Main menu

Background

ကနဦးမှတ်ပုံတင်လုပ်ငန်းများ မပြီးစီးသေးသည့်မော်တော်ယာဉ်များ ယခုနှစ်ကုန် နောက်ဆုံးထား၍မှတ်ပုံတင်ရန် အသိပေး

Tue, 07/14/2026 - 15:06 -- journal_editor

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းရောက်ရှိခဲ့သော်လည်း ကနဦးမှတ်ပုံတင်လုပ်ငန်းများ မပြီးစီးသေးသည့် မော်တော်ယာဉ်များကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
သတ်မှတ်ကာလကျော်လွန်ပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများ၌ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တင်သွင်းခွင့်ပြုချက်ရရှိပြီး အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းရောက်ရှိလာသည့် မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၌ ကနဦးမှတ်ပုံတင်လုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သော်လည်း လက်ရှိတွင်မှတ်ပုံတင်ခြင်းမရှိဘဲ နံပါတ်ပြားအတုများနှင့် အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေသည့် ယာဉ်များကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
ထို့ပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များကိုလည်း ကနဦးမှတ်ပုံတင်လုပ်ငန်းများ မဆောင်ရွက်ဘဲ စီမံကိန်းများနှင့်  လုပ်ငန်းခွင်များတွင် တရားမဝင် အသုံးပြုနေမှုများကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ သတ်မှတ်ထားသည့် ကနဦးမှတ်ပုံတင်လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပထမအဆင့်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင် သွင်းခဲ့သည့် မော်တော်ယာဉ်များကို ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန်ယခင်က သတ်မှတ်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်သည် ဒုတိယအဆင့်အဖြစ် ၂၀၁၅–၂၀၁၇ ခုနှစ်နှင့် ၂၀၂၁–၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် ထပ်မံအသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကိုတိုး