ကော်ဖီဈေးနှုန်းများကို အနိမ့်ဆုံးဈေးနှုန်းဖြင့်သာ အလျင်စလိုရောင်းချခဲ့ရသည့် တောင်သူအများအပြားသည် ဈေးနှုန်းများရုတ်တရက် ၁၅ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာပြီး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀ဝ၀ဝ၀ နီးပါးအထိ ရောက်ရှိသွားချိန်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် နောင်တရနေကြသည်။
ဘရာဇီးနိုင်ငံ၏ လာမည့်ရိတ်သိမ်းရာသီကြောင့် ကော်ဖီထွက်ရှိမှု ပိုမိုများပြားလာပြီး ဈေးနှုန်းများပိုမိုကျဆင်းသွားမည်ကို တောင်သူများ စိုးရိမ်နေခဲ့သည်။ ဇွန် ၁၀ ရက်က စံချိန်တင်ခဲ့သည့် နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်သော ၈၄၃၀ဝ ဒေါင်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းသည် ၁၅ ဒသမ ၄ ရာခိုင်နှုန်းခန့် ပြန်လည်ဦးမော့လာခဲ့ပြီး ဒေါင် ၁၀ဝ၀ဝ၀ သို့ ချဉ်းကပ်လာနေပြီဖြစ်သည်။
ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းဥက္ကဋ္ဌဖြစ်သူ၏ ပြောကြားချက်အရကော်ဖီဈေးနှုန်းမြင့်တက်လာရခြင်းမှာ ရာသီဥတုနှင့် ထုတ်လုပ်မှုအပေါ် စိုးရိမ်ပူပန်မှုများမှသည် ကုန်စည်ဒိုင်များရှိ အကွက်ဆင်အမြတ်ထုတ်မှုများအထိ အချက် အလက်များစွာ တစ်ပြိုင်နက်တည်းဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။
ဘရာဇီးနိုင်ငံတွင် မုန်တိုင်းများကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနိုင်သည်ကို ယခင်ကဈေးကွက်အတွင်းစိုးရိမ်ခဲ့ကြသော်လည်း ကမ္ဘာ့အကြီးဆုံးကော်ဖီထုတ်လုပ်သည့်နိုင်ငံဖြစ်သော ဘရာဇီး၏ ရိတ်သိမ်းမှုမှာ ယခုအချိန်အထိ ယေဘုယျအားဖြင့် ကောင်းမွန်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူများသည် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားမှုဖြစ် နိုင်ခြေနှင့် ယခုနှစ်နှောင်းပိုင်း သို့မဟုတ်လာမည့်နှစ်တွင် အယ်လ်နီညို (El Nino) ပြန်လည်ဝင်ရောက်လာနိုင်ခြေတို့ကို ဆက်လက်စောင့်ကြည့်နေကြသဖြင့် ထုတ်လုပ်မှုဆိုင်ရာစိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်။
ဇွန်လအစောပိုင်းတွင် ဈေးနှုန်းများ ၈၄၀ဝ၀ - ၈၅၀ဝ၀ ဒေါင်သန်းကျင်အထိ ကျဆင်းသွားချိန်က တောင်သူအများအပြားသည် ၎င်းတို့၏ လက်ကျန်များကို အသည်းအသန် ထုတ်ရောင်းခဲ့ကြသည်။ ဈေးနှုန်းများ ပြန်လည်ဦးမော့လာချိန်တွင်မူ ကျန်ရှိသည့် ကော်ဖီလက်ကျန်မှာ ပြောပလောက်အောင် မရှိတော့ကြောင်း သိရသည်။
DOCA(ရန်ကုန်) ၊Source : VN Express
