Main menu

Background

ကမ္ဘောဒီးယားထွက် ပိန္နဲသီးများ တင်သွင်းရန် တရုတ်နိုင်ငံနှင့် သဘောတူ

Thu, 08/13/2026 - 14:30 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သောပိန္နဲသီးများ တင်သွင်းခွင့်ပြုကြောင်း တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကကြိုဆိုလက်ခံကြောင်း၊ နှစ်နိုင်ငံလုံးမှ အဆင့်မြင့်အရာရှိကြီးများ၏ သဘောတူညီချက်သစ်နှစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဇူလိုင် ၁၅ ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးDith Tina  နှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဝန်ကြီးSun Meijunတို့သည် ဝန်ကြီးDith Tinaလိုက်ပါသွားခဲ့သည့် ဝန်ကြီးချုပ် Hun Manet၏ နိုင်ငံတော်အဆင့် ခရီးစဉ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အဆိုပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။
နှစ်နိုင်ငံလုံးသည် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောပိန္နဲသီးတင်ပို့ရေးအတွက်အပင်ပိုးမွှာကင်းစင်ရေး လိုအပ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အပင်နှင့် တိရစ္ဆာန် ရောဂါပိုးမွှားကူးစက်မှုမရှိစေရန် စစ်ဆေးခြင်းနှင့် ဘေးကင်းသော  စားသောက်ကုန်များ တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ  (MoU)  တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 
အဆိုပါ သဘောတူညီချက်များသည် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးအပေါ် ယုံကြည်မှုခိုင်မာစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပေါ်လွှင်စေသည့် ထူးခြားသောအောင်မြင်မှုများဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။                                                                                                                                                    ပြည်တွင်းနှင့် နိုင်ငံတကာဈေး ကွက်များအတွက် လေချူသီးနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များကို ဝယ်ယူထုပ်ပိုးသည့် ကုမ္ပဏီတစ်ခုဖြစ်သောPechenda Fruit Production ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Phot Saphanborey က ဇူလိုင် ၁၇ ရက်တွင် The Post သတင်းဌာနသို့ ပြောကြားချက်အရ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာဈေးကွက်များသို့  ပိုမိုဝင်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံ၏ သစ်သီးဝလံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ပိုမိုမြင်တွေ့ရသည့်အတွက် စိတ်ကြည်နူးမိကြောင်း၊ ပိန္နဲသီးသည်သက်တမ်းအတန်အသင့်ရှည်သော သီးနှံတစ်မျိုးဖြစ်သောကြောင့် ပို့ကုန်အလားအလာကောင်းသော ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာအရှိဆုံး စိုက်ပျိုးရေး ထွက်ကုန်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ပိန္နဲပင်၏ အသီးသီးနိုင်မှုပမာဏမှာ လေချူသီးသို့မဟုတ် ဒူးရင်းသီးတို့ထက် လျော့နည်းသော်လည်း မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ပိန္နဲပင် စိုက်ပျိုးမှုကို တိုး ချဲ့စိုက်ပျိုးလာခဲ့ကြာကြောင်း၊ ပိန္နဲပင်စိုက်ပျိုးသည့် ဧရိယာသည် လေချူသီးစိုက်ပျိုးမှုဧရိယာထက် များစွာသေးငယ်နေသေးသော်လည်း စိုက်ပျိုးရေးကုမ္ပဏီအများအပြားမှာ ပိန္နဲသီးစိုက်ခင်းများကို ယခင်ကထက် တိုးချဲ့စိုက်ပျိုးလာနေကြကြောင်းသိရှိရသည်။
ဆက်လက်၍Saphanboreyက ကမ္ဘောဒီးယားနိုင်ငံသည် သရက်သီး၊ ငှက်ပျောသီး၊ လေချူသီးနှင့် ဒူးရင်းသီးအပါအဝင် လတ်ဆတ်သောသစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယာနိုင်ငံအစိုးရအနေဖြင့် အခြားသော သစ်သီးဝလံများအတွက်လည်း တရားဝင်ဈေးကွက်ဝင်ရောက်ခွင့်ရရှိရန် ရှာဖွေနေကြောင်း၊ သို့သော်လည်း ကမ္ဘောဒီးယားနိုင်ငံတွင် သစ်သီးဝလံများ ပိုးသတ်သန့်စင်ခြင်းနှင့်ပြုပြင်ခြင်းဆိုင်ရာ ခေတ်မီအထောက်အပံ့ပစ္စည်းများနှင့် လုံလောက်သော သိုလှောင်ရုံ အခြေခံအဆောက်အအုံများ လိုအပ်နေသေး၍   ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အတားအဆီးများစွာနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်ဝင်ရောက်မှုကို ခွင့်ပြုပြီးဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံမှ လုပ်ဆောင်ရန်လုပ်ငန်းများစွာရှိနေသေးပါကြောင်း အထူးသဖြင့်  ပို့ကုန်လုပ်ငန်းစဉ်နှင့်ထုတ်ကုန် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များတွင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရှိရသည်။

မြတ်လဲ့လဲ့မွန်(DOCA)

Source:  The Phnom Penh Post, 17 July, 2026