စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd.၊ Kianjoo Can Myanmar Co., Ltd. ၏ အလူမီနီယံ ထုတ်လုပ်သည့်စက်ရုံ၊ Zifan Pyrex Myanmar Co., Ltd ၏ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ BEB Steel Myanmar Co., Ltd.၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိပစ္စည်းများထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ ထုတ်လုပ်ပြီးပစ္စည်းများအား ပြည်တွင်းသို့ လုံလောက် စွာ ဖြန့်ဖြူးပေးနိုင်ရေးအလေးထားဆောင်ရွက်ရန်၊ စက်ရုံများကုန်ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးမြှင့်ရေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်SP Petpack Inter Group Co., Ltd. သို့ရောက်ရှိပြီး စက်ရုံအတွင်း ကော်ပုံးအမျိုးမျိုးထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်ပသို့ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Guston Amava Co.,Ltd. ၏ စက်ရုံအတွင်း အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုပမာဏ တိုးမြှင့်ထုတ်လုပ်သွားကြရန်နှင့် ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့ရန်တို့အား မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် Ball Asia Pacific (Yangon) Metal Container Limited ၏ အလူမီနီယံဘူးခွံ ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် စက်ရုံ တာဝန်ရှိသူမှ ကုန်ထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ ထုတ်ကုန်များအား အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင်Lightion Myanmar Co., Ltd၏ အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်ထုတ်လုပ်ခြင်းစက်ရုံသို့ ရောက်ရှိကာ ရှင်းလင်းဆောင်တွင် စပီကာကွိုင်များ၊ ဆားကစ် ဘုတ်များ ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ One Stop Service Center (OSSC) တွင် တာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။
MOC (IR)
