Main menu

Background

မွေးမြူရေးအစာစရိတ်များ တည်ငြိမ်စေရေး ပြောင်းပိုမိုတင်သွင်းရန် ဖိလစ်ပိုင် စဉ်းစားလျက်ရှိ

Mon, 07/20/2026 - 12:02 -- journal_editor

ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းအနည်းဆုံး တင်သွင်းခွင့်ပြုမည့်ပမာဏ  (MAV) ကို လက်ရှိတန်ချိန် ၂၁၆၉၄၀ ၏ နှစ်ဆကျော်ဖြစ်သော တန်ချိန် ၅၀ဝ၀ဝ၀ အထိ မြှင့်တင်ရန် အဆိုပြုထားသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr  က အဆိုပြုချက်၏ ရည်ရွယ်ချက်မှာ မွေးမြူရေး အစာစရိတ်များကို တည်ငြိမ်စေပြီး ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေး ထုတ်လုပ်သူများအား  ပြောင်းထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  အဆိုပါအစီအစဉ်ကို ပြောင်း၊ ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးမှ MAV  စီမံခန့်ခွဲရေးကော်မတီသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
Mr Tiu Laurel က အဆိုပါတိုးမြှင့်မှုသည် ရာသီဥတုဆိုင်ရာအန္တရာယ်များ အထူးသဖြင့် ယခုနှစ်နှောင်းပိုင်းတွင် ပိုမိုအားကောင်းလာသော အယ်လ်နီညိုဖြစ်စဉ်နှင့် ဓာတ်မြေသြဇာ၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်များကဲ့သို့ ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သောထောက်ပံ့မှု ကျပ်တည်းလာနိုင်ခြေကို ကြိုတင်မျှော်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြောင်းလုပ်ငန်းအဖွဲ့အစည်းများက ဓာတ်မြေသြဇာစရိတ်များ မြင့်တက်ခြင်းနှင့် ပြောင်းစိုက်တောင်သူများ၏ စိုက်ပျိုးရန်ဆန္ဒလျော့ကျလာခြင်းတို့သည် ပြောင်းထုတ်လုပ်မှုအတွက် စိန်ခေါ်မှုများဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။ ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ  ၂၀၂၅ ခုနှစ်တွင် ပြောင်းတန်ချိန် ၈ ဒသမ ၃ သန်း ထွက်ရှိနိုင်သော်လည်း အဆိုပါပမာဏသည်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုကာမိရန် လုံလောက်နိုင်ခြင်းမရှိ မည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုများနှင့် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်ရှိ ရေလမ်းကြောင်း အနှောင့်အယှက်များကိုလည်း ထောက်ပြခဲ့ကြောင်း၊ ၎င်းတို့ကြောင့် ကုန်စည်ပို့ဆောင်ခနှင့် ဓာတ်မြေသြဇာဈေး နှုန်းများ မြင့်တက်လာပြီး လယ်ယာကဏ္ဍတစ်ခုလုံးတွင် ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
ပြောင်းဝါသည် ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေးအတွက် အဓိကမွေးမြူရေးအစာ ပါဝင်ပစ္စည်းဖြစ်ပြီး တိရစ္ဆာန်မွေးမြူရာတွင် ကုန်ကျစရိတ် အကြီးမားဆုံးသော အစိတ်အပိုင်းများထဲမှတစ်ခုဖြစ်ကြောင်း၊  မွေးမြူရေးအစာ စရိတ်များ ရေရှည်မြင့်တက်လာပါက ကြက်သား၊ ကြက်ဥ၊ ဝက်သားနှင့် အခြားအဓိက စားသောက်ကုန်များ၏ ကုန်ကျစရိတ်ကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း သိရှိရသည်။
ငွေကြေးဖောင်းပွမှု နှေးကွေးနေပြီးနောက် အရှေ့အလယ်ပိုင်းတင်းမာမှုများက  ကမ္ဘာ့ရေနံဈေးနှုန်းများကိုမြင့်တက်စေခဲ့ရာ မတ်လတွင် ဈေးနှုန်းဖိအားများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဖိလစ်ပိုင်၏ အဓိကငွေကြေးဖောင်းပွမှုနှုန်းသည် မတ်လတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဧပြီလတွင် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ကာ မေလတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းခဲ့သည်။ Mr Tiu Laurel က  မွေးမြူရေးအစာစရိတ်များကို တည်ငြိမ်စေခြင်းသည် စားနပ်ရိက္ခာဈေးနှုန်းဖိအားများကို သက်သာစေရန်နှင့် အိမ် ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအားကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနက အဆိုပြုထားသော ပြောင်း အနည်းဆုံးတင်သွင်းခွင့်ပြုမည့်ပမာဏ (MAV) တိုးမြှင့်ခြင်းသည် အမြဲတမ်း မူဝါဒပြောင်းလဲမှုမဟုတ်ဘဲ ယာယီ အကာအကွယ် တစ်ခုသာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထောက်ပံ့မှုအခြေအနေများက လိုအပ်မှသာ  တင် သွင်းမှုကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းပြောင်း စိုက်တောင်သူများ မလိုအပ်ဘဲ အစားထိုးခံရခြင်း မဖြစ်စေရန်   ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ထုတ်လုပ်သူများနှင့် စားသုံးသူများကို ကာကွယ်ရန်အတွက် အခြေအနေအလိုက် ချိန်ညှိထားသော အရေးပေါ်အစီအမံတစ်ခုဖြစ်သည်ဟု Mr Tiu Laurel က ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနသည် ပြည်တွင်းထုတ်လုပ်မှုအား  ပံ့ပိုးကူညီမှုနှင့် စားနပ်ရိက္ခာ ဝယ်ယူနိုင်စွမ်းကို ထိန်းသိမ်းရန် ကတိပြုထားကြောင်း အလေးပေးဖော်ပြခဲ့သည်။    

Phyo Thiri Mon, DOCA

Source: aviNews Asia, 23 June 2026