တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံအကြား ခရီးသွားလာမှုပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကိုရီးယားလေကြောင်းလိုင်းများသည်ပေကျင်း၊ ရှန်ဟိုင်းကဲ့သို့ အဓိကမြို့ကြီးများအပြင်တရုတ်နိုင်ငံရှိဒေသတွင်းမြို့များသို့ပါ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
Jin Air သည် စက်တင်ဘာ ၁၇ ရက်မှစ၍ အင်ချွန်း-ယီချန်း (Yichang) ခရီးစဉ် စတင်ပြေးဆွဲမည်ဖြစ်ပြီးQingdao နှင့် Yantai ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ Eastar Jet သည် စက်တင်ဘာ ၁ ရက်မှစ၍ Daegu-Zhangjiajie ခရီးစဉ်ဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်နိုင်ငံရှိDatong ၊ Nantong နှင့် Ningbo သို့လည်း အထူးခရီးစဉ်များပြေးဆွဲမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ကိုရီးယား-တရုတ် လေကြောင်းခရီးစဉ်များမှ ခရီးသည် ၉ ဒသမ ၅၄ သန်း သွားလာခဲ့ပြီးယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံမှ ကိုရီးယားသို့ ဝင်ရောက်သည့်ခရီးသွား ဦးရေမှာလည်း ၃ဒသမ ၂၁ သန်းရှိပြီး ၂၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံလေကြောင်းပျံသန်းခွင့်များကို တိုးမြှင့်ရန်သဘောတူထားသဖြင့် အပတ်စဉ်ခရီးသည်တင်လေယာဉ် ပျံသန်းခွင့်များကို ၆၀၈ ကြိမ်မှ ၆၆၄ ကြိမ်အထိ တိုးမြှင့်သွားမည်ဖြစ်ပြီး ကိုရီးယားဒေသတွင်း လေဆိပ်များနှင့် တရုတ်နိုင်ငံမှ မြို့ ၁၀ မြို့အကြား ခရီးစဉ်များကိုလည်း တိုးချဲ့မည်ဖြစ်သည်။
ဒေသတွင်းလေဆိပ်များမှ တရုတ်ခရီးသွားဝင်ရောက်မှုမှာ ပိုမိုမြန်ဆန်စွာတိုးတက်လျက်ရှိပြီးပထမနှစ်ဝက်တွင်တရုတ်မြို့များမှကိုရီးယားဒေသတွင်းလေဆိပ်ငါးခုသို့ ခရီးသည် ၆၆၅၀ဝ၀ ခန့် ဝင်ရောက်ခဲ့ကာ ယခင်နှစ်ထက် ၂၈ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဇွန်လတွင်Gimhae ၊Daegu နှင့် hf Cheongju အပါအဝင် ဒေသတွင်းလေဆိပ်များမှ ဝင်ရောက်မှုမှာ ၄၂ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
တရုတ်ခရီးသွားများ၏ ခရီးသွားပုံစံမှာလည်း အုပ်စုလိုက်ခရီးစဉ်နှင့် အခွန်လွတ်ဈေးဝယ်ခြင်းကို အဓိကထားသည့်ပုံစံမှအစားအသောက်K-popနှင့် ဒေသတွင်းအတွေ့ အကြုံများကို အာရုံစိုက်သည့်တစ်ဦးချင်း ရက်တိုခရီးစဉ်များသို့ ပြောင်းလဲလာကြောင်းKorea Tourism Organization (KTO) က ဆိုသည်။
ဗီဇာစည်းမျဉ်းဖြေလျှော့ပေးမှုကလည်း ခရီးသွားလာမှုတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ ကျွမ်းကျင်သူများက လက်ရှိကိုရီးယား-တရုတ်လေကြောင်း ဈေးကွက်ပြန်လည်ကောင်းမွန်လာမှုသည် ခရီးသွားလုပ်ငန်းတစ်ခု တည်းသာမက စီးပွားရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ ပြန်လည်တိုးတက်လာခြင်းနှင့်ပါ ဆက်စပ်နေသည့် ရေရှည်ပြန်လည်နာလန်ထူမှုဖြစ်ကြောင်း သုံးသပ်ထားသည်။
ရေရှည်တွင် ကိုရီးယားဒေသတွင်းလေဆိပ်များနှင့် တရုတ်နိုင်ငံရှိဒေသတွင်းမြို့များအကြား တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုများသည် နှစ်နိုင်ငံခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ် သည်။
ဝင်းပပသူ (စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)
သတင်းရင်းမြစ်။The Korea Times Website
