ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုလျာထားချက် ၆၃ဒသမ၉၈ ရာခိုင်နှုန်းထိ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လတ်ဆတ်သစ်သီးဝလံများဖြစ်သည့် သရက်၊ ဖရဲ၊ သခွားမွှေး၊ တစ်ရှူးငှက်ပျောတင်ပို့မှုလျာထားချက်သည် ၄၁ ဒသမ၃၆ ရာခိုင်နှုန်း၊ သစ်သီးဝလံ အစိုအခြောက်များဖြစ်သည့် ဥနှင့် ချင်းတင်ပို့မှု လျာထားချက် ၈၈ ဒသမ ၈၆ ရာခိုင်နှုန်း ရှိခဲ့ကာ အားကောင်းခဲ့သည်။
အခြောက်/အခွံခွာ အနှစ်တုံး အမျိုးအစားများဖြစ်သည့် ချဉ်ပေါင်၊ ဖာလာ၊ သီဟိုဠ်စေ့၊ နနွင်းနှင့် မန်ကျည်းတင်ပို့မှု လျာထားချက် ပြည့်မီမှု ၁၀၅ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် အအောင်မြင်ဆုံးဖြစ်ခဲ့သည်။
လက်ရှိတွင်ထောပတ်သီး၊ နာနတ်သီး၊ မက္ကဒေးမီးယား၊ ပိန္နဲသီး၊ မာလကာသီးတို့အနေဖြင့် တင်ပို့မှုနည်းပါးနေသော်ငြား နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန် အလားအလာကောင်းမွန်သည့် သီးနှံများဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်များသို့ သစ်သီးဝလံ ၇၉၅၉၀ဝ တန် တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ဒသမ၆၃ သန်း ရရှိရေး လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှာမူ အသေးစား၊ အလတ်စား လုပ်ငန်းများအနေ ဖြင့် အခြောက်ပြုလုပ်ခြင်း၊ အခွံခွာခြင်း၊ အနှစ်တုံးပြုလုပ်ခြင်းများကို အဓိကထားလုပ်ဆောင်ရန်၊ သီဟိုဠ်စေ့၊ ဝဥ၊ ဖာလာတို့ကဲ့သို့ ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြင့် သီးနှံများကို ပိုမိုအားပေးမြှင့်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။
Background
