ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမောင်းနှင်အားကို လေ့လာဆန်းစစ်ရာတွင် အကြီးစားစက်မှု လုပ်ငန်းကြီးများနှင့် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများသည် ထင်ရှားပေါ်လွင်လေ့ရှိသော်လည်း အမှန်တကယ်တွင်မူ ကမ္ဘာ့စီးပွားရေး၏ ကျောရိုးနှင့်အဓိက အသက်သွေးကြောမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSMEs)ပင် ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ(UN General Assembly) ကMSMEလုပ်ငန်းများ၏ ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ(SDGs) အပေါ် ပံ့ပိုးကူညီမှုနှင့် လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်စွမ်းကို အသိအမှတ်ပြုသောအားဖြင့် ဇွန်လ ၂၇ ရက် နေ့ကို ကမ္ဘာ့ MSME (World MSME Day) အဖြစ် ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
ကမ္ဘာ့MSMEနေ့နောက်ခံသမိုင်း ၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် အာဂျင်တီးနား နိုင်ငံ၏ အဆိုပြုချက်နှင့် နိုင်ငံတကာအသေးစားစီးပွားရေးကောင်စီ (ICSB)၏ ထောက်ခံမှုဖြင့် အဆိုပြုချက် (၇၁/၂၇၉) ကို တညီတညွတ်တည်းအတည်ပြုခဲ့ကြသည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ကမ္ဘာ့MSME နေ့ကို စတင်ကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ကောင်းမွန်သောလုပ်ငန်းခွင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (SDG Goal 8)နှင့် ဆန်းသစ်တီထွင်မှု (SDG Goal 9) စသည့် ရည်မှန်းချက် များ အောင်မြင်စေရန်MSME များ၏ အခန်းကဏ္ဍကို ကမ္ဘာက ပိုမို သတိပြုမိစေရန်နှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးနိုင်ရန်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ World MSME Day 2026 နှင့် နိုင်ငံတကာအဖွဲ့အစည်းများ World MSME Day 2026 က သတ်မှတ်ထား သည့် ပင်မကမ္ဘာလုံးဆိုင်ရာဆောင်ပုဒ် (World MSME Day 2026) မှာ အနာဂတ် မျိုးဆက်သစ်လုပ်ငန်းများ (World MSME Day 2026)) ပင်ဖြစ်သည်။
ယခုနှစ်၏ ဆောင်ပုဒ်သည် အထူးသဖြင့် ကမ္ဘာတစ်ဝန်းတွင် အရှိန်အဟုန်ဖြင့်တိုးတက်လာနေသည့် ညဏ်ရည်တု(AI)နည်းပညာ အပြောင်းအလဲများကြားတွင် နည်းပညာအခြေခံ အနာဂတ်မျိုးဆက်သစ်လူငယ်လုပ်ငန်းရှင်များ၊ အမျိုး သမီးများဦးဆောင်သည့်လုပ်ငန်းများ ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်၊ အလုပ်အကိုင်များနှင့်စီးပွားရေးလုပ်ငန်းများတွင်နည်းပညာကို အကျိုးရှိရှိအသုံးချပြီး ရှေ့ဆောင်လမ်းပြနိုင်ရန်အတွက် (Human-Centered Entrepreneurship ) ကို အဓိကတိုက်တွန်းထားခြင်းဖြစ်သည်။
ထို့ပြင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီး (ဥပမာ-UN Global Compact က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ဆီ ရောက်ရန်အတွက် ကမ္ဘာ့MSME နေ့တွင် (Enhancing the role of MSMEs as drivers of Sustainable Growth and Inno-vation) (ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ် မှုဆိုင်ရာ မောင်းနှင်အားများအဖြစ်f MSME များ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း)ဆိုသည့် ဦးတည်ချက်ကိုပါ ပူးတွဲအလေးထားလုပ်ဆောင်နေကြသည်။
MSMEကဏ္ဍ၏ အခန်းကဏ္ဍ
