Main menu

Background

Nashik မြို့အား အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ အဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနဖြစ်စေရန် ဆောင်ရွက်

Thu, 08/13/2026 - 13:32 -- journal_editor

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများက Palghar ခရိုင်ရှိ Vadhvan ဆိပ်ကမ်းအနီးတွင် ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးဈေးကွက်တစ်ခုထူထောင်ရန် ပြည်နယ်အစိုးရ၏အစီအစဉ်ကို ကြိုဆိုကြသော်လည်း အိန္ဒိယနိုင်ငံအား ကြက်သွန်နီ ကုန်သွယ်မှုပြုသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန်Nashik မြို့အား  ကြက်သွန်နီအဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနအဖြစ် တစ်ပြိုင်နက်တည်းဖွံ့ဖြိုးရန် အစိုးရအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။
Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများအသင်းက  အဆိုပါနိုင်ငံတကာစိုက်ပျိုးရေးဈေးကွက် အဆိုပြုချက်သည် စိုက်ပျိုးရေးပို့ကုန်၊ စားသောက်ကုန်ပြုပြင်ရေး၊ အလုပ်အကိုင်နှင့် ကျေးလက်စီးပွားရေးကို အထောက် အကူပြုမည်ဖြစ်သော်လည်း အဆိုပြုချက်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများသည် တောင်သူများထံ တိုက်ရိုက်ရောက်ရှိရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီမြို့တော်ဟု လူသိများသော Nashik မြို့သည်အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ပို့ကုန်များတွင် သိသာထင်ရှားသောဝေစုကိုပိုင်ဆိုင်ထားသောကြောင့် Vadhvan ဆိပ်ကမ်းနှင့် ချိတ်ဆက် ထားသော သီးသန့်ပို့ကုန်ဗဟိုဌာနအဖြစ် ဖွံ့ဖြိုးသင့်သည်ဟု အသင်းတည်ထောင်သူဖြစ်သူ ဥက္ကဋ္ဌ Bharat Digholeက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ပြည်နယ်အစိုးရက စိုက်ပျိုးရေးပို့ကုန်များ အားကောင်းလာစေရန်နှင့် စိုက်ပျိုးသူများအား ကမ္ဘာ့ဈေးကွက်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန်အတွက်Vadhvan ဆိပ်ကမ်းမှ ကီလိုမီတာ ၄၀ ခန့်အကွာ  Palghar ခရိုင်တွင် မကြာမီကာလအတွင်း နိုင်ငံတကာအဆင့်မီစိုက်ပျိုးရေးဈေးကွက်တစ်ခုထူထောင်မည်ဟု ကြေညာခဲ့သည်။
Digholeက ကြက်သွန်နီစိုက်တောင်သူများသည် ဈေးနှုန်းအတက်အကျ၊ ပို့ကုန်ကန့်သတ်ချက်များ၊ သိုလှောင်ရုံအဆောက်အအုံမလုံ လောက်မှု၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်မားမှုနှင့် ကမ္ဘာ့ဝယ်သူများထံ တိုက်ရိုက်ဆက် သွယ်နိုင်မှုမရှိခြင်းတို့ကို ဆက်တိုက်ကြုံတွေ့ခံစားနေရပြီး  ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ဈေးနှုန်းဖြင့်  ကြက်သွန်နီများကို ရောင်းချခဲ့ရလေ့ရှိကြောင်း ပြောကြားခဲ့သည်။
ကြက်သွန်နီ အဆင့်သတ်မှတ်ခြင်း၊ အလုံးအရွယ်အစား ခွဲခြားခြင်း၊ ထုပ်ပိုးခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များပါရှိသော သီးသန့်ကြက်သွန်နီပို့ကုန်ဂိတ်တစ်ခု ထူထောင်ရန်အပြင်Nashik နှင့်  Vadhvanဆိပ်ကမ်းအကြားတွင် ရထားလမ်း၊ ကွန်တိန်နာနှင့် အေးခဲဖြန့်ဖြူးရေး အခြေခံအဆောက်အအုံများမှတစ်ဆင့် တိုက်ရိုက်စိုက်ပျိုးရေး ထောက်ပံ့ပို့ဆောင်မှု စင်္ကြံတစ်ခုဖန်တီးရန်လည်း အသင်းကအကြံပြုခဲ့သည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၏ တည်ငြိမ်သောငါးနှစ်တာကြက်သွန်နီပို့ကုန်မူဝါဒတစ်ရပ်၊ တန်ဖိုးမြှင့်ကြက်သွန်နီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အားပေးမှုများ၊ ထုတ်လုပ်သူတောင်သူ အဖွဲ့အစည်းများ (FPOs)၏ ကြက်သွန်နီတင်ပို့ရာတွင် တိုက်ရိုက်ပါဝင်မှု၊ ကြက်သွန်နီပို့ကုန်မြှင့်တင်ရေးဇုန်တစ်ခုထူထောင်ရန်နှင့် Nashik မြို့တွင် အဆိုပြုထားသော ကြက်သွန်နီအဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနကို အမျိုးသားလေ့ကျင့်ရေး၊ သုတေသနနှင့် ပို့ကုန်လမ်းညွှန်မှုဗဟိုအဖြစ်  အဆင့်မြှင့်တင်ရန်လည်း  တောင်းဆိုခဲ့ သည်။
Dighole က အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လည်း အဆိုပါစီမံကိန်းသည် ကုန်သွယ်ရေးအဆောက်အအုံတစ်ခုမျှသာမဖြစ်သင့်ကြောင်းနှင့် သိန်းချီသောတောင်သူများအတွက်  စီးပွားရေးအသွင်ကူးပြောင်းမှု၏ ဗဟို အချက်အချာ ဖြစ်လာရမည်ဖြစ်ကြောင်း၊  ကြက်သွန်နီအဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနအဖြစ် သတ်မှတ်ပြီး Vadhvan ဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ပါက အိန္ဒိယသည် ကြက်သွန်နီ ကုန်သွယ်မှုတွင် ကမ္ဘာတစ်ဝန်းဦးဆောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်း၏ စီမံချက်(မူကြမ်း)ကိုရေးဆွဲရာတွင် ကြက်သွန်နီစိုက်တောင်သူအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများနှင့် ထုတ်လုပ်သူတောင်သူအဖွဲ့အစည်းများပါဝင်နိုင်ရန် ကြက် သွန်နီစိုက်တောင်သူများအသင်းက အိန္ဒိယဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် စိုက်ပျိုးရေးနှင့် ဈေးကွက်ရှာဖွေရေးဌာနများထံ အယူခံဝင်ခဲ့ကြောင်း သိရှိရသည်။

Phyo Thiri Mon (DOCA)