Main menu

Background

တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးတင်ပို့ခွင့်ရရေး လက်မှတ်ရေးထိုးမည်

Tue, 07/14/2026 - 15:02 -- journal_editor

တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) နှင့် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS  Protocol)  လက်မှတ်ရေးထိုးနိုင်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က အသိပေးထုတ်ပြန်ထားသည်။
SPS Protocol  လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှ တစ်ဆင့် အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။
အဆိုပါ ညှိနှိုင်းမှုများကို ဇွန်လ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သည့်"မြန်မာ့သစ်သီးဝလံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) စီးပွားရေးပူးပေါင်းချိတ်ဆက်မှုခရီးစဉ်အတွင်း"  ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသော ထုပ်ပိုးစက်ရုံများ(Packing Houses) တည်ဆောက်ရန် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုများကိုလည်း ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့က သတ်မှတ်ထားသည့် ပိုးမွှားခြောက်မျိုးအား စစ်ဆေးအတည်ပြုပြီးပါက ယခုနှစ် အောက်တိုဘာလအတွင်း မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။
သို့ဖြစ်ရာ ထောပတ်သီးစိုက်ပျိုးသူများအနေဖြင့် GACC ၏ စံချိန် စံညွှန်းများနှင့် ကိုက်ညီစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တိုက်တွန်းထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီချိန်မှာ နှစ်စဉ် နိုဝင်ဘာလမှ ဇန်နဝါရီလအထိဖြစ်ကြောင်း သိရသည်။

ကိုတိုး