စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေး နှုန်းဖြစ်ပေါ်မှုများအရ ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၇၂၂၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။
စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်သောကြာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm, Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရသည်။
Background