ကုလသမဂ္ဂ (UN) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ ထုတ်ပြန်ချက်များအရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမောင်းနှင်အား၏ အဓိကအသက်သွေးကြောဖြစ်သည်ကို ခိုင်မာသော ကိန်းဂဏန်း အထောက်အထားများနှင့်တကွ တွေ့ရှိရသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် (MSME) လုပ်ငန်းများ ဖြစ်ကြသဖြင့် ယင်းကဏ္ဍသည် စီးပွားရေးလောက၏ အခြေခံအကျဆုံးနှင့် အကျယ်ပြန့်ဆုံးသော ကဏ္ဍဖြစ်သည်မှာ ထင်ရှားလှပေသည်။ ထို့ပြင် MSME များသည် ကမ္ဘာ့လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိကို အလုပ်အကိုင် ဖန်တီးပေးထားသည့်အတွက် အလုပ်လက်မဲ့နှုန်းလျှော့ချရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
စီးပွားရေးကုန်ထုတ်စွမ်းအား ရှုထောင့်မှကြည့်လျှင်လည်း ကမ္ဘာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှု စုစုပေါင်းတန်ဖိုး (Global GDP) ၏ ထက်ဝက်နီးပါး (၅၀ ရာခိုင်နှုန်း) ကို လုပ်ငန်းများက ရှာဖွေ ပံ့ပိုးပေးနေခြင်းဖြစ်သည်။ ယင်းအချိုးအစားသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတွင် ပိုမိုမြင့်မားလေ့ရှိသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မရှိမဖြစ်လိုအပ်သော အင်အားစုလည်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်MSME ကဏ္ဍသည် လူမှုအသိုင်းအဝိုင်းအတွင်းရှိ အမျိုးသမီးများ၊ လူငယ်များနှင့် လူမှုစီးပွားဘဝ ရုန်းကန်နေရသူများအတွက် ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ် ရပ်တည်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်များကို အလွယ်တကူ အကျိုးခံစားခွင့် ရရှိစေသည့် လူထုအခြေပြုကဏ္ဍတစ်ခုဖြစ်သည်။
မျက်မှောက်ခေတ်MSME များ ပိုမိုတိုးတက်အောင်မြင်ရေး အတွက် ဖြည့်ဆည်းပေးရမည့် အလားအလာကောင်းများ (Oppor- tunities for Development) ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင် အားဖြစ်သော MSME လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲပြီး ယခု ထက်ပိုမိုအောင်မြင်လာစေရန် အောက်ပါအချက်များကို အပြုသဘောဆောင်သော ချဉ်းကပ်မှုများဖြင့် ပံ့ပိုးကူညီပေးနိုင်ပါ သည်။
၁။ ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီမှုပိုမိုအားကောင်းလာစေခြင်း ((Enhancing Access to Finance) MSME လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရန်အတွက် ရိုးရာအာမခံပစ္စည်းစနစ်များအပြင် ခေတ်မီဆန်းသစ်သော ခရက်ဒစ်အကဲဖြတ်မှုစနစ်များနှင့် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများ ပေါ်ပေါက်လာနေပြီဖြစ်သည်။ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားဝင်စာရင်းဇယားစနစ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် လုပ်ငန်းချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ပိုမိုရရှိလာနိုင်မည်ဖြစ် ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ငွေကြေးလိုအပ်ချက် လိုငွေပြမှုကိုလည်း ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
၂။ ဒစ်ဂျစ်တယ်ကူးပြောင်းမှုကို မြှင့်တင်ခြင်း (Embracing Digital Transformation) နည်းပညာခေတ်တွင်MSME လုပ်ငန်းများအနေဖြင့် Digital Platform များ၊ Cloud Computing နှင့်E- commerce စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရန် အလား အလာကောင်းများစွာ ရှိနေသည်။ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု သင်တန်းများနှင့် ကနဦးရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးခြင်း ဖြင့် လုပ်ငန်းလည်ပတ်မှုစရိတ် သက်သာစေပြီး ကမ္ဘာ့အဆင့်မီ နည်းပညာအခွင့်အလမ်းများကို အကောင်းဆုံး အသုံးချလာနိုင် မည် ဖြစ်သည်။
