Main menu

Background

ဝယ်လိုအား ကြီးထွားနေတဲ့ ပြောင်း ဈေးကွက်ကို တည့်မတ်ဖို့ လိုအပ်လာ

Mon, 04/02/2012 - 08:15 -- Anonymous (not verified)

    နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို ညွှန်ပြနေတဲ့ ကုန်စည်တွေထဲမှာ ပြောင်းလည်း ပါဝင်ပါတယ်လို့ ပြောင်းတင်ပို့နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ လူဦးရေ တိုးတက်လာတာရယ်၊ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး အသားစားသုံးမှုများလာတာရယ်၊ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တာတွေနဲ့အတူ ရေနံအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ ဇီ၀ လောင်စာ ထုတ်လုပ်မှုတွေ တိုးတက်တာတွေကြောင့် ကမ္ဘာမှာ ပြောင်းသုံးစွဲမှုတွေ တိုးတက်လာနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု နှစ်စဉ်တန်ချိန် သန်းပေါင်း ၈၁၀ ကျော်ရှိပြီး ကုန်သွယ်မှုအနေနဲ့ တန်ချိန် သန်း ၉၀ ကျော် ရှိပါတယ်။ကမ္ဘာ့ပြောင်းထုတ်လုပ်၊ တင်ပို့၊ တင်သွင်းနိုင်ငံများ    ကမ္ဘာ့ထိပ်တန်း ပြောင်းသုံးစွဲမှု အများဆုံးနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ပထမ၊ အဲဒီနောက်မှာ တရုတ်၊ အီးယူ၊ ဘရာဇီး၊ မက္ကဆီကို၊ အိန္ဒိယ၊ ဂျပန် တို့ဖြစ်တာ တွေ့ရပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ တိရစ္ဆာန်အစာထုတ်လုပ်မှုသာမက ဇီဝလောင်စာသုံးစွဲမှု ကြီးမားလာတယ်ဆိုတာပါပဲ။ ကမ္ဘာမှာ ပြောင်း အဓိကတင်ပို့တဲ့နိုင်ငံတွေကတော့ အမေရိကန်၊ အာဂျင်တီးနား၊ ဘရာဇီးနဲ့  ယူကရိန်းတို့ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်းတင်သွင်းနေရတဲ့နိုင်ငံတွေကတော့ ဂျပန်၊ မက္ကစီကို၊ တောင်ကိုရီးယား၊ အီဂျစ်၊ တရုတ်တိုင်ပေ၊ ကိုလံဘီယာ၊ အီရန် စတဲ့နိုင်ငံ များပဲ ဖြစ်ပါတယ်။ စားသုံးမှုအများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန် ကတော့ ကမ္ဘာမှာ အများဆုံးပြောင်းထုတ်လုပ်သူဖြစ်လို့ စားသုံးမှု အပြင် ပြည်ပကိုပါ တင်ပို့နိုင်တာ အများဆုံးပဲ ဖြစ်တာ တွေ့ရပါတယ်။ ဒုတိယစားသုံးမှုအများဆုံး တရုတ် ကတော့ ပြည်တွင်း ထုတ်လုပ်မှု မလုံလောက်လို့  မကြာသေးတဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က တင်သွင်းနိုင်ငံစာရင်းဝင် ခဲ့တာ ဖြစ်ပါတယ်။ အလားတူ မက္ကစီကို နိုင်ငံကလည်း ထုတ်လုပ်မှုမှ အများဆုံး စာရင်းဝင်ပေမဲ့ တင်သွင်းရတာလည်း ဒုတိယအများ ဆုံးဖြစ်တာ တွေ့ရပါတယ်။     ၂၀၁၂ နှစ်စပိုင်းကတည်းက ၂၀၁၁ခုနှစ် ကမ္ဘာ့နှစ်ကုန်ပြောင်းလက်ကျန်က တန်ချိန် ၄ သန်းခန့်ကျ ဆင်းမယ်လို့ လေ့လာဆန်းစစ်သူများစွာက ခန့်မှန်းထားကြပါတယ်။ အကယ်လို့သာ တရုတ်နိုင်ငံက ပြောင်းတင်သွင်းမှု တိုးဦးမယ်ဆိုရင် ကမ္ဘာ့ပြောင်းသိုလှောင်မှုအချိုးက ၁၃ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ကမ္ဘာ့ပြောင်းဈေးကို အများကြီး သက်ရောက်နိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။ နောက်ပြီး တောင်အမေရိကတိုက်ရဲ့ရာသီဥတုပူနွေးလာမှုနဲ့ မိုးခေါင်မှုေ တွကြောင့် ပြောင်းနဲ့ ပဲပုပ်အထွက် လျော့နိုင်တာတွေကလည်း ဈေးနှုန်းမြင့်တက်မှုတွေ ကို ဖြစ်ပေါ်စေနိုင်တဲ့အကြောင်းရင်း များဖြစ်ပါတယ်။ကမ္ဘာ့ပြောင်းအများဆုံးတင်သွင်းတဲ့ ဂျပန်က ငလျင်ဒဏ်ကြောင့် သီးနှံတင်သွင်းမှု အနည်းငယ်လျော့မယ်    ဒီအထဲမှာမှ ကမ္ဘာမှာ ပြောင်းအများဆုံးတင်သွင်းသူနေရာယူထားတဲ့ ဂျပန်ကို လေ့လာ ကြည့်ရင် နှစ်စဉ်ပြောင်းတန်ချိန် ၁၆ သန်း တစ်ပတ်လည်သုံးစွဲနေရတာ လေ့လာတွေ့ရပါ တယ်။ အမေရိကန် စိုက်ပျိုးရေးဌာန စာရင်းအရ ပြည်တွင်းလိုအပ်တဲ့ ပမာဏအားလုံးကို လည်း တင်သွင်းရတာဖြစ်လို့ နှစ်စဉ် တန်ချိန် ၁၆ သန်းအထက် တင်သွင်းနေတာ လေ့လာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မှာတော့ မွေးမြူရေးထုတ်လုပ်မှု ကျဆင်းလို့ တင်သွင်းမှု ၅ ရာခိုင်နှုန်းလောက်လျော့ပြီး တန်ချိန် ၁၅ ဒသမ ၄ သန်းခန့် တင်သွင်းရတယ်လို့ ခန့်မှန်းထားပါတယ်။ အများစုတင်သွင်းမှု ၁၅ သန်းခန့်ကိုတော့ အမေရိကန်က ဖြစ်ပြီး ဒီနောက်ပိုင်းနှစ်တွေမှာ အမေရိကန်ပြောင်းဈေး ကြီးမြင့်လို့ ယူကရိန်း၊ ဥရောပနိုင်ငံ၊ ပင်လယ်ကွေ့နိုင်ငံတွေအပြင် အာရှနိုင်ငံတချို့ကလည်း တင်သွင်းလာတာ တွေ့ရပါ တယ်။ ၃ လပတ် တစ်ဖြတ်စီမှာ ပြောင်းတန်ချိန်ပျမ်းမျှ ၃ ဒသမ ၃ သန်း ဝန်းကျင် တင်သွင်းတယ်လို့ သိရပါတယ်။ယခုနှစ်မှာလည်း နိုင်ငံ မြောက်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံရဲ့ တိရစ္ဆာန် အစာ စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၇ ရာခိုင်နှုန်း ထုတ်လုပ်မှုရှိတဲ့ အဲဒီဒေသစက်ရုံတချို့ ပျက်စီးခဲ့တဲ့အတွက် သီးနှံတင်သွင်းမှုလျော့ကျနိုင် တယ်လို့ ခန့်မှန်း ထားတာတွေ့ရပါတယ်။၂၀၁၂ မှာ ကိုရီးယားပြောင်း တင်သွင်းမှု မြင့်တက်မယ်    ကမ္ဘာမှာ တတိယအကြီးမားဆုံး ပြောင်းဝယ်ယူတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း ယခင်နှစ် ခွာနာ လျှာနာ ရောဂါဖြစ်ပြီး တိရစ္ဆာန် အစာလုပ်ငန်းများ ဆုံးရှုံး ခဲ့ပြီးတဲ့နောက်ယခုနှစ်မွေးမြူရေးလုပ်ငန်း ပြန် ကောင်းလာတဲ့အတွက် ပြောင်းတင်သွင်းမှု မြင့်တက် နိုင်တယ် လို့ သိရပါတယ်။ မနှစ်က ပြောင်းတန်ချိန်  ၅ ဒသမ ၇၂ သန်းတင်သွင်းခဲ့ပြီး ယခုနှစ်မှာ တန်ချိန် ၆ သန်းအထိ တင်သွင်းနိုင်တယ်လို့ ကိုရီးယား တိရစ္ဆာန် အစာအသင်းမှ သီးနှံဝယ်ယူရေး ဒါရိုက်တာ Kim Chi Yong က ဆိုပါတယ်။    ပြည်တွင်းဝက်အုပ်အရေအတွက်က ၂၀၁၁ နှစ်ကုန် ပိုင်းမှာ ၈ ဒသမ ၁၇ သန်းရှိရာမှ ယခုနှစ် စက်တင်ဘာလမှာ ၉ သန်းအထိမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်အစားအစာအတွက် အသုံးပြု တဲ့ ပြောင်းနဲ့ဂျုံဈေးကွာဟမှု ကြီးမားမှုဟာ လွန်ခဲ့ တဲ့ နှစ်များအတွင်း ပိုမိုလာခဲ့ပါတယ်။ ဒါကြောင့်လည်း တိရစ္ဆာန်အစာ ထုတ်လုပ်သူတွေဟာ ယခင်နှစ်ကစပြီး ဂျုံထက်ပြောင်းကို ပိုမိုဝယ်ယူလာကြသလို ဒီနှစ် လည်း အဲဒီလိုဘဲ ပြောင်းကို ပိုမိုဝယ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။တိရစ္ဆာန်အစာပြောင်း တင်သွင်းဈေး က ယခုလက်ရှိ တစ်တန် ကန်ဒေါ်လာ ၃၂၀ ခန့်ရှိပြီး ဂျုံဈေးနှုန်းက ပြောင်းထက် တစ်တန် ကန်ဒေါ်လာ ၃၀-၄၀ ခန့်ပိုမိုနေပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဈေးနှုန်း ၂ ခုကွာခြားမှုဟာ ၅ ဒေါ်လာ-၁၀ ဒေါ်လာခန့် သာ ရှိပါတယ်။    ကိုရီးယားအစာစပ်လုပ်ငန်းရှင်တွေက တောင်အာဖရိကနဲ့ တောင်အမေရိကားက ပြောင်းအရည် အသွေးပိုကောင်းလို့ အမေရိကန်ပြောင်းထက်ပိုပြီး တင်သွင်းဖွယ်ရှိနေပါတယ်။ ယခင်နှစ်က တောင် အာဖရိက ပြောင်းတန်ချိန် ၈ သိန်းခန့် တင်သွင်းခဲ့ပြီး အကြီးဆုံးရောင်းချတဲ့ အမေရိကားမှ ဝယ်ယူမှုမှာ ၁၉ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၄ ဒသမှ ၈၄ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ပြောင်းတင်သွင်းမှု အရှိန်ပိုမြင့်လာတဲ့ တရုတ်နိုင်ငံကလည်း ပိုမိုတင်သွင်းလာနိုင်    တရုတ်နိုင်ငံရဲ့ ပြောင်းထုတ်လုပ်မှုကလည်း အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ လက်ရှိခန့်မှန်းထားတဲ့ တန်ချိန် ၁၉၁ သန်းထက် ၅ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့်ထိ လျော့ကျပြီး တန်ချိန် ၁၆၈-၁၈၅ သန်း အတွင်းသာရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ နိုင်ငံတော် အရန်သိုလှောင်မှု ကလည်း တန်ချိန် ၁၀-၁၂ သန်းလောက်အထိသာ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။    လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်နိုင်ငံဟာ ပြောင်းတန်ချိန် ၁၂ သန်းလောက်အထိ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ တဖြည်းဖြည်းနဲ့ ပြောင်းတင်သွင်းသူဖြစ်လာပြီး ယခုနှစ်မှာ ပြောင်းတန်ချိန် ၅ သန်းခန့် တင်သွင်းရဖွယ်ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှု တဖြည်းဖြည်းကြီးထွားနေရာ ၂၀၁၆ ခုနှစ်မှာ တန်ချိန် ၆ သန်းအထိ တင်သွင်းရဖွယ်ရှိတယ်လို့ ဆိုပါတယ်။မြန်မာ့ပိုလျှံပြောင်း တင်ပို့မှု ယခုနှစ် ထူးထူးခြားခြားပိုလာ    မြန်မာနိုင်ငံအနေနဲ့ ပြောင်းထုတ်လုပ်မှုက သုံးစွဲမှုထက် ပိုလျှံတဲ့အတွက် နှစ်စဉ်အနည်းနဲ့ အများ တင်ပို့လာခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ အစေ့ထုတ်ပြောင်းထုတ်လုပ်မှု တန်ချိန် ၁ သန်းကျော်ပြီး သုံးစွဲမှုတန်ချိန် ၅ ဒသမ ၃ သိန်းကျော်နဲ့ ပိုလျှံတန်ချိန် ၅ ဒသမ ၆၃ သိန်းကျော်ရှိမယ်လို့ ခန့်မှန်း ထားကြောင်း သက်ဆိုင်ရာဌာန စာရင်းတွေအရ သိရပါတယ်။ ပြည်ပတင်ပို့မှုကို လေ့လာရာမှာ တော့ ယခုနှစ်မှာ ထူးထူးခြားခြားနဲ့ တန်ချိန် ၇ ဒသမ ၈ သိန်းကျော်ထိ တင်ပို့ထားပြီးဖြစ်လို့ ယခင်နှစ်တွေတင်ပို့တဲ့ ပမာဏထက် ၂ ဆနီးပါးပိုမိုတာတွေ့ရပါတယ်။ နှစ်အ လိုက်တင်ပို့မှုတွေ ကို တင်ပြလိုက်ပါတယ်-                ၂၀၀၆-၀၇    ၂၀၀၇-၀၈    ၂၀၀၈-၀၉    ၂၀၀၉-၁၀    ၂၀၁၀-၁၁    ၂၀၁၁-၁၂တန်ချိန်           ၂၈၁           ၂၉၅           ၃၅၆          ၃၅၆             ၄၇၈          ၇၈၀(ထောင်ပေါင်း)တန်ဖိုး              ၄၀             ၆၀            ၇၄             ၇၄            ၁၁၉          ၂၁၈(ကန်ဒေါ်လာသန်း)ပင်လယ်ရေကြောင်းထက် နယ်စပ်မှ တင်ပို့မှု အားသန်လာ    ပြီးခဲ့တဲ့ ၂၀၀၈ ရှေ့ပိုင်းနှစ်တွေမှာ ပြောင်းတင်ပို့မှုကို ပင်လယ်ရေ ကြောင်းကတင်ပို့တာပိုမိုခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ တရုတ်နယ်စပ်မှ တစ်ဆင့် တင်ပို့မှုပိုများလာခဲ့ပါတယ်။ ဒီနှစ်လက်ရှိအချိန်ထိ တင်ပို့ထားတဲ့ အနက်ပင်လယ်ရေကြောင်းမှ ၁ ဒသမ ၆၆ သိန်းကျော်သာတင်ပို့နိုင်ပြီး တန်ချိန် ၆ သိန်းကျော်မှာ နယ်စပ်မှတစ်ဆင့်တရုတ်ကို တင်ပို့တာ ဖြစ်ပါတယ်။ ယခင် ၂၀၁၀-၁၁ အတွင်းမှာ လည်းစုစုပေါင်းတန်ချိန် ၄ ဒသမ ၇၈ သိန်း တင်ပို့ခဲ့တဲ့အနက် ပင်လယ်ရေကြောင်းက တန်ချိန်  ၅ သောင်းခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ပိုလန်၊ စင်ကာပူ၊ ယူအေအီး၊ ဗီယက်နမ်၊ ပါကစ္စတန်တို့ဖြစ်ပြီး အများဆုံး တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူကို ဖြစ်ပါတယ်။တရုတ်က ပြောင်းတင်သွင်းခွန် မြှင့်ထား    မြန်မာနိုင်ငံရဲ့ ပြောင်းများ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့ရာမှာ အဓိကအားဖြင့် တရုတ် နိုင်ငံမှာ စိုက်ပျိုးလျက်ရှိတဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ သကြားအစရှိတဲ့ ကုန်ပစ္စည်းတွေရဲ့ တင်သွင်းခွန်တွေကို ရာခိုင်နှုန်းအ တော်များများ မြှင့်တင်ထားတာတွေ့ရပါတယ်။ အဲဒီလို အရှိန်မြင့်တဲ့အတွက် သူတို့အကျိုး အမြတ် ကာမိအောင် ဈေးလျှော့ဝယ်ယူတဲ့အတွက်  မြန်မာကုန်သည်တွေအနေနဲ့ ဟိုဖက်နိုင်ငံပေါက်ဈေး အတိုင်း မရရှိကြဘူးလို့ သိရပါတယ်။ နှစ်ဖက်စလုံးမှာ တရားဝင်လမ်းကြောင်းမှ ရောင်းဝယ်နိုင်ရေး သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်သူတွေနဲ့ အစိုးရဌာနများက တစ်ဖက်နိုင်ငံနဲ့ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒအရ ပြည်တွင်းစိုက်ပျိုးတဲ့ တောင်သူတွေရဲ့ ရောင်းဈေးကို အကာအကွယ်ပေးတဲ့အနေနဲ့ အခွန်နှုန်းထားကို ပြောင်း၊ ဆန်တို့အတွက် ၆၀-၆၅ ရာခိုင် နှုန်းအထိ တိုးမြှင့်ကောက်ခံထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းအစားထိုးစိုက်တဲ့ သီးနှံထွက် ကုန်အနေနဲ့သာ ပြောင်းကိုတာ တန်ချိန်နှစ်သောင်းသာ တရုတ်နိုင်ငံက ခွင့်ပြုထားတယ်လို့လည်း သိရ ပါတယ်။ ဈေးသာတဲ့ဘက်ရောင်းပေမဲ့ ဈေးချိုးလို့မရအောင် ကုန်ပုံအောတာမျိုး မဖြစ်ရအောင် သတိထားသင့်    ဘယ်လိုပဲဆိုစေကာမူ တောင်သူတွေကတော့ အကျိုးအမြတ်ပိုတဲ့သူကို ရောင်းချစမြဲဖြစ်လို့ နယ်စပ်မှ တစ်ဆင့် ပမာဏကြီးကြီးမားမားတင်ပို့တာပဲ ဖြစ်ပါတယ်။ လက်ရှိဈေးနှုန်းအရဆိုရင်လည်း မူဆယ်မှာ တရုတ်က ဝယ်ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၃၁၈ ရှိနေပြီး ဘုရင့်နောင်ကုန်စည် FOB ဈေးက ကန်ဒေါ်လာ ၂၅၅ ဖြစ်တဲ့အတွက် နိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသထွက်ပြောင်းတွေက နီးစပ်ရာ ဈေးသာတဲ့ ဒေသကိုပဲ ထွက်ကြတာဖြစ်ပါတယ်။ လက်ရှိ ဈေးအရ ဈေးပိုရလို့ တရုတ်နယ်စပ်ကတင်ပို့နေကြရတာ မှန်ပေမဲ့ တရုတ်ကုန်သည်တွေရဲ့လက်ကိုင်ထား တဲ့ မြန်မာဘက်မှာ ကုန်ပုံအောနေရင် ဈေးရိုက်ချပြီး ကုန်ရှားပြီး ဝယ်လိုအားကောင်းတဲ့အချိန် ဈေးမြင့်ပေး ဝယ်ယူတဲ့ အခြေအနေမျိုးကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။ဝယ်ယူစားသုံးမှု ကြီးထွားခြင်းနဲ့အတူ ဈေးနှုန်းလိုက်ပါ မြင့်တက်    ကမ္ဘာ့ပြောင်းသုံးစွဲမှုကြီးထွားနေတာနဲ့ အမျှ ပြောင်းဝယ်လိုအားတိုးတက်နေမှာဖြစ်သလို မိမိတို့ရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကလည်း