Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ထီးတင်သွင်းခွင့်ပြု

Mon, 04/02/2012 - 08:51 -- Anonymous (not verified)

    နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ သွင်းကုန်လိုင်စင်ဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ထီး  တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မတ် ၂၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ညှိနှိုင်းရေး အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။    ကုန်သည်လုပ်ငန်းရှင်များ တရားဝင်လမ်းကြောင်းမှသာ ကုန်သွယ်မှုပြုလုပ်နိုင်ရေး၊ နိုင်ငံတော်မှ အခွန်အခအပြည့်အ၀ ရရှိရေး၊ ဈေးကွက်ဝယ်လိုအားဖြည့်တင်းပေးနိုင်ရေးအတွက် ထီးအားတရားဝင်သွင်းကုန် လိုင်စင်နဲ့ တင်သွင်းခွင့်ကို ကန်ပိုက်တီး နယ်စပ်ကုန်သည်များက တောင်းဆိုချက်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ကို ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံမှတစ်ဆင့် တင်ပြခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းအသီးသီးမှ သွင်းကုန်လိုင်စင်ဖြင့် ထီးအား မတ်လ ၂၃ ရက်နေ့မှစပြီး တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။    ယခင်ကအမှတ် (၁) စက်မှုဝန်ကြီးဌာနမှ ထီးထုတ်လုပ်မှုရှိခဲ့သော်လည်း ထုတ်လုပ်နိုင်မှုပမာဏဟာ ဈေးကွက် လိုအပ် ချက်ကို ပြည့်မီခြင်းမရှိခဲ့ပါဘူး။ ဈေးကွက်အတွင်းမှာ တရုတ်နဲ့ ထိုင်းနိုင်ငံထုတ်ထီးများသာ လွှမ်းမိုးနေရာရလျက်ရှိတာကို ကြည့်လျှင် တရားဝင်တင်သွင်းခွင့်မရှိသော်လည်း ဈေးကွက်ဝယ်လိုအားအရ နည်းလမ်းမျိုးစုံနဲ့ ပြည်တွင်းကိုဝင်ရောက်နေတာ ဖြစ်ပါတယ်။     နယ်စပ်စခန်းအသီးသီးမှ ထီးတင်သွင်းမှုကို ၂၀၀၀ ပြည့်နှစ် ဇူလိုင်လဆန်းပိုင်းကစပြီး ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က အမှတ် (၁) စက်မှုဝန်ကြီးတွင် စက်ရုံ (၂)ရုံ နဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက ထီးလုပ်ငန်း ကုမ္ပဏီများက ၎င်းတို့ရဲ့ကုန်အမှတ်တံဆိပ်အသီးသီးနဲ့ တရားဝင်မူပိုင်မှတ်ပုံ တင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော်လည်း တရုတ်နိုင်ငံလုပ်ထီးများကို တင်သွင်းရောင်းချသူအချို့က မြန်မာနိုင်ငံထုတ်ထီးတံဆိပ်အမျိုးမျိုးကို နယ်စပ်မှာ တုပထုတ်လုပ်ပြီး နယ်စပ်မှတစ်ဆင့် နည်းမျိုးစုံနဲ့ အခွန်အမျိုးမျိုးကို ရှောင်တိမ်းပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးေ ရာင်းချ နေတယ် လို့ ဖော်ထုတ်ရ ရှိချက်များကြောင့် မြန်မာ့စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နယ်စပ်မှ ထီးတင်သွင်းမှုကို ဟန့်တားပေး ရန် မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။         ယခုအခါမှာတော့ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်တဲ့ ထီးများမှာ ပြည်ပမှကုန်ကြမ်းပစ္စည်းများ တင်သွင်းပြီး ထုတ် လုပ်နေခြင်း၊ အမှတ် (၁) စက်မှုဝန်ကြီးဌာနအောက်ရှိ ထီးစက်ရုံများကိုလည်း လေလံတင် ထုခွဲရောင်းချရန် စီစဉ်ထား ပြီး ဖြစ်ခြင်း၊ ပြည်တွင်း ထုတ်လုပ်မှုလုံလောက်မှုမရှိခြင်းတို့ကြောင့် စက်မှုဝန်ကြီးဌာန အနေနဲ့လည်း ကန့်ကွက်ရန် မရှိကြောင်း သဘောထားကို ရရှိပြီးဖြစ်ပါတယ်။    ယခုကာလဟာ ကျောင်းဖွင့်ရာသီနဲ့ မိုးရာသီအမီ ကုန်ပစ္စည်းများစတင်တင်သွင်းစုဆောင်းတဲ့ကာလ ဖြစ်ပါတယ်။ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ မိုးကာ၊ ထီးစတဲ့ပစ္စည်းများ တစ်ဘက်နိုင်ငံကို ကုန်အမှာပေးပို့ခြင်း၊ စာချုပ် ချုပ်ဆိုခြင်းတို့ ပြုလုပ်ရမယ့်အချိန်မှာ တင်သွင်းခွင့်ပြုလိုက်တာဟာ အချိန်ကိုက်ဖြစ်ကြောင်း ထီးဖြန့်ဖြူးရောင်းချသည့် ကုန်သည်တစ်ဦးကဆိုပါ တယ်။                                                                                          ဂန္ဓမာ