မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ် လုပ်ကိုင်ကြပြီး စိုက်ပျိုးသီးနှံများစွာမှ တောင်သူအကျိုးအမြတ်ရရှိနိုင်သော ကြက်သွန်နီသီးနှံကို တစ်မြို့နယ်လုံးနီးပါး အဓိကအားထား စိုက်ပျိုးကြသည်။
ရေမြေရာသီဥတု ကောင်းမွန်ရာဒေသဖြစ်ပြီး အရည်အသွေး ကောင်းမွန်သော ကြက်သွန်နီများ ထွက်ရှိ၍ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်စိုက်ဧက ၆၀ဝ၀ ခန့် စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိပြီး ဒေသခံပြည်သူများမှလည်း နှစ်ပတ်လည်အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလျက်ရှိသည်။ မြို့ပေါ်ရှိ ကြက်သွန်နီ ပွဲရုံဈေးကွက်၌လည်း သီးနှံအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ဈေးနှုန်းအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် ဆောင်းပင်စိုက် ကြက်သွန်နီများ သီးနှံပေါ်စအချိန် မတ်လကုန် ဧပြီလဆန်းတွင် တောဈေး ကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ - ၁၅၀ဝ ဈေးဖွင့်ခဲ့ပြီး မေလတွင် ကျပ် ၁၅၀ဝ-၂၀ဝ၀ ပေါက်ဈေးရှိပြီး ဇွန်လဆန်းမှ စတင်၍ ပြည်တွင်းကြက်သွန်နီသီးနှံများ ပြည်ပအဝယ်လိုက်လာ၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀-၃၀ဝ၀ ထိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ခုနှစ် ဇူလိုင်လတွင် ကြက်သွန်နီဈေး ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ဇူလိုင်လ တတိယပတ်တွင် ဂျွန်ကြက်သွန်နီတစ်ပိဿာလျှင် အနိမ့်ဈေး ကျပ် ၃၅၀ဝ မှ အမြင့်ဈေး ကျပ် ၄၅၀ဝ ထိ မြင့်တက်လာသည်။ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းပြီး ဇူလိုင်လ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ၅၀ဝ၀ ရှိကြောင်း၊အရည်အသွေးကောင်းပါက ကျပ် ၅၅၀ဝ ခန့်ရှိကြောင်း လက်လီအရောင်းဆိုင်များမှ သိရသည်။
အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ကြက်သွန်နီပွဲရုံဈေးကွက်သို့ ဇူလိုင် ၁ရက် မှ ၁၆ ရက်အတွင်း ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော တခေါင်း၊ ကူရှည်ရွာမှ အလယ်စု၊ ဆိုက်ခမ်း၊ ထမ္မကောက်၊ တွင်းမငယ်၊ ကံတွင်း၊ လယ်သာဝ၊ အနောက်ကမ်းဖြူ ကျေးရွာများမှ နေ့စဉ်ဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ပိဿာငါးသောင်းခန့် နှစ်ပတ်အတွင်း ပိဿာချိန်ခုနစ်သိန်းခန့် ဝင်ရောက်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ ပထမနှစ်ပတ်အတွင်း ပျမ်းမျှကားအစီးရေ ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ ၄၅ စီး၊ မြဝတီမြို့သို့ အစီး ၂၀၊ ပုသိမ်မြို့သို့ ငါးစီး၊ စုစုပေါင်းအစီးရေ ၇၀ စီးဆင်းခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ် ဒေသထထွက်ကုန် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့တင်ပို့ပြီး ထိုမှ တစ်ဆင့် အခြားမြို့များသို့ တင်ပို့ရောင်းချဖြန့်ဖြူးပြီး ပြည်ပပို့ကုန်အဖြစ် ဆိပ်ဖြူမြို့မှ မြဝတီမြို့သို့ တင်ပို့၍ နယ်စပ်ဝယ်လက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့ကြောင်းသိရသည်။
ယခုအချိန်တွင် ပြည်တွင်းကြက်သွန်နီများ ပြည်ပနိုင်ငံများမှ အဝယ်လိုက်လာသည့်အတွက် ဈေးနှုန်းတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရသည်။
မြင့်မြင့်သန်း(ဆိပ်ဖြူ)