တစ်နှစ်ထက်တစ်နှစ် တိုးပြီးဝယ်ဖို့ပဲရှိပါတယ်။ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ၊ ရေမြေအနေအထားအရ သီးနှံထုတ်လုပ်မှုကြီးထွားနှုန်းက တိုးတက်နေတဲ့ လူဦးရေ၊ ကြီးထွားနေတဲ့ စားသုံးမှုတို့အရ ကမ္ဘာ့ပြောင်းဝယ်လိုအားကို အမီလိုက်နိုင်မှုက နှေးကွေးလာနေပြီ ဖြစ်ပါ တယ်။ ဒီလိုအခြေအနေမျိုးမှာ ကမ္ဘာ့စား နပ်ရိက္ခာသီးနှံဈေးတွေနဲ့ အတူ ပြောင်းဈေးလိုက် ပါမြင့် တက်လာ တာ ဓမ္မတာပဲဖြစ်ပါတယ်။တောင်သူများ အကြွေးသံသရာထဲက လွတ်အောင် အထောက်အပံ့ပြုဖို့ လိုအပ်    ဒီလိုအလားအလာကောင်းတဲ့ သီးနှံကို စိုက်ပျိုးထွက်ရှိတဲ့ မိမိတု့ိနိုင်ငံအနေနဲ့ ပိုမိုထွက်ရှိလာအောင် လုပ်ဆောင်ဖို့လိုသလို ထုတ်လုပ်တဲ့အခြေခံတောင်သူတွေ ထုတ်လုပ်နိုင်စွမ်းရှိလာဖို့လည်း ကူညီပံ့ပိုးဖို့လို အပ်နေပြီမဟုတ်ပါလား။ ရာသီဥတုကောင်းမွန်ပြီး သီးနှံထွက်ချိန် ထိုက်သင့်တဲ့ဈေးရရှိရင် အကျိုးအမြတ် အသင့်အတင့်ရရှိပေမဲ့ ရာသီဥတုကမကောင်း၊ အထွက်ကကျ၊  သွင်းအားစုဈေးနှုန်းတွေက ကြီးမြင့်ပြီး ရောင်းဈေးကမရရင်တော့ရှမ်းပြည်တောင်ပိုင်းကတောင်သူကြီးတစ်ဦး ဆွေးနွေးသလို စိုက်ပျိုး တဲ့ တောင်သူ တွေ အကြွေးသံသရာမှာ နစ်မွန်းနေရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေကနေ လွတ်မြောက် ပြီး တောင်သူ တွေရဲ့ ဝင်ငွေတိုးပြီး လူနေမှုဘဝမြှင့်တင်နိုင်ဖို့အတွက် သွင်းအားစုကို ဈေးသက်သက် သာသာ နဲ့ ဖြန့်ဖြူးပေး သလို ငွေကြေးထောက်ပံ့မှုတွေနဲ့ အတူ သီးနှံပေါ်ချိန်ဈေးထိုးကျရင် လည်း ဈေးနှုန်းတစ်ခုနဲ့ အထောက်အပံ့ပြုဝယ်ယူပေးနိုင်ဖို့ လိုအပ်ေ နပြီဖြစ်ပါတယ်။ ခုဆိုရင် နိုင်ငံေ တာ်အစိုးရကလဲ ကျေးလက်နေ တောင်သူများအတွက် ဆင်းရဲမှုလျှော့ချရေး စီမံကိန်းတွေ အကောင်အထည်ဖော်ေ နပြီဖြစ်လို့အဲဒီစီမံကိန်းနဲ့ အတူ ပြောင်းတောင်သူတွေအတွက် တစ်ဖက်က အခွင့်အလမ်းကောင်းများ ရယူပေးရမှာပဲ  ဖြစ်ပါတယ်။အရေးပါတဲ့ ပို့ကုန်သီးနှံအနေနဲ့ ခိုင်မာတဲ့ အုပ်စုဖွဲ့စည်းပြီး တည့်မတ်ဖို့လို    ဒီနှစ်အနေအထားအရဆိုရင် ပြောင်းတင်ပို့မှုက ရရှိတဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ၂၁၈ သန်းနီးပါးနဲ့ စုစုပေါင်း လယ်ယာထွက်ကုန်တင်ပို့မှုရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိလာပြီဖြစ်ပါတယ်။ ပြောင်းစိုက်တဲ့ ဒေသ အသီးသီးမှာ အရေးပါတဲ့ ပို့ကုန်သီးနှံတစ်ခု အနေနဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအုပ်စု တစ်ခုအဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဈေးနှုန်းထိန်းညှိဖို့လိုသလို စုစည်းတင်ပို့နိုင်ဖို့လည်း အကောင် အထည်ဖော်သင့်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ ပြည်ပတင်ပို့သူတွေနဲ့အတူတောင်သူ၊ ပွဲစားများ အပြင် ပြည်တွင်း အစာစပ်လုပ်ငန်းရှင်များနဲ့ မျိုးစေ့ရောင်းချသူများကလည်း အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပါ တယ်။ ပုဂ္ဂလိက အခန်းကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် နိုင်ငံတော်အနေနဲ့လည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးရမှာ ဖြစ်လို့ သက်ဆိုင်ရာအစိုးရဌာနများမှလည်း ဝိုင်းဝန်းတည့်မတ်ပေးကြရင်ဖြင့် အခြေခံတောင်သူတွေရဲ့ လူနေမှုဘဝတိုးတက်လာမှာဖြစ်သလို ပြောင်းထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍမှာလည်း ပိုမိုဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။    ပြောင်းကုန်သည်၊ တောင်သူများရဲ့ စကားသံများ မူဆယ်မြို့မှ ကုန်သည်တစ်ဦး    အခုတလော ပြောင်းတွေ အဝင်လျော့လာတယ်။ ဒေသတွင်းကုန်သည်တွေမှာ လက်ကျန်နည်း လာပြီး တရုတ်ဘက်က ဝယ်လိုအားရှိနေတော့ ဈေးကောင်းနေတယ်။ မတ် ၃၀ မှာ ပြောင်း  FOB ဈေးက ပိဿာ ၆၀ တစ်အိတ်ကို ကျပ် ၁၃၈၀၀ ဝန်းကျင်ရှိပြီးယခင်တစ်ပတ် မတ် ၂၃ ရက်က ကျပ် ၁၃၃၀၀ သာရှိခဲ့လို့ ဈေးမြင့်လာပါတယ်။ လက်ရှိရောက်လာတဲ့ ပြောင်းတွေကတော့ ဟိုဘက်က အဝယ်ရှိနေလို့ ရောက်ကုန်ပါ။ ဒီလထဲမှာ ပြောင်းဝင်ရောက်မှုက တော်တော်နည်းသွားပြီး ပုံမှန်အားဖြင့် ပြောင်းဝင်ေ ရာက်တာက နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ တစ်လ တန်ချိန် ၉ သောင်းဝန်းကျင်နဲ့ အများဆုံး ပဲ။ ဈေးနှုန်းကတော့ ကျွန်တော်အထင် တရုတ်ဘက် ထွက်ရှိတဲ့ အောက်တိုဘာလမှာ ဝယ်လိုအားနည်းလို့ ဈေးက အဲဒီလမှာ အနည်းဆုံးဖြစ်ပြီး မတ်လမှာ ဈေးပြန်မြင့်တက် တယ်။ ဒီနှစ် အောက်တိုဘာလမှာ ပြောင်း FOB တစ်တန်ကို ကန်ဒေါ်လာ ၂၇၅ ရှိခဲ့ပြီး ယခုမတ်လထဲမှာ ပျမ်းမျှ ကန်ဒေါ်လာ ၃၃၉-၃၄၀ လောက်ရှိနေပါတယ်။ တရုတ်ကုန်သည်တွေရဲ့ ဓလေ့အရ ဒီဘက်မှာ ကုန်တွေပုံနေရင် ဈေးချပြီး ဝယ်လေ့ရှိတယ်။ အခုလို ကုန်ရှားလာတဲ့အချိန်မှာတော့ ဈေးပိုပေးကြတယ်။ ဒါပေမဲ့လည်း သူတို့ဘက် မှာ ပေါက်တဲ့ဈေးထက် ဈေးဖြတ်ဝယ်ယူတာ ဖြစ်လို့ ကျွန်တော်တို့ကုန်သည်၊ တောင်သူတွေအတွက် ထိုက်သင့်တဲ့ ဈေးမရရှိဘူးပေါ့ဗျာ။ အလားအလာကတော့ တရုတ်ဘက်က ဝယ်လိုအားကြီးမားနေတော့ ပြောင်းကတော့ ဆက်ပြီးကောင်းမယ်လို့ ထင်ပါတယ်။ဦးပေါက်စီ၊ (တောင်သူ၊ ပွဲရုံလုပ်ငန်းရှင်) နန်းဟောင်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ်     ကျွန်တော်တို့ရွာက တောင်ကြီးနဲ့ မိုင် ၂၀ ဝေးပါတယ်။ ပြောင်းပွဲရုံထောင်ထားပြီး တစ်ဖက်မှာလည်း တောင်သူအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ပါတယ်။ ကျွန်တော်တို့ နန်းဟောင်းကျေးရွာအုပ်စုမှာ အဓိက စိုက်တာတော့ ပြောင်းနဲ့ ပဲစင်းငုံပဲဖြစ်ပါ တယ်။ မြေအနေအထားအရ ကုန်းခြံတွေများပြီး ရေရှိနိုင်တဲ့ မြေဧရိယာက ၂ ရာခိုင်နှုန်း လောက်ပဲရှိတာမို့ ဒီသီးနှံပဲ အဓိက ထားစိုက်ကြရတာဖြစ်သလို ဘယ်သီးနှံစိုက် ရင် တွက်ခြေကိုက်မလဲ မသိကြသေးတာကြောင့် လည်းပါပါတယ်။ တောင်သူ တစ်ဦးအနေနဲ့ ပြောရမယ် ဆိုရင်ကျွန်တော်တို့အဓိကစိုက်တဲ့ပြောင်းကအထွက်ပျမ်းမျှမှာမဆိုးပေမဲ့ ပဲစင်းငုံ ဆိုရင် ဒီဘက်က ရာသီဥတု အရ အသီးကောင်းကောင်း သီးပေမဲ့ အဆံထည့်ချိန်မှာတော့ နှင်းခါးရိုက်တာနဲ့ ကြုံရလို့ ပဲထွက်ရှိမှု မှာ မျှော်မှန်းသလိုမရပါဘူးဗျာ။ ဒါပေမဲ့လည်း မြေအနေအထားအရ ပြောင်း ၄ တန်းမှာ ပဲစင်းငုံ ၁ တန်းကို ရိုးရာမပျက် စိုက်ကြရတယ်လေ။ အခုဆိုရင် ဒီဒေသမှာ လမ်းပမ်းဆက်သွယ်ရေးတွေလဲ ကောင်းလာပြီ၊ လူအင်အားလည်း အပြည့်ရှိတယ်။ ဒါပေမဲ့ဈေးကွက်ရှိမယ့်သီးနှံကိုကျွန်တော်တို့ မြေနဲ့ သင့်တော်မဲ့ ပြောင်းနဲ့ ကြားညှပ် စိုက်နိုင်တဲ့ ပဲစင်းငုံအစား ပြောင်းလဲစိုက်လို့ရမယ်ဆိုရင် လိုချင်ပါတယ်ဗျာ။    ပြောင်းစိုက်ပျိုးမှုမှာ မနှစ်ကရာသီဥတုကောင်းလို့ တစ်ဧက ပိဿာ ၈၀၀ နှုန်းထွက်ပါတယ်။ ဒါပေမဲ့ ပြောင်းသိမ်းတဲ့အချိန်ဈေးက တစ်ပိဿာ ၁၆၀-၁၇၀ ကျပ်ဝန်းကျင်သာရှိလို့ ထုတ်လုပ်မှုစရိတ် အတွက် ယူထားရတဲ့ အကြွေးတောင် ကြေအောင် မဆပ်နိုင်တဲ့တောင်သူများပါတယ်။ ဒီနှစ် ဒီဇင်ဘာ ပြောင်း ပေါ်ချိန်မှာ တစ်ပိဿာ ၂၂၀ ကျပ်-၂၃၅ ကျပ် ရောင်းကြရပေမဲ့ ဒီနှစ် မိုးများပြီး ရာသီဥတုဖောက်ပြန်လို့ ပြောင်းအထွက်ပိဿာ ၅၀၀ လောက်သာ ထွက်တယ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာတုန်းက ဒေသတွင်း တစ်ပိုင် တစ်နိုင် ကြက်ခြံအစာစပ်သမားတွေ လိုအပ်လို့ ဝယ်ယူခဲ့လို့ တစ်ပိဿာ ၂၇၀ ကျပ်နဲ့ ၂ ရက် လောက် ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း ဈေးတက်မယ်မှန်းပြီး တောင်သူအချို့ ရောင်းမထုတ်ဘဲနဲ့ ထားကြရာက ဈေးပြန်ကျလာလို့ သူတို့လည်း တွက်ခြေမကိုက်ပါဘူး။     ကျွန်တော်က ပြောင်းပွဲရုံထောင်ပြီး တောင်သူစိုက်ပျိုးတဲ့အချိန် လိုအပ်တဲ့မျိုးစေ့၊ ဓာတ်မြေသြဇာနဲ့ ကျွဲခတ်ခတွေ ထုတ်ပေးပါတယ်။ ပြောရမယ်ဆိုရင် တောင်သူနဲ့ အကျိုးတူလုပ်တဲ့ သဘောပါ။ တောင်သူ ၁၅၀ ဦးလောက်ကို ၂၀၀၈ ခုနှစ်ကစပြီး ၃ ကျပ်တိုးနှုန်းနဲ့ ချေးငွေထုတ်ပေးတယ်။ ထွက်ရှိတဲ့ သီးနှံကို ကာလပေါက်ဈေးနဲ့ ပြန်သိမ်းပေးပါတယ်။ မနှစ်ကတော့ ဈေးမကောင်းလို့ ၂၅ ရာခိုင်နှုန်းလောက်ဘဲ အပြေအကျေပြန်ဆပ်နိုင်ကြတယ်။ တောင်သူတွေက သစ္စာဂတိတည်တယ်။ အလုပ်လဲကြိုးစားကြတယ်။ ထွက်သမျှသီးနှံကို ပြန်အပ်ကြတယ်။ ဒါပေမဲ့ တောင်သူတချို့ဆိုရင် ၂၀၀၉ ခုနှစ်ကစပြီး ယူတဲ့အကြွေးကို ဆပ်နေကြရတာ သူတို့ရောင်းချိန်မှာ ဈေးကမရတော့ အကြွေးဝဲဂယက်ထဲက မထွက်နိုင်အောင် ဖြစ်နေရပါတယ်။ ကျွန်တော်တို့အနေ နဲ့လည်း တောင်သူဖြစ်သလို ဒေသတောင်သူတွေနဲ့ ဆက်စပ်လုပ် ကိုင်ရတာဖြစ် လို့ တောင်သူေ တွ ရေရှည်အဆင်ပြေစေလိုပါတယ်။    ကျွန်တော် ကောမတ်စ်ဂျာနယ်ကို ဖတ်ရာကနေ အာလူးမျိုးနဲ့ ပတ်သက်လို့ သိလိုတာကို ဂျာနယ်ကို ဖုန်းဆက်မေးရင်းက ဂျာနယ်က ညွှန်ပြပေးလို့ တောင်ကြီးစီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုမြှင့်တင် ရေး (TPIS )နဲ့ ဆက်သွယ်ခဲ့ပါတယ်။ TPIS    ရုံးမှာ ဒုပြည်နယ်မန်နေဂျာနဲ့ ကျွန်တော်ကို တောင်သူအဖွဲ့ သွားရောက်ဆွေးနွေးချိတ်ဆက်ခဲ့လို့ အခုဆိုရင် အာလူးမျိုးကောင်းလည်းရရှိသလို ဂေါ်ဖီထုပ်အခြောက် ခံ ဝယ်ယူတဲ့ ကုမ္ပဏီနဲ့လည်း ချိတ်ဆက်ရရှိခဲ့ပါပြီ။ အခုဆိုရင် ကျွန်တော် ကိုယ်တိုင် အခြားတောင်သူတွေ လည်း အားကျစိုက်ပျိုးနိုင်အောင် ဂေါ်ဖီထုပ်စိုက်ပျိုးထားပါပြီ။ တောင်သူတွေ အကြွေးပြေလည်ဖို့ အတွက် ကြားရာသီမှာ ဈေးကွက်ရှိနေတဲ့ ဂေါ်ဖီထုပ်ကို စိုက်ပျိုးဖို့လည်း တတ်နိုင်သမျှ အားပေးတိုက် တွန်း နေပါတယ်။    ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အစုအဖွဲ့နဲ့ နှစ်ရှည်သီးနှံအဖွဲ့ ၂ ဖွဲ့ကို ကျွန်တော်တို့ အုပ်စုမှာ ဖွဲ့ထားပြီးဖြစ်လို့ နောင်နှစ်တွေမှာ ကျွန်တော်တို့ စုပေါင်းပြီး ပြောင်းကို