Main menu

Background

ခေတ်မီထုပ်ပိုးမှုစနစ်နှင့် ကုန်အညွှန်းအမှတ်အသား

Mon, 08/10/2026 - 13:57 -- journal_editor

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဈေးကွက်အခြေအနေတွင် ပြည်တွင်းဖြစ် (MSME) ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
ယနေ့ခေတ်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းကို ခေတ်မီလှပသော ပါကင်အသစ်များဖြင့် ထုပ်ပိုးရုံတင်မကဘဲ "စားသုံးသူကာကွယ်ရေးဥပဒေ" ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များကို တိတိကျကျ လိုက်နာရန် အထူးလိုအပ်လာသည်။ ဥပဒေနှင့် ညီညွတ်ပြီး ဆန်းသစ်သော ပါကင်စနစ်အသစ်များအကြောင်းကို အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။

၁။ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ (DOCA Requirements)
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့်ကုန်စည်တိုင်းတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားများကို တိကျရှင်းလင်းစွာ ဖော်ပြရမည် ဖြစ်သည်။ ထိုသို့ထုပ်ပိုးရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏတို့ကို ထင်ရှားစွာ မြင် သာစေရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် (Batch/ Lot Number) တို့ကိုလည်း စားသုံးသူများ အလွယ်တကူ ဖတ်ရှုနိုင်သောနေရာ၌ စနစ်တကျ ရိုက်နှိပ်ရမည်ဖြစ်သည်။
ထို့ပြင် လုပ်ငန်းရှင်၏ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်အတွက် ထုတ်လုပ်သူ သို့မဟုတ် ပြည်ပမှ တင်သွင်းသူ၏ အမည်နှင့် စက်ရုံ/ ကုမ္ပဏီလိပ်စာအတိအကျပါဝင်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းအတွင်းပါဝင်သော ကုန်ကြမ်းအမျိုးအမည်များနှင့် အချိုးအစားများကိုလည်း ရာခိုင်နှုန်း (%) ဖြင့် သေချာစွာဖွင့်ဆိုရမည်ဖြစ်သည်။ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့်အတူ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် ဓာတ်မတည့်မှုရှိသူများအတွက် အထူးသတိပြုရန် ဘေးထွက်ဆိုးကျိုး သို့မဟုတ် သတိပေးချက်များကိုပါ ပါကင်ပေါ်တွင် ထင်ရှားမြင်သာအောင် ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရမည် ဖြစ်သည်။
၂။ ကုန်အညွှန်းဥပဒေနှင့် မြန်မာ့ခေတ်မီပါကင်စနစ် (Product Labeling Law & Modern Packaging in Myanmar)
လက်ရှိ မြန်မာနိုင်ငံ၏ ကုန်ကြမ်းရရှိနိုင်မှု၊ ကုန်ကျစရိတ်နှင့် ဈေးကွက် လိုအပ်ချက်တို့အပေါ်မူတည်၍ ပြည်တွင်းကုန်ထုတ်လုပ်ငန်းရှင်များ သုံးစွဲလာကြသည့် ပါကင်စနစ်သစ်များမှာ အားကောင်းစွာ ပြောင်းလဲတိုးတက်လာလျက်ရှိသည်။ အတိတ်က ပြည်တွင်းဖြစ်ကုန်ပစ္စည်းအများစုသည် အိတ်အကြည်များတွင် စတစ်ကာသီးသန့်ရိုက်၍ ကပ်လေ့ရှိကြသဖြင့် ကြာရှည်လာပါက စတစ်ကာ ကွာကျခြင်းနှင့် ကုန်အညွှန်းများဖတ်မရခြင်းတို့ ဖြစ်တတ်သော်လည်း ယခုအခါ  ပြည်တွင်းရှိ ပုံနှိပ်စက်မှုလုပ်ငန်းများ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။ ထို့ကြောင့် အိတ်ခွံ သို့မဟုတ် ဘူးခွံပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် တိုက်ရိုက်စက်ရိုက်နှိပ်သည့်စနစ် (Gravure/Flexo Printing)  ကိုပြောင်းလဲအသုံးပြုလာ ကြရာ စားသုံးသူရေးရာဥပဒေနှင့် ကိုက်ညီရုံတင်မကဘဲ ပိုမိုခိုင်ခံ့လှပပြီး ဈေးကွက်အဆင့်အတန်း မြင့်မားလာစေသည်။
တစ်ဖက်တွင်လည်း ကော်ဖီ၊ လက်ဖက်ခြောက်၊ မုန့်ပဲသရေစာ နှင့် လူသုံးကုန်ထုတ်လုပ်သည့် လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး ကုန်ကျစရိတ် သင့်တင့်သည့် Kraft Paper (အညိုရောင်စက္ကူအိတ်) များကို အတွင်းလိုင်နာနှင့် ဇာစ်ပါဝင်သောစနစ် (Ziplock  အိတ်)များအဖြစ် အစားထိုးသုံးစွဲလာကြသည်။ ဤစက္ကူပါကင်အသစ်များသည်  ဒီဇိုင်းပိုင်းအရ ရိုးရာနှင့် ခေတ်မီမှုကို ပေါင်းစပ်ပေးနိုင်ရုံတင်မကဘဲ စက္ကူမျက်နှာပြင်ပေါ်တွင် စားသုံးသူရေးရာ၏ ကုန်အညွှန်းများကို ထင်ထင်ရှားရှား ပုံနှိပ်နိုင်သည့် အားသာချက်ရှိသည်။
ထို့ပြင် ပါကင်ဘူးခွံ အကျယ်အဝန်း သေးငယ်လွန်းသဖြင့် ဥပဒေအရ လိုအပ်သော အချက်အလက်များကို အလွန်အမင်းသေးငယ်သောစာလုံးများဖြင့် ဖတ်ရခက်အောင် ရေးသားရမည့်ပြဿနာကို ဖြေရှင်းရန်အတွက် ဒစ်ဂျစ်တယ်စနစ်သုံးQR Code ပါဝင်သော ပါကင်အသစ်များ (QR-Enabled Packaging) ပေါ်ပေါက်လာသည်။ ပါကင်ပေါ်တွင် ဥပဒေအရ မဖြစ်မနေပါရမည့် အခြေခံအချက်များကို မြန်မာဘာသာဖြင့် တိကျစွာ ရေးသားထားပြီး ကျန်ရှိသည့် အသေးစိတ်အချက်အလက်များဖြစ်သော ဥပဒေကြောင်းအရ လိုက်နာမှု သက်သေခံချက်များ၊ FDA ထောက်ခံချက်၊ ကုမ္ပဏီနောက်ခံသမိုင်းနှင့် ရရှိထားသော ဆုတံဆိပ်များကို QR Code ထည့်သွင်းကာ ချိတ်ဆက်လာကြသည်။ စားသုံးသူက ဖုန်းဖြင့် အလွယ်တကူ Scan ဖတ်ရုံဖြင့် ကုမ္ပဏီဝက်ဘ်ဆိုက် သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာသို့ ရောက်ရှိသွားနိုင်သဖြင့် အချက်အလက်များကို ပိုမိုစုံလင်စွာသိရှိနိုင်ပြီး ကုန်ပစ္စည်းအပေါ် ယုံကြည်မှုကိုလည်း ပိုမိုတိုးတက်ရရှိစေသည်။

၃။ လုပ်ငန်းရှင်များအတွက် လက်တွေ့ကျသော ပါကင်ဒီဇိုင်း ပြင်ဆင်မှု Checklist 
စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးမှုကို အောင်မြင်ပြီး ဈေးကွက်တွင် နေရာရစေရန် ပါကင်အသစ်ပြုလုပ်ရာတွင် အောက်ပါ အချက်များကို စစ်ဆေးသင့်သည်။
ပါကင်တွင်ပါဝင်ရမည့်အပိုင်း၊ လိုက်နာရမည့်ဥပဒေနှင့် နည်းပညာသတ်မှတ်ချက်၊ ရရှိမည့်အကျိုးကျေးဇူးအရှေ့ဘက်မျက်နှာပြင် (Front Display) ကုန်ပစ္စည်းအမည် (မြန်မာစာရှင်းလင်းရမည်)၊ အသားတင်ပမာဏ/ စားသုံးသူက မြင်လျှင်မြင်ချင်း မည်သည့်ပစ္စည်းဆိုတာ သိရှိနိုင်သည်။
အနောက်ဘက်မျက်နှာပြင်(Back/Side Panel)၊ ကုန်ကြမ်းပါဝင်မှု၊ ထုတ်လုပ်သူလိပ်စာ၊ သုံးစွဲပုံနှင့်သတိပေးချက် (မြန်မာဘာသာဖြင့်) စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဥပဒေကို ရာနှုန်းပြည့်လိုက်နာပြီးသားဖြစ်မည်။
သက်တမ်းအညွှန်း Expiry Area) MFG (ထုတ်လုပ်ရက်) နှင့်EXP (သက်တမ်းကုန်ရက်) ကို လေဆာဖြင့်ဖြစ်စေ၊ ကွန်ပျူတာစာသားဖြင့်ဖြစ်စေ ဖတ်ရလွယ်အောင်ရိုက်နှိပ်ခြင်း။ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်အတွင်း အရေးယူခံရမှုမှ ကင်းဝေးစေသည်။
ပါကင်အမျိုးအစား(Material) လေလုံသည့်ဇစ်ပါကင်(Rese alable) သို့မဟုတ် သဘာဝဆွေးမြည့်စက္ကူ၊ ကုန်ပစ္စည်းကို ရေရှည်လတ်ဆတ်စေပြီး ခေတ်မီသောBrand တစ်ခုအဖြစ် ပုံဖော်နိုင်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဈေးကွက်စီးပွားရေးအရ စားသုံးသူများသည် ကုန်ပစ္စည်းတစ်ခု၏လှပမှုကိုသာမက ယုံကြည်စိတ်ချရမှုနှင့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံမှုကိုပါ အလေးထား ရွေးချယ်လာကြသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါကင်ဒီဇိုင်းအသစ်များကို ဖန်တီးရာတွင် စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဥပဒေများကို ရှေ့တန်းတင်၍ ဒီဇိုင်းရေးဆွဲရမည်ဖြစ်သည်။ ဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားသည့် ခေတ်မီပါကင်စနစ်များသည် မိမိတို့၏လုပ်ငန်းကို ရေရှည်တည်တံ့စေပြီး ဈေးကွက်အတွင်း အောင်မြင်မှုရရှိစေမည့် အကောင်းဆုံးသော သော့ချက်ပင်ဖြစ်ပါတော့သည်။
ကိုးကား- မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈)Smart Packaging Industry Report

အိသပြေခင်(DOCA PYAY)