Main menu

Background

မွန်ပြည်နယ်၌ ကွမ်းသီးနုများ လှိုင်လှိုင်ထွက်ရှိ

Tue, 07/14/2026 - 11:20 -- journal_editor

ယခုနှစ် ဇွန်လကုန် ဇူလိုင်လဆန်းတွင် ကွမ်းသီးနုများ လှိုင်လှိုင်ထွက်ရှိသဖြင့် ကွမ်းသီးနုပေါင်းစက်ရုံများမှာ ရပ်နားထားရာမှ ပြန်လည် လည်ပတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယခင်က ကွမ်းသီးကို အမှည့်၊ အခြောက်များကိုသာ တင်ပို့ရောင်းချရာမှ ယခုအခါ တရုတ်နိုင်ငံ၏ ဈေးကွက်ဝယ်လိုအားအရ ကွမ်းသီးနု (အရည်သောက်များ) များကို ကွမ်းသီးနုပေါင်းစက်ရုံများမှ ခြံအရောက် ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။
ကွမ်းသီးနုပေါင်းစက်ရုံများတွင် ကွမ်းသီးနု (အရည်သောက်)များကို ဆေးကြောသန့်စင်ခြင်း၊ တစ်နာရီခန့်ပြုတ်ခြင်း၊ ပေါင်းဖိုတွင် နာရီ ၁၂၀ ခန့် ပေါင်းခံခြင်း၊ ပေါင်းခံစက်မှ ရရှိလာသော ကွမ်းသီးနုများကိုရွေးချယ်ကာ ပါကင်ထုပ်ပိုးလျက် ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်ရှိ ကွမ်းသီးစက်ရုံများမှ  လိုအပ်သော  ကုန်ကြမ်း ကွမ်းသီးနုများကို မွန်ပြည်နယ်အတွင်းမှ ဝယ်ယူရရှိပြီး ရေးမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးနုများမှာ ဈေးပိုမိုရရှိကြောင်း သိရှိရသည်။  ဇွန်လစတုတ္ထပတ်တွင် ရေးမြို့နယ်မှထွက်ရှိသော ကွမ်းသီးနုအစိမ်း တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ရရှိပြီး မော်လမြိုင်မြို့နယ်မှ ထွက်ရှိသော ကွမ်းသီးနုအစိမ်း တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ-၇၀ဝ၀ ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်တွင် ကွမ်းသီးနုပေါင်းစက်ရုံ ငါးရုံရှိသည်။ တရုတ်နိုင်ငံတွင်  ကွမ်းသီးနုပေါင်းများကို စားသောက်ကုန်အဖြစ် တန်ဖိုးမြှင့်ပြန်လည်ထုတ်လုပ်ကြောင်း သိရှိရသည်။

မိုးမိုး (မွန်)