၃။ ရာသီဥတုနှင့် ကပ်ရောဂါဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ခြင်း (Building Business Resilience) မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ကပ်ရောဂါ ဆိုးများ၏အန္တရာယ်ကို ခံနိုင်ရည်ရှိစေရန်အတွက် အသေးစား နှင့် အလတ်စား (MSME) လုပ်ငန်းများတွင် အရေးပေါ်အသုံးပြု ရန်ရန်ပုံငွေကို သီးသန့်စုဆောင်းထားရှိရပါမည်။ ထို့ပြင် အကျပ်အတည်းများ ကြုံတွေ့ရချိန်တွင် လုပ်ငန်းကို စနစ်တကျ ထိန်းကျောင်းမောင်းနှင်နိုင်မည့် အရေးပေါ်စီမံခန့်ခွဲမှု အသိပညာ ဗဟုသုတများရှိထားရန်လည်း လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပံ့ပိုးကူညီပေးနေသော စောင့်ရှောက်မှုအစီအစဉ်များနှင့် လုပ်ငန်းအာမခံစနစ်များကိုပါ ရယူအသုံးချခြင်းဖြင့် မိမိတို့၏ လုပ်ငန်းများကို အခက်အခဲများကြားမှ ရေရှည်ခိုင်မာစွာ ဆက်လက်ရပ်တည်နိုင်စွမ်းရှိလာအောင် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
၄။ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ပစ္စည်းပို့ဆောင်ရေးကွန်ရက်ကို ပိုမို ခိုင်မာစေခြင်း။ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ရန် အတွက် အနီးအနားမှ ဈေးကွက်တင်မကဘဲ ပြည်ပဈေးကွက်များအထိ ခြေဆန့်နိုင်ရန်လိုအပ်သည်။ ယခုခေတ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် နိုင်ငံတကာဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ကုန်သွယ်မှုဆိုင်ရာ အသိပညာများကို ယခင်ကထက်ပိုမို လေ့လာဆည်းပူးလာကြသည်။
ထို့ပြင် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို စားသုံးသူထံ သို့ အမြန်ဆုံးနှင့် အလုံခြုံဆုံးရောက်ရှိစေမည့် သယ်ယူပို့ဆောင်ရေး (Logistics) စနစ်ကိုလည်းခေတ်စနစ်နှင့်အညီ ပိုမိုကောင်းမွန်အောင် ပြောင်းလဲလုပ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။ လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီသယ်ယူပို့ဆောင်ရေးကွန်ရက်များနှင့် ချိတ်ဆက်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများကို လေ့လာခြင်းများ ပြုလုပ်ခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်တွင်း/ဒေသတွင်း ဈေးကွက်တင်မကဘဲ ကမ္ဘာ့ဈေးကွက်အထိ ပါ ယုံကြည်မှုဖြင့် ချဲ့ထွင်ရောင်းချလာနိုင်တော့မည် ဖြစ်သည်။
ခေတ်သစ်MSMEများအတွက် မဟာဗျူဟာ (၄) ရပ်
လက်ရှိရင်ဆိုင်နေရသည့် အပြောင်းအလဲများကြားတွင် MSME များ ရေရှည်တည်တံ့သော အနာဂတ်သို့ ဦးတည်နိုင်ရန်အတွက် အောက်ပါ မဟာဗျူဟာမြောက် အကြံပြုချက်များ (Strategic Roadmap)ကို ထိရောက်စွာ အကောင် အထည်ဖော်သင့်သည်။
၁။ စီးပွားရေးလုပ်ငန်းများအတွက် ဆန်းသစ်သောအရင်းအနှီးရှာဖွေမှုပုံစံများ။ ခေတ်သစ်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ်ချေးငွေနှင့် ရှယ်ယာရောင်းချခြင်း နည်းလမ်းများအပြင် ပိုမိုလိုက်လျောညီထွေရှိသော ဆန်းသစ်သည့် အရင်းအနှီးရှာဖွေမှုပုံစံများ ပေါ်ပေါက်လာနေပြီး ၎င်းတို့မှာ လုပ်ငန်း၏လစဉ် ဝင်ငွေပေါ်မူတည်၍ ရှယ်ယာလက်လွှတ်ရန်မလိုဘဲ ပြန်လည်ပေးဆပ်ရသည့် ဝင်ငွေအခြေပြုစနစ် (Revenue-Based Financing) အင်တာနက်မှတစ်ဆင့် လူအများထံမှ ရန်ပုံငွေနှင့် ဈေးကွက်ထောက်ခံမှုကိုတစ်ပြိုင်နက်ရယူသည့် လူထုအခြေပြုစနစ် (Crowdfunding)၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားကို အကျိုးပြုသည့်လုပ်ငန်းများအတွက် သက်သာသောစည်းကမ်းချက်များဖြင့် ရရှိနိုင်သည့် အကျိုးသက်ရောက်မှုအခြေပြုစနစ် (Impact Investing) နှင့် Blockchain နည်းပညာသုံး၍ ပိုင်ဆိုင်မှုများကို ဒီဂျစ်တယ်တိုကင် ပြောင်းလဲကာ ရန်ပုံငွေရှာဖွေသည့် ဒီဂျစ်တယ်တိုကင်စနစ် (Tokenization) တို့ဖြစ်ကြပြီး လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့် ကိုက်ညီမည့်ပုံစံကို ရွေး ချယ်ခြင်းဖြင့် အန္တရာယ်နည်းပါးစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ တိုးချဲ့နိုင်မည်ဖြစ်သည်။
၂။ ဒစ်ဂျစ်တယ်စွမ်းရည် မြှင့်တင်ပေးခြင်း (Digital Trans-formation) ခေတ်နှင့်အညီ တိုးတက်လာစေရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းပြီးMSME များကို ကူညီပံ့ပိုးပေးရန် လိုအပ်သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများတွင် E-commerce အသုံးပြုနည်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်နှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာသင်တန်းများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျပေးအပ်ရန် လိုအပ်သည်။
၃။ စိမ်းလန်းစိုပြည်သော စီးပွားရေးဆီသို့ (Green and Sustainable MSMEs) မျက်မှောက်ခေတ်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်လာသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ကို အကျိုးရှိရှိချွေတာသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်စေမည့် ရေရှည်တည်တံ့သော Green Business ဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းကြရန် လိုအပ် သည်။
၄။ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း (Capacity Building) မည်သည့်စီးပွားရေးလုပ်ငန်းမဆို ရေရှည်တည်တံ့ပြီး အတွင်းပိုင်းခိုင်မာအားကောင်းစေရန်အတွက် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း (Capacity Building) ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ငန်းခွင်အရည်အသွေးတိုးတက်လာစေရန် လုပ်ငန်းစီမံခန့်ခွဲမှု၊ စာရင်းကိုင်ပညာနှင့် ရောင်းကုန်အရည်အသွေး ထိန်းချုပ်မှု (Quality Control) စသည့် အရေးကြီးသော ပညာရပ်များကို အမြဲမပြတ် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လုပ်ငန်းစဉ်များကို စနစ်တကျလည်ပတ်စေနိုင်ပြီး ဈေးကွက်အတွင်း အောင်မြင်စွာရပ်တည်နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သောMSME များ ရေရှည်တည်တံ့ခိုင်မြဲရန်မှာ အထက်ပါလုပ်ငန်းစဉ်များကို အတူတကွပူးပေါင်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ထိုသို့ စနစ်တကျဆောင်ရွက်ခြင်းဖြင့်သာ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော စီးပွားရေးအနာဂတ်ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။ ခြုံငုံသုံးသပ်ရသော် ကမ္ဘာ့ MSME နေ့သည် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်ကို ကမ္ဘာက လေးစားအသိအမှတ်ပြုသည့်နေ့ဖြစ်သည်။MSMEများကို ပံ့ပိုးကူညီခြင်းသည် လူတစ်ဦးချင်းစီ၏ မိသားစုဝင်ငွေကို မြှင့်တင်ပေးရုံသာမက နိုင်ငံတစ်နိုင်ငံမှသည် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုပါ တည်ဆောက်ပေးရာရောက်သည်။
အချုပ်အားဖြင့်ဆိုသော် အသေးစား၊ အငယ်စားနှင့် အလတ်စားMSME လုပ်ငန်းများသည် မြန်မာနိုင်ငံစီးပွားရေး၏ အသက်သွေးကြောနှင့် အခြေခံအုတ်မြစ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့MSME နေ့ကို ဂုဏ်ပြုသောအားဖြင့် မိမိတို့နိုင်ငံအတွင်းရှိ ဒေသတွင်းထုတ်ကုန်များနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို အဘက်ဘက်မှ ဝိုင်းဝန်းလက်တွဲ ပံ့ပိုးကူညီကြရမည်ဖြစ်သည်။ ထိုသို့ကူညီပံ့ပိုးခြင်းဖြင့် ပိုမိုခိုင်မာ၊ တရား မျှတပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ကမ္ဘာ့စီးပွားရေးအနာဂတ်သစ်ကိုဖန်တီးရင်း မြန်မာ့စီးပွားရေးကဏ္ဍသစ်ကိုလည်း အားလုံးအတူတကွ ပုံဖော်ထုဆစ်သွားကြရမည်ဖြစ်သည်။
အိသပြေခင် (DOCA PYAY)
Reference- The World Economy (Wiley)