ပြည်ပတင်ပို့နိုင်ဖို့အထိ ရည်မှန်းထားပါ တယ်။ကျွန်တော်တို့ေ တာင်သူတွေ အားရှိမှ အကျိုးအမြတ်ရှိမှ ဒေသလဲဖွံ့ဖြိုးမှာပါ။ အဓိက ဈေးကောင်းရမှ သူတိ့ုရဲ့ အရင်းအနှီးဖော်ထုတ်နို င်မယ်။ ပြောင်းသီးနှံပေါ်ချိန် တစ်ပိဿာ ၂၅၀ ကျပ် လောက်ရရင်တော့ အကျိုးအမြတ်ရှိမှာပါ။ အခုပြောင်းထယ်ရေးဝင်နေတဲ့အချိန် ခုလောလောဆယ် ဒီဇယ်ဈေးတက်နေတော့ ကုန်ကျစရိတ် ပိုတက်တော့မယ်။    ဒီတစ်ပတ်မှာတော့ပြောင်းဈေးနည်းနည်းတက်လာပါတယ်။ ရွာမှာ တစ်ပိဿာ ၂၆၅ ကျပ်ဈေးရှိပြီး တက်ချောင်အစာစပ် လုပ်ငန်းရှိတဲ့နေရာမှာ သွားရောင်းရင် ၂၉၅ ကျပ်ဈေးရပါတယ်။ ပြောင်းဈေးနည်းနည်း တက်လာခဲ့ပေမဲ့ အခုတောင်သူ လက်ထဲမှာ ပြောင်းက မကျန်တော့ဘူးဆိုတော့ တောင်သူတွေအနေနဲ့ အကျိုးအမြတ် မခံစားရတော့ဘူးပေါ့ဗျာ။ အဓိကတောင်သူေ တွ ပြောင်းထွက်တဲ့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ဈေးတက်မှ တောင်သူတွေ အကျိုးရှိမှာဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းစိုက်တောင်သူ၊ ဦးလှစိုး၊ ခေါင်းဆေးကျွန်းကျေးရွာ၊ ဟင်္သာတမြို့နယ်    အစေ့ထုတ်ပြောင်း ၈ ဧကစိုက်ပျိုးပါတယ်။ ယခင်နှစ်က တင်း ၈၀ ထွက်ပြီး၊ ယခုနှစ်တော့ တင်း ၇၀ ခန့် ထွက်ရှိပါတယ်။ ယခင်နှစ်ကပိဿာ ၂၀ တစ်တင်းကို ၆၀၀၀ ကျပ်ဈေးရရှိပြီးယခုနှစ် ၄၈၀၀ ကျပ်ဈေး ရရှိပါတယ်။ အစေ့ထုတ်ပြောင်းစိုက်တဲ့အခါ   CP (888)  မျိုးကိုသာ အများဆုံးစိုက်ပျိုးကြပါ တယ်။တစ်ဧကကုန်ကျစရိတ်မှာ၂၄၄၀၀၀ ကျပ်ဖြစ်ပြီး တစ်တင်း အကျိုးအမြတ်မှာ ၁၃၁၅ ကျပ် ဖြစ်ပါတယ်။ လက်ရှိအောင်မြင်ဖြစ်ထွန်းနေတဲ့  CP (888) မျိုး၊ အထွက်နှုန်းကောင်းပေမဲ့ သွင်းအားစု ဈေးနှုန်းတွေ ကို သက်သာတဲ့နှုန်းထားတွေနဲ့ ဖြန့်ဖြူးပေးရင် ထုတ်လုပ်မှုစရိတ် ဈေးကျပြီး ဈေးနှုန်းကျဆင်း တဲ့ဒဏ်ကို ခံနိုင်ကာအကျိုးအမြတ် ရနိုင်မယ်ထင်ပါတယ်။အရောင်းအဝယ်ဖြစ်မှု အခြေအနေကတော့ နေ့စဉ် ဖြစ်ပေါ် နေသော ဈေးနှုန်းများဖြင့် ကုန်စည်ဒိုင်ဈေးကွက်သို့ ရောင်းချကြပါတယ်။ဦးမိုးလွင်၊ ပဲပြောင်းကုန်သည်၊ လွိုင်ကော်မြို့    ကျွန်တော်တို့ ကယားပြည်နယ်မှာဒီနှစ်ဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေက အစေ့ထုတ်ပြောင်း တစ်ပိဿာ ကို အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၂၇၀ ကျပ်၊ ပဲစင်းငုံအဖြူ တစ်ပိဿာကို အနိမ့်ဆုံး ၅၀၀ ကျပ်၊ အမြင့်ဆုံး၅၄၀ ကျပ်၊ပဲစင်းငုံအနီ တစ်ပိဿာကို အနိမ့်ဆုံး ၆၅၀ ကျပ်၊ အမြင့်ဆုံး ၆၈၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ပွဲရုံအရောက်ဝယ်ယူတဲ့ဈေးနှုန်းများဖြစ်ပါတယ်။ ဒီနှစ် ပဲပြောင်းသီးနှံ စိုက်တောင်သူများ မိုးကြီးရေမြုပ်ခြင်း၊ ပိုးကျရောက်ခြင်း၊ နှင်းခါးကျရောက်ခြင်းနဲ့ အချို့တောမီးလောင်ခံ ရခြင်းတွေကြောင့်သီးနှံအထွက် ထိခိုက်မှုရှိပြီး ပဲပြောင်းဈေးတွေလဲ မကောင်းတော့ တောင်သူများ အတော် အခက်အခဲရှိကြရပါတယ်။ အချို့တောင်သူများပြောင်းမျိုးစေ့ဖိုးနဲ့မြေသြဇာဖိုးတွေကို အကြေပြန် မပေး နိုင်တာ တွေရှိပါတယ်။ နောင်နှစ်ကိုတော့  ရာသီဥတုဒဏ်ခံနိုင်တဲ့၊ အထွက်ကောင်းတဲ့ ၊ သက်တမ်းတိုတဲ့ သီးနှံမျိုးတွေ ပြောင်းလဲစိုက်ပျိုးမယ်လို့ စဉ်းစားထားပါတယ်။