ကမ္ဘာပေါ်ရှိနိုင်ငံများကို ဖွံ့ဖြိုးပြီးနိုင်ငံများအုပ်စု၊ ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအုပ်စု အကြမ်းဖျင်း အားဖြင့် သုံးအုပ်စုဟူ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN) နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က သတ်မှတ်ကြသည်။
ထိုနည်းတူစွာပင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေပေါ် အခြေခံ၍ ဝင်ငွေနိမ့်သောနိုင်ငံများအုပ်စု၊ အသင့်အတင့်ဝင်ငွေ နိမ့် သော နိုင်ငံများအုပ်စု၊ အသင့်အတင့်ဝင်ငွေမြင့်သော နိုင်ငံများအုပ်စု နှင့် ဝင်ငွေမြင့်သော နိုင်ငံများအုပ်စု စသည်ဖြင့် လေးအုပ်စုဟူ၍ ကမ္ဘာ့ဘဏ်( WB) မှ သတ်မှတ်ထုတ်ပြန်ထားသည်။
ဤကဲ့သို့ သတ်မှတ်လိုက်ခြင်းသည် အင်အားကြီးသောနိုင်ငံများ တစ်နည်းအားဖြင့် ဝင်ငွေမြင့်သောနိုင်ငံများက အင်အားနည်းသောနိုင်ငံများ (ဝင်ငွေနိမ့်သော နိုင်ငံများ)သို့ အတိုးနှုန်းနည်းပါးစွာဖြင့် ချေးငွေများချေးခွင့်ပေးခြင်း၊ ဖွံ့ဖြိုးမှုအကူအညီများပေးခြင်းနှင့် ကုန်သွယ်မှုနှင့်ပတ်သက်၍ အထူးသက်သာခွင့်များပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ယေဘုယျအားဖြင့် ခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်။
ဤကဲ့သို့ဝင်ငွေအနည်းအများအလိုက် နိုင်ငံများကိုအုပ်စုများဖြင့် ခွဲဝေသတ်မှတ်ခဲ့သော်လည်း နိုင်ငံတကာကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် လွတ်လပ်ပြီး မျှတသောမူဝါဒကို အခြေခံသော စည်းမျဉ်းတစ်ခုတည်းကို လိုက်နာကျင့်သုံးစေရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြသည်။ ကမ္ဘာကုန်သွယ်ရေးအဖွဲ့သည် နိုင်ငံတကာကုန်သွယ်မှုများအတွက် အဓိကကျောရိုးကြီးဖြစ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း သဘောတူညီချက် (Absolute Consensus) ရယူကာ တန်းတူညီမျှ ကုန်သွယ်ရေး အခွင့်အရေးများ ဖြင့် ကမ္ဘာစီးပွားရေးကို ထိန်းကျောင်းမောင်းနှင်ခဲ့သည်မှာ ဆယ်စုနှစ်သုံးနှစ်ကျော်ထဲကို ဝင်လာပြီဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၆ နိုင်ငံကိုကိုယ်စားပြုသော၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဖွံ့ဖြိုးမှုမတူ၊ ဝင်ငွေမတူ၊ နောက်ခံသမိုင်းကြောင်း မတူသောနိုင်ငံများစွာပါဝင်နေသဖြင့် ကုန်သွယ်မှုဆောင် ရွက်ရန်တွင် မြန်မြန်ဆန်ဆန်နှင့် လက်တွေ့ကျစေရေးအတွက် အသွင်သဏ္ဌာန်တူသော အုပ်စုများစုဝေးနိုင်စေရန်အတွက် လည်းကောင်း၊ ပထဝီနိုင်ငံရေး တူညီသောအုပ်စုများ စုဝေးနိုင်စေရန်အတွက် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများအချင်းချင်း စုဝေးနိုင်စေရန်အတွက်လည်းကောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Multilat-eral Rule ကို သွေဖည်၍ အုပ်စုဖွဲ့ပူးပေါင်းဆောင်ရွက်မှု (Regiona- lism & Economic