Main menu

Background

လတ်(ဖ) ဖာ၏ အိုင်ဒီယာနှင့် မြန်မာနိုင်ငံ၏ အခွန်စနစ်သစ်

Sun, 04/08/2012 - 10:12 -- Anonymous (not verified)

လတ်(ဖ)ဖာပြောသောပုံပြင်    လွန်ခဲ့သောနှစ်ပေါင်း ၃၈ နှစ်ခန့်က အမေ ရိကန် စီးပွားရေးပညာရှင် အာသာလတ်(ဖ)ဖာ  (Arthur Laffer) ဆိုသော ပုဂ္ဂိုလ်သည် လူသိ များသောဂျာနယ်လစ်အချို့၊ နိုင်ငံရေးသမား အချို့ နှင့်အတူဝါရှင်တန်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စကားလက်ဆုံကြလျက် ရှိနေခဲ့ကြသည်။ ထိုသို့ ရှိနေစဉ်တွင် လတ်(ဖ)ဖာက လက်သုတ်ပဝါ တစ် ထည်ကို ရုတ်တရက်ဖြန့်ခင်း လျက် ထိုလက်သုတ် ပဝါပေါ်တွင် ပုံတစ်ပုံ ရေးဆွဲလိုက်သည်။ ဝင်ရိုး နှစ်ခုနှင့် မျဉ်းကွေးနှစ်ခုပါသော ပုံဖြစ်သည်။ ဝင်ရိုး နှစ်ခုအ နက် အလျားလိုက်ဝင်ရိုးတွင် အခွန်နှုန်း ထားများကို မှတ်သားထားပြီး၊ ဒေါင်လိုက်ဝင်ရိုး ပေါ်တွင် အခွန်ရငွေပမာဏ ကို ဖော်ပြထား၏။ ထို့ကြောင့် ထိုဝင်ရိုးနှစ်ခု အဆက်အစပ်နှင့် ရေး ဆွဲထားသော ထိုမျဉ်းသည် အခွန်နှုန်းထားနှင့် အခွန်ရငွေ ပမာဏတို့၏ ဆက်စပ်မှုကို ဖော်ပြနေ သောမျဉ်းကွေးဖြစ်သွားသည်။အာသာလတ်(ဖ)ဖာ ရေးဆွဲခဲ့သော ထိုမျဉ်းကွေးသည် လတ်(ဖ)ဖာ မျဉ်း ကွေးဟု ယခုတိုင်အောင် အမည်တွင်လျက်ရှိသည်။ အာသာလတ်(ဖ)ဖာသည် ထိုအိုင်ဒီယာဖြင့် ထို အချိန်က ဖြစ်ပျက်နေသော အမေရိကန်စီးပွားရေး အခြေအနေကို သုံးသပ်ဝေဖန်မှုများ ပြုလုပ်ခဲ့ သည်။ လွန်ခဲ့သော နှစ်များစွာက လတ်(ဖ)ဖာ အားထုတ်ခဲ့သော အိုင်ဒီယာကို ၂၁ ရာစုကာလ၊ ယခုအချိန်တွင်ပြန်လည် လေ့လာကြည့်သောအခါ အဘိုး၊ အဘွားတို့ ပြောပြခဲ့သည့် "ဟိုးရှေးရှေး တုန်း က" အစချီစကား နှင့်ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန် စာ တစ်ပုဒ်ကို ဖတ်ရှုရ သကဲ့သို့ ခံစား ရ သည်။ သို့သော် လတ်(ဖ)ဖာ၏ အိုင်ဒီယာသည် စိတ်ကူးယဉ်မဟုတ်၊ ၁၉၇၀ - ၁၉၈၀ ခုနှစ်ကာလ များ အတွင်းက လက် တွေ့ ဖြစ်ခဲ့သော အခြေအနေများမှ ပေါ်ထွက်လာ သဖြင့်လက်တွေ့ကျသော ပုံပြင်တစ်ပုဒ်ဟု တင်စား လောက်သည်။ လတ်(ဖ)ဖာ၏ အိုင်ဒီယာပုံကြမ်း    လတ်(ဖ)ဖာက  လေ့လာ  တွေ့ရှိချက်ကို အခြေအနေ (၃) မျိုးဖြင့် ခွဲခြားသည်။ ပထမ အခြေအနေတွင် အခွန် နှုန်းထားများ မြင့်မားလာ ချိန်၌ အခွန်ရငွေ ပမာဏ တိုးမြင့်လာမှုကို ဖော်ပြ ထားပြီး မျဉ်းကွေး၏ အထက်သို့တက်နေသော အပိုင်းတွင် ဤအခြေအနေရှိသည်ဟု ဆိုသည်။ ဒုတိယအခြေအနေကို မျဉ်းကွေး၏ အမြင့်ဆုံး အပိုင်းတွင် ဖော်ညွှန်းထားပြီး အခွန်ထမ်းဆောင်သူ များ အပြည့်အ၀ အခွန်ပေးဆောင်မှုရှိသော ကြောင့် အခွန်ရငွေပမာဏအများ အပြားရရှိသည့် အနေအထားဟု ဆိုသည်။ တတိယအခြေအနေ မှာမူ အခွန်နှုန်းထားများသည် အခွန်ထမ်းသူ များ၏ ပေးဆောင်နိုင်စွမ်း ကို ကျော်လွန်နေသော ကြောင့် အခွန် ရှောင်ကွင်းမှုများ အပါအဝင် အခြားသော အခက်အခဲမျိုးစုံဖြစ်ပေါ်ကာ အခွန် ရငွေ ပမာဏလျော့ကျခြင်းများ ရှိလာသည့် အခြေ အနေဟုထောက်ပြခဲ့သည်။ ထိုအခြေအနေမျိုး သည် မျဉ်းကွေး၏ အမြင့်ဆုံးနေရာမှ အောက်ဖက် သို့ ဆင်းလာသော အစိတ်အပိုင်းတွင်ရှိပြီး အခွန် စနစ်ကို ပြန်လည်စိစစ်သုံးသပ်၍ ပြင်ဆင်ရန် လိုသည့် အခြေအနေဟုလည်း အကြံပြုခဲ့သည်။    လတ်(ဖ)ဖာသည် အခွန်နှုန်းထား အပြောင်း အလဲ၏ သက်ရောက်မှုများကိုလည်း လေ့လာ ခဲ့သည်။ အထူးသဖြင့် အခွန်နှုန်းလျှော့ခြင်း၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။ အခွန်နှုန်း ထားလျှော့ချခြင်းသည် အလုပ်အကိုင် အခွင့် အလမ်းများပေါများလာနိုင်ပြီး ထိုအခြေအနေများ မှတစ်ဆင့် စီးပွားရေး အဆောက်အဦအတွင်းရှိ အခြားသောအခြေအနေများကို တိုးတက်ကောင်း မွန်လာစေတတ်သဖြင့် ပြည်သူများအနေဖြင့် အခွန်များကို ယခင်ကထက် ပိုမို ထမ်းဆောင် လာ နိုင်ကြလိမ့်မည်။ အစိုးရ၏ အခွန်ရငွေ ပမာဏ သည်လည်း တိုးတက်ရရှိလာနိုင်သည်ဟု ကောက် ချက်ချခဲ့သည်။ အာသာလတ်(ဖ)ဖာ၏ အိုင်ဒီယာ သည် ၁၉၈၀ ခုနှစ်ဝန်းကျင်က စီးပွားရေးအင်အား ကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတ ရော်နယ်ရေဂင်နှင့် ဗြိတိသျှဝန်ကြီးချုပ် မာဂရက် သက်ချာတို့ကို ဖမ်းစားထားနိုင်ခဲ့သည်။ သို့သော် လတ်(ဖ)ဖာ၏ အိုင်ဒီယာ အယူအဆပေါ်တွင် အခြေအတင်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ယတိ ပြတ် ပြောရန် ခက်ခဲသော အခြေအနေများလည်း ရှိနေခဲ့သည်။ မြန်မာနိုင်ငံ၏ အခွန်စနစ်သစ်    မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ ဈေးကွက်စီးပွားရေးစနစ်ကို နိဒါန်းပျိုး ကျင့် သုံးစ ကာလအတွင်း အခွန်စနစ်၏ အားနည်းချက် ပေါင်းများစွာနှင့် အခွန်ကောက်ခံမှု အပိုင်းတွင် စွမ်းဆောင်ရည်များ လျော့ပါးလျက် ရှိခဲ့သည်။ ဤအချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားရှိ အခွန်နှင့် ဂျီဒီပီအချိုးများကို နှိုင်းယှဉ်လေ့လာ ကြည့်ပါက သိသာစွာေ တွ့မြင်နိုင်သည်။ အာဆီယံ အဖွဲ့ဝင်(၁၀)နိုင်ငံထဲတွင် မြန်မာနိုင်ငံသည် အခွန်၊ ဂျီဒီပီ အချိုးအနည်းဆုံးဖြစ်သည်။ ပိုင်ဆိုင် ထား သော သဘာဝသယံဇာတရောင်းချရငွေနှင့် လူဦး ရေတို့ နှိုင်းယှဉ်ကြည့်ပါက ဝင်ငွေသင့်တင့်သည့် နိုင်ငံဟု ဆိုနိုင်သည့် ဘရူနိုင်းနိုင်ငံ၏ အခွန်နှင့် ဂျီဒီပီအချိုးမှာ ၃၀ နှင့် ၄၀ ဝန်းကျင်ရှိနေချိန်တွင် မြန်မာနိုင်ငံသည် ၃ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိနေလေသည်။    ယခုအခါမြန်မာနိုင်ငံသည် ဈေးကွက် စီးပွား ရေးစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တ ဖြည်းဖြည်း ရွေ့လျားနေပြီဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် အခွန်ရငွေသည် နိုင်ငံ့စီးပွားရေး အတွက်အရေးပါသော အကြောင်းတစ်ရပ် ဖြစ်၏။ ဒီမိုကရေစီနိုင်ငံ  အစိုးရတို့သည်  စီးပွားရေး လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျလုပ်၍ ဝင်ငွေရှာ ခြင်းထက် အခွန်ရငွေကို စနစ်တကျ ကောက်ခံ ကာ ပြည်သူရငွေ (အစိုးရဝင်ငွေ) ရှာဖွေတတ်ရန် လိုသည်။ အခွန်ရငွေ တို့ဖြင့် နိုင်ငံသားတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအပါအဝင် စီးပွား ရေး အဆောက်အဦတွင်း လိုအပ်သော အခြေ အနေများတွင် ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်သည်။ ထိုသို့ ပြည်သူတို့အတွက် ပိုမိုသုံးစွဲနိုင်ခြင်းအားဖြင့် ဒီမိုကရေစီအစိုးရ တစ်ရပ်အနေဖြင့် ပြည်သူတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နေသည်ကိုလည်း ပီပြင်စွာ ပြသနိုင်မည်ဖြစ်သည်။ ယခု ဒီမိုကရေစီ အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်များက အခွန်ရငွေ ပမာဏထက် အခွန်ရငွေကျပ် ၅၀၀ ဘီလီယံ တိုးမြင့်ရရှိရန် လျာထား ဆောင်ရွက်နေသည်ဟု သိရှိရသည်။ ထိုဆောင်ရွက်ချက်ကို အကောင် အထည်ဖော်နိုင်ရေးအတွက် ၂၀၁၂-၂၀၁၃ ခုနှစ် မှစ၍ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို စနစ်သစ်ဖြင့် ကောက်ခံသွား ရန် ပြင်ဆင်လျက်ရှိ သည်။ ထိုသို့အခွန်စနစ်သစ်ကို ကျင့်သုံးနိုင်ရေး အတွက်အခွန်ဆိုင်ရာနည်းဥပဒေ များနှင့် စည်းမျဉ်း စည်းကမ်းများ ကို အများပြည်သူများသိရှိအောင် ထုတ် ပြန်လျက်ရှိရာ မတ်လ ၁၅ ရက်က အမိန့် ကြော်ငြာစာအမှတ် ၁၀၂/၂၀၁၂ ဖြင့်ဝင်ငွေခွန် နည်းဥပဒေများကို လည်းကောင်း၊ အမိန့်ကြော်ငြာ စာ အမှတ် ၁၀၃/၂၀၁၂ ဖြင့်ဝင်ငွေခွန်စည်းမျဉ်း များ ကိုလည်းကောင်း၊ အမိန့်ကြော်ငြာစာ အမှတ် ၁၀၄/၂၀၁၂ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များကို လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၁၀၅/၂၀၁၂  ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်း ခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ကိုလည်းထုတ်ပြန်ပေးခဲ့သည်။ ဆက်လက်၍လည်း အခွန်စနစ်သစ်ကို အထောက်အကူပြုစေမည့် ကြော်ငြာထုတ်ပြန်ချက်များရှိလာပေဦးမည်။ အခွန် စနစ်သစ်သည် အဓိကအားဖြင့် မူလ အခွန်နှုန်း ထားများကို ဖြတ်တောက်ခြင်း၊  လျှော့ချခြင်းများ ပြုလုပ်ကာ အခွန်ကောက်ခံရမည့် နယ်ပယ်ကိုမူ တိုးချဲ့ ထားခြင်းဖြစ်သည်။ လတ်(ဖ)ဖာ၏အိုင်ဒီယာကို ဆန့်ထုတ်ကြည့် ခြင်း    လွန်ခဲ့သောနှစ်ပေါင်း ၃၈ နှစ်ခန့် တစ်ချိန် သောအခါက အမေရိကန် စီးပွားရေးပညာရှင် လတ်(ဖ)