မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများပေါ် အခြေခံ၍ ဇွန် ၂၉ ရက်တွင် ကျင်းပခဲ့သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ အဆိုပြုအမြတ်ဝေစုပမာဏကို သာမန်အစုရှယ်ယာတစ်စုလျှင် ကျပ် ၂၀ဝ နှုန်းခွဲဝေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် အွန်လိုင်းအသုံးပြု၍ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်လည်း အစုရှယ်ယာရှင်များအား အဆိုပါအမြတ်ဝေစုပမာဏကို ခွဲဝေပေးမည်ဖြစ်သည်။
မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် အဆိုပါအမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အထိ အရောင်းအဝယ်ပြုလုပ်ထားပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက် (YSX Record Date) နေ့တွင်ရှိသော အစုရှယ်ယာရှင်စာရင်းအရ သတ်မှတ်သွား မည်ဖြစ်သည်။
အမြတ်ဝေစုခွဲဝေပေးမည့်နေ့ကို အစုရှယ်ယာရှင်များ ထံ ဒသမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်း အဝေးကျင်းပပြီးသည့်နောက်တွင် အသိပေးကြေညာသွား မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေး ရှင်းတမ်းများကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုတိုး
