXW (Ex Works) စက်ရုံအရောက်ဈေးမှာ ရောင်းသူ အတွက် အသက်သာဆုံးဖြစ်ပြီးDDP (Delivered Duty Paid) သွင်းကုန်ခွန်ပေးချေပြီး အရောက်ပို့စနစ်မှာ ဝယ်သူအတွက် အသက်သာဆုံးဖြစ်နေ သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ ကုန်သွယ်မှုတွင် ကျင့်သုံးနေသည့်Incoterms စနစ်များနှင့် အကျိုးကျေးဇူးများ။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစနစ်မှာ ပင်လယ်ရေကြောင်း (Oversea Trade) တွင် ပို့ကုန် အတွက် FOB စနစ်/သွင်းကုန်အတွက် CIF စနစ်ကိုသုံးပြီး နယ်စပ်ကုန်သွယ်မှု (Border Trade) အတွက် ပို့ကုန်နှင့် သွင်းကုန် နှစ်ခုလုံးအတွက် ီDAP (Delivered at Place) စနစ်ကို အဓိကအသုံး ပြုနေကြသည်ကို တွေ့ရသည်။ အသုံးပြုခိုင်းရသည့် အကြောင်းရင်းမှာ ကုန်သွယ်မှုလုံခြုံစိတ်ချရမှု၊ နိုင်ငံခြားငွေယိုစီးမှုထိန်းချုပ်မှုနှင့် လမ်းကြောင်းပထဝီဝင် အခြေအနေများအပေါ် အခြေခံထားခြင်းကြောင့် ဖြစ်သည်။
ပင်လယ်ရေကြောင်း (Oversea Trade) တွင် ပို့ကုန်အတွက် FOB စနစ်အသုံးပြုခြင်းဖြင့် မြန်မာ ပို့ကုန်လုပ်ငန်းရှင်က ကုန်ပစ္စည်းကို ရန်ကုန်ဆိပ်ကမ်း၌ သင်္ဘောပေါ်တင်ပေးလိုက်သည်နှင့် ၎င်း၏ တာဝန်ပြီးဆုံးပြီး ကုန်ဖိုးငွေ တောင်းခံပိုင်ခွင့် (သို့) ဘဏ်မှ ငွေထုတ်ယူခွင့်ရရှိသည်။ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ခ(Freight)နှင့် အာမခံ ကြေး(Insurance) ကို ပြည်ပဝယ်သူက စိုက်လျော်ရခြင်းကြောင့် မြန်မာနိုင်ငံထဲကို ပို့ကုန်ရငွေ (Export Earnings) အမြန်ဆုံး ဝင်ရောက်လာစေသည်။
၎င်းပြင် မြန်မာပို့ကုန်လုပ်ငန်းရှင်များသည် ကမ္ဘာ့ရေကြောင်းလိုင်းကြီးများနှင့် ကုန်စည်သယ်ယူခ(Freight Rate) ညှိနှိုင်းရာတွင် အားနည်းချက်ရှိနိုင်ခြင်းကြောင့် ပြည်ပဝယ်သူကသာ ၎င်းတို့အစီအစဉ်နှင့် သင်္ဘောငှားရမ်း ခေါ်ယူခြင်းက ပိုမိုဘေးကင်းစေသည်။ သွင်းကုန်အတွက် ပင်လယ်ရေကြောင်း (Oversea Trade) တွင် CIF စနစ်အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံမှ သွင်းကုန်သမားက ပေးချေလိုက်သည့် ငွေပမာဏထဲတွင် "ကုန်ပစ္စည်းဖိုး+သင်္ဘောခ+အာမခံကြေး" အားလုံးတစ်ခါတည်း ပါဝင်ပြီးသားဖြစ်သည်။ အကယ်၍ သွင်းကုန်ကိုFOB နှင့် သွင်းခွင့်ပြုပါက သွင်းကုန်သမား က သင်္ဘောခ (Freight) ကို ပြည်ပသင်္ဘောလိုင် များထံ ဒေါ်လာဖြင့် သီးသန့်ထပ်မံလွှဲပြောင်းပေးရ မည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
Background
