Main menu

Background

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု မြင့်တက်လာခြင်းက ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများကို မြှင့်တင်ပေးနိုင်ဖွယ်ရှိ

Thu, 08/13/2026 - 13:54 -- journal_editor

အိန္ဒိယနိုင်ငံတွင် ပဲပုပ်နှင့် မုန်ညင်းဆီ ကြိတ်ခွဲထုတ်လုပ်မှု နှေးကွေးလာခြင်းကြောင့် ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက်မြင့်မားလာကာ ထောက်ပံ့မှုနည်းပါးလာနေသဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လမှအောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုပမာဏ သိသိသာသာမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဤကဲ့သို့ တင်သွင်းမှုမြင့်တက်လာခြင်းက စားအုန်းဆီနှင့် ပဲပုပ်ဆီတို့အပေါ် နိုင်ငံတကာဝယ်လိုအားကို တိုးတက်လာစေနိုင်ပြီး ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီနှင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို ထပ်မံမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း Palm Oil Magazine သတင်း ဌာနက ဇူလိုင်လ ၂၄ ရက်တွင် ဖော်ပြထားသည်။ 
Palm Oil Magazine က ကိုးကားဖော်ပြထားသည့် Reuters တင်းတစ်ပုဒ်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်ဆုံးမည့် ၂၀၂၅-၂၀၂၆ ဈေးကွက်နှစ်၏ ပထမရှစ်လတာကာလအတွင်း အိန္ဒိယ၏လစဉ်ပျမ်းမျှ ဟင်းသီး ဟင်းရွက်ဆီ တင်သွင်းမှုပမာဏမှာ တန်ချိန် ၁ ဒသမ ၃ သန်းရှိခဲ့ရာ ဇူလိုင်လမှ အောက်တိုဘာလကာလအတွင်း တင်သွင်းမှုပမာဏသည် လစဉ်ပျမ်းမျှတန်ချိန် ၁ ဒသမ ၅ သန်းအထိ ရှိလာမည်ဟု စားသုံးဆီလုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors’  Association of India-SEA) ၏ အမှုဆောင်ဒါရိုက်တာ Mr. B.V. Mehta က ယခင်ရာသီက ရိတ်သိမ်းရရှိထားသော သီးနှံလက်ကျန်များမှာ ကုန်ခါနီးဖြစ်နေပြီဖြစ်သ ဖြင့်ပဲပုပ်နှင့် မုန်ညင်းတို့ကို ကြိတ်ခွဲထုတ်လုပ်မှုနှေးကွေးသွားခဲ့ကြောင်း၊ ၎င်း၏ရလဒ်အနေဖြင့် ပြည်တွင်း၌ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှုကျဆင်းသွားခဲ့ပြီး နိုင်ငံအနေဖြင့်ပြည်ပမှတင်သွင်းမှုအပေါ် ပိုမိုအားထားလာရသည့် အခြေ အနေသို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။ 
"ယခင်နှစ်က ရိတ်သိမ်းရရှိထားတဲ့ သီးနှံလက်ကျန်များ ကုန်ခါနီးပြီဖြစ်လို့ ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ်မှုမှာ နှေးကွေးသွားခဲ့ပါတယ်။ ပြည်တွင်းမှာ ဟင်းသီးဟင်းရွက်ဆီ ရရှိနိုင်မှု လျော့နည်းလာသည်နှင့်အမျှ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် လာမယ့်လများအတွင်းမှာ တင်သွင်းမှုပမာဏကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်"ဟု SEA ၏ အမှုဆောင် ဒါရိုက်တာ Mehta က ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှုပမာဏ တိုးလာခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ကဲ့သို့သော အဓိကတင်ပို့သည့်နိုင်ငံများရှိ စားအုန်းဆီ (palm oil) နှင့် ပဲပုပ်ဆီ လက်ကျန်ပမာဏများ လျော့ကျသွားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ ဝယ်ယူလိုစိတ် ပိုမိုအားကောင်းလာခြင်းသည် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ (futures) နှင့် ကမ္ဘာ့ပဲပုပ်ဆီ ဈေးနှုန်းများကို အထောက်အပံ့ဖြစ်စေနိုင်သည်ဟု ဈေးကွက်လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။
ယခုလက်ရှိ ဈေးကွက်နှစ် (marketing year)  အတွက် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုပမာဏသည် တန်ချိန် ၁၆ သန်းရှိခဲ့သည့် ယခင်ရာသီနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆ ဒသမ ၃ သန်းခန့်အထိ ရောက်ရှိလာမည်ဟု Mehta က ခန့်မှန်း ထားသည်။
ဆီထွက်သီးနှံ ပြည်တွင်းထုတ်လုပ်မှုသည် တိုးတက်များပြားလာသော စားသုံးမှုပမာဏနှင့်လိုက်မီအောင် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကာလတစ်လျှောက်လုံးတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ ဟင်းသီး ဟင်းရွက်ဆီ လိုအပ်ချက်၏ သုံးပုံနှစ်ပုံနီးပါးကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုအားထားခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ပွဲတော်ကာလများ နီးကပ်လာသည်နှင့်အမျှ လာမည့်လများအတွင်း ပေးပို့မည့်စားအုန်းဆီနှင့် ပဲပုပ်ဆီဝယ်ယူမှုများကို ဆီသန့်စင်ထုတ်လုပ်သူများက စတင်တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်းSunvin Group၏ အမှုဆောင်အရာရှိချုပ် Mr. Sandeep Bajoriaက ပြောကြား ခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီ စားသုံးမှုပမာဏသည် သြဂုတ်လမှ နိုဝင်ဘာလအတွင်း များသောအားဖြင့် မြင့်တက်လေ့ရှိရာ ရာသီအလိုက် ဝယ်လိုအားမြင့်တက်လာမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆီသန့်စင် ထုတ်လုပ်သူများနှင့် ကုန် သည်များက စားသုံးဆီလက်ကျန်များကို စုဆောင်းထားလေ့ရှိကြသည်။
အိန္ဒိယနိုင်ငံသည် စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အဓိကဝယ်ယူတင်သွင်းပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကိုမူ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

ဒေါ်သီ (DOCA)

Source: Palm Oil Magazine, Jakarta, June 24, 2026
Link:  https://www.palmoilmagazine.com/market/2026/07/26/indias-rising-vegetabl...