Cooperation) ကို ခွင့်ပြုပေးထားသည်။ အုပ်စုများအကြား အပြန်အလှန်ကင်းလွတ်ခွင့်/ သက်သာခွင့် Reciprocal Preferences) များဖြင့် ဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်သည်။ ထို့ ကြောင့်လည်း ဒေသတွင်း အုပ်စုများနှင့် နှစ်နိုင်ငံချင်း ဆောင်ရွက်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်သော အုပ်စုများစွာ ပေါ်ပေါက်လာသည်ကို တွေ့ရှိရသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအုပ်စုများ ဖွဲ့စည်းလာမှုနှင့် အားသာချက်များ
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို ဒေသအလိုက်၊ အိမ်နီးချင်းအလိုက်နှင့် စီးပွားရေး နောက်ခံတူချင်းအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အသိပေးအကြောင်းကြား(Notify) ဆောင်ရွက်ကြသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင် နောက်ဆုံးထုတ်ပြန်ချက် စာရင်းဇယားများအရ လက်ရှိကမ္ဘာပေါ်တွင် အမှန်တကယ်အသက်ဝင်နေပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တရားဝင်အကြောင်းကြား စာရင်းသွင်းထားသည့် (Notified) ဒေသတွင်း/နှစ်နိုင်ငံ လွတ်လပ်သည့်ကုန်သွယ်မှုသဘောတူစာချုပ်(FTAs) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စုစုပေါင်း ၃၈၃ ခု ရှိသည်။ လက်မှတ်ရေးထိုးပြီးသော်လည်း အသက်မဝင်သေးသည့် (Signed but not yet in Force) သဘောတူညီချက်များ(ဥပမာ- ဒေသတွင်း နိုင်ငံများကြား ဆွေးနွေးမှုများပြီးဆုံး၍ စာချုပ်ပေါ်တွင် လက်မှတ်ရေး ထိုး ပြီးသွားသည့်တိုင် မိမိတို့နိုင်ငံအလိုက် လွှတ်တော်များတွင် အတည်ပြုရန် (Ratification) လုပ်ဆောင်နေဆဲဖြစ်ခြင်းကြောင့် ကုန်သွယ်မှုအခွင့်အရေးများ တရားဝင်မစတင်ရသေးသည့် သဘောတူညီချက်များက ၃၅ ခုခန့်ရှိပြီး စားပွဲပေါ် အကျေအလည် ဆွေးနွေးဆဲ (Under Negotiation) က ၈၀ ခန့် ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံဒေသတွင်း ကုန်စည်ကုန်သွယ်မှု သဘောတူညီချက်၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်ကြသည့် (တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်) တို့နှင့် ချုပ်ဆိုထားသည့် FTAs များ၊ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီ ချက်ကြီး ဖြစ်သည့်RCEP (Regional Comprehensive Economic Partnership) တွင်လည်း မြန်မာနိုင်ငံ ပါဝင်သည်။ ဒေသတွင်းသဘော တူညီချက်များထဲတွင် RCEP (Regional Comprehensive Economic Partnership) က လက်ရှိကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကြီးဖြစ်သည်။
RCEP အဖွဲ့ကြီးတွင် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ စုစုပေါင်း ၁၅ နိုင်ငံပါဝင်သည်။ (ကမ္ဘာ့လူဦးရေနှင့် စီးပွားရေးပမာဏ၏ ၃၀ ရာခိုင် နှုန်းခန့် ရှိသည်)၊ ထိုအဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်ထားသည့်အတွက် မြန်မာ့လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် အထည်ချုပ် (CMP) ကုန်ပစ္စည်းများကို အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သည့်အချိန် အခွန်ကင်းလွတ်ခွင့်(Zero Tariff) သို့မဟုတ် အခွန်နှုန်းထား သက်သာခွင့်များစွာ ရရှိစေသည်။RCEP အောက်တွင် စည်းမျဉ်းတစ်ခု တည်းနှင့်ပင် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးကို ကုန်သွယ်၍ ရသွားသည့် အတွက် လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန် လွယ်ကူသွားစေသည်။
အနာဂတ်ကမ္ဘာ့ကုန်သွယ်ရေး
ဒေသတွင်း/နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အုပ်စုများ ပိုမိုအားကောင်းလာသည်နှင့်အမျှ နိုင်ငံပေါင်းစုံ ကုန်သွယ်မှုစနစ် (Multilateralism) သည် အားနည်းလာနိုင်ဖွယ် ရှိနေသည်။ အထင်ရှားဆုံးအနေနှင့် ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်မှ ၃၀ရက်အတွင်း ကင်မရွန်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး (MC14)၏ ရလဒ်များအရ တစ်ပြေးညီ နိုင်ငံပေါင်းစုံ ကုန်သွယ်မှုစနစ်၏ အားနည်းချက်ကို သိသိသာသာ ပေါ်လွင်သွား စေခဲ့သည်။
(၁၄)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ဒစ်ဂျစ်တယ် အငြင်းပွားမှုတစ်ခုဖြစ်ခဲ့သည်။ E-Commerce Moratorium (ဒစ်ဂျစ်တယ် အကောက်ခွန် ကင်းလွတ်ခွင့်) သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တညီတညွတ်တည်း သဘော တူညီချက် (Multilateral Consensus) နှင့် ၂၈ နှစ်ကြာ ထိန်းသိမ်း လာခဲ့သည့် စနစ်ဖြစ်သည်။ သို့သော် ဃြ၁၄ တွင် ဘရာဇီးနှင့် တူရကီ တို့က ကန့်ကွက်လိုက်သည့်အတွက် Dmultilateral consensus ကြီး ပြိုလဲသွားခဲ့ရသလို ဖြစ်သွားသည်။
သို့သော် ချက်ချင်း E-Commerce Moratorium ကို ဆက်လက်ရှင်သန်လိုသည့် အမေရိကန် ပြည်ထောင်စု၊ ဥရောပယူနီယံ၊ ဂျပန် စသည့် နိုင်ငံကြီးများ ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံ ၆၀ ကျော်ခန့် သည် အကယ်၍ WTO အဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ်တည်း သဘောမတူနိုင်လျှင် မိမိတို့ အချင်းချင်းကြားတွင် ဒစ်ဂျစ်တယ်ကုန်သွယ်မှုအပေါ် အကောက်ခွန်လုံးဝမကောက်ကြေးဆိုသည့် သီးသန့်အစုအဖွဲ့ ဖွဲ့စည်းလိုသည့် ဆွေးနွေးမှုများ ရှိခဲ့ကြသည်။ ထို့ကြောင့် အနာဂတ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် သဘောတူ ညီချက်ရယူမည့် ကြူအငူအေနမေူငျာ အစား၊ လိုလားသူချင်းစုဖွဲ့ပြီး သီးသန့်စာချုပ်ချုပ်ဆိုကြသည့် Plurilateralism ပုံရိပ်သစ်ဘက်ကို ကမ္ဘာ့ကုန်သွယ်ရေးက ကူးပြောင်းသွားမည့်သဘော ရှိနေသည်။
ဆက်လက်၍ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့်အတူ Friend-shoring ဟုခေါ်သည့် နိုင်ငံရေး၊ စစ်ရေးအရ ယုံကြည်ရသည့် မဟာမိတ်ချင်းသာ ကုန်သွယ်ကြသည့် စနစ်မျိုးလည်း ပေါ်ပေါက်လာနေသည် ဆိုသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။
ဥပမာ-အမေရိကန်က တရုတ်နိုင်ငံအပေါ် မှီခိုနေရသည့် Supply Chain ကို ဖြတ်တောက်ရန် 'Chip 4 Alliance' (အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်-တိုင်ပေ) ကို ဖွဲ့စည်းပြီး နည်းပညာမြင့် Semiconductor ထုတ်လုပ်မှုကို ၎င်းတို့ မဟာမိတ်များ ကြားထဲမှာပင် လည်ပတ်စေမည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်ကမ္ဘာကြီးက အနောက်အုပ်စုနှင့် တရုတ်၊ ရုရှား ဦးဆောင်သည့် အုပ်စုဆိုပြီး "အဓိကအုပ်စုကြီးနှစ်စု" အဖြစ် ပိုပြီး ပြတ်ပြတ်သားသား ကွဲထွက်လာနိုင်သည်။
အနောက်အုပ်စုနှင့် ပူးပေါင်းနိုင်မည့် မဟာဗျူဟာမြောက် နေရာ သစ်များ
အနောက်အုပ်စုအနေနှင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာပြီး နိုင်ငံရေးအရလည်း ညှိနှိုင်းရ လွယ်ကူသည့် အောက်ပါ နိုင်ငံများကို Friend-shoring ၏ အချက်အချာ ဗဟိုချက်များ အဖြစ် ပိုပြီးမြှင့်တင်လာနိုင်ဖွယ်ရှိသည်-အိန္ဒိယ- Appleကဲ့သို့ ကုမ္ပဏီကြီးများ အခြေစိုက်လာသကဲ့သို့ နောက်ပိုင်းတွင်လည်း အနောက်အုပ်စု၏ အကြီးမားဆုံးသော နည်းပညာနှင့် စက်မှုကုန်ထုတ်လုပ်မှု Friend-shoring အခြေစိုက်စခန်းကြီး တစ်ခုဖြစ်လာနိုင်သည်။ဗီယက်နမ်နှင့် မလေးရှား - အာဆီယံနိုင်ငံများထဲတွင် အနောက်နိုင်ငံနှင့် ရင်းနှီးပြီးသားဖြစ်သလို အီလက်ထရွန်နစ်နှင့်microchips လုပ်ငန်းများအတွက် ကျွမ်းကျင်မှုရှိပြီးဖြစ်၍ Supply Chain အသစ်များပိုပြီး စီးဝင်လာရန် ရှိသည်။ မက္ကဆီကိုနှင့် ပိုလန် Friend-shoring ရော၊ မိမိတို့နှင့် နီးစပ်ရာ မဟာမိတ်နိုင်ငံများတွင် စက်ရုံအခြေစိုက်ခြင်း (Near-shoring) ပေါင်းစပ်ပြီး အမေရိကန်နှင့် ဥရောပ၏ ကပ်လျက် မဟာမိတ်ကုန် ထုတ်လုပ်မှုဇုန်ကြီးများ ဖြစ်လာဖွယ်ရှိသည်။
တရုတ်-ရုရှား ဦးဆောင်မည့်မဟာမိတ်အုပ်စု အနောက်အုပ်စုက Friend-shoring လုပ်လာသည့်အတွက် တရုတ်နှင့် ရုရှားတို့ကလည်း ၎င်းတို့နှင့် နိုင်ငံရေးအရ စိတ်ချရသည့် နိုင်ငံများကို စုစည်းပြီး သီးသန့်ကုန်သွယ်ရေး ပုံစံသစ်တစ်ခုထူထောင်လာနေသည်။ ဥပမာ- BRICS+ အုပ်စုပိုမိုအားကောင်းလာခြင်း- တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကတို့ အပြင် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့် နိုင်ငံသစ်များ ပါဝင်လာသည့်BRICS အုပ်စုသည် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် ကုန်စည်နှင့် စွမ်းအင် (ရေနံ)များကို ၎င်းတို့ မဟာမိတ်အချင်းချင်းကြားမှာပင် အပြန် အလှန် ပိုမိုကူးလူးဆက်ဆံလာမည့် ပုံရိပ်အဖြစ် မြင်နေရသည်။
မိမိတို့နှင့် နီးစပ်ရာမဟာမိတ်နိုင်ငံများတွင် အနီးနားကုန်ထုတ်လုပ်မှု (Near-shoring) ပုံစံသည် အနောက်အုပ်စုတွင်သာမက ယူရေးရှားဒေသတွင်လည်း သိသိသာသာ အမြစ်တွယ်နေပြီ ဖြစ် သည်။ ရုရှားဦးဆောင်သောအာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်တို့ဖြင့် ဖွဲ့စည်းထားသည့် EAEU (ယူရေးရှား စီးပွားရေးသမဂ္ဂ) သည် ပထဝီဝင်အရ ကပ်လျက်ရှိခြင်းနှင့် နိုင်ငံရေး အရ မဟာမိတ်ဖြစ်ခြင်းတို့ကို ပေါင်းစပ်ကာ Near-shoring ပုံစံဖြင့် မိမိတို့ဒေသတွင်း အစုအဖွဲ့ကြား ကုန်စည်နှင့် ထောက်ပံ့မှုကွင်းဆက် ကို အခိုင်အမာတည်ဆောက် ထားသည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။ ကုန်စည်နှင့် ထောက်ပံ့မှုကွင်းဆက်ကို အခိုင်အမာ တည် ဆောက်ထားသည့် ထင်ရှားသော သာဓကတစ်ခုဖြစ်သည်။ ထို့ပြင်EAEU (ယူရေးရှား စီးပွားရေး သမဂ္ဂ) အဖွဲ့တွင် ကျူးဘား၊ မော်လ် ဒိုက်နှင့် ဥဇဘက်ကစ္စတန် တို့ကလည်း လေ့လာသူ(observer) နိုင်ငံများအဖြစ် ပါဝင်နေသည်။
ထို့ကြောင့် Friend-shoring နှင့် Near-shoring ပုံစံများဆိုသည်မှာ စက္ကူပေါ်က အယူအဆတစ်ခုမျှ မဟုတ်တော့ဘဲ လက်တွေ့မြေပြင်တွင် အမေရိကန်ဦးဆောင်သော Chip 4 Alliance ကဲ့သို့ သော အုပ်စုများနှင့် တရုတ်-ရုရှားတို့ အားပြုလာသည့် BRICS ကဲ့သို့ သော အုပ်စုများအဖြစ် ပုံပေါ်နေပြီးသား ဖြစ်နေသည်။၊ နောင်အနာဂတ်တွင် အိန္ဒိယ၊ ဗီယက်နမ်၊ မက္ကဆီကို ကဲ့သို့သော နိုင်ငံများသည် အနောက်အုပ်စု၏ မဟာဗျူဟာမြောက် Friend-shoring ဗဟို ချက်များ ဖြစ်လာနိုင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးသည် စည်းလုံးညီညွတ်သော ကမ္ဘာကြီးတစ်ခုတည်းအဖြစ်မှ မိမိတို့ မဟာမိတ်အုပ်စုအလိုက် ကုန်သွယ်ကြမည့် အစိတ်စိတ်အမြွှာမြွှာ ပုံရိပ်လွှာသစ်ဘက်သို့ ပိုမိုတွန်းပို့ခြင်းခံရနိုင်ဖွယ်ရှိနေ သည်။
ကမ္ဘာ့ကုန်သွယ်ရေး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်လာသည့် ပုံရိပ်လွှာတွင် ကုန်စည်စီးဆင်းမှု သာမက "ငွေကြေးစနစ်" ပါ ပြောင်း လဲလာနိုင်ဖွယ် ရှိနေသည်။ BRICS အုပ်စုသည် အမေရိကန်ဒေါ်လာ ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ရွှေနှင့် အခြေခံကုန်စည်များကို အမှီပြုသည့် BRICS Currency သို့မဟုတ် ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များ သုံးစွဲရန် ပြင်ဆင်ဆွေးနွေးနေကြသည်။ ၎င်းသည် အနာဂတ်ကမ္ဘာ့ကုန်သွယ်ရေးကို ဒေါ်လာတစ်မျိုးတည်းက စိုးမိုး သည့် စနစ်မှသည် ငွေကြေးစနစ်မျိုးစုံ အားပြိုင်မည့် Multi-currency World ပုံရိပ်သစ်ဆီသို့ တွန်းပို့နေခြင်းဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ဇာနည်တင်
Source:
World Trade Organization (WTO) - Ministerial Conference (MC14) Official Reports, 2026.
General Agreement on Tariffs and Trade (GATT) - Article XXIV on Regional Trade Agreements.
Eurasian Economic Union (EAEU) Treaty and Trade Statistics.
BRICS Summit Declarations and Cross-Border Payment Initiatives.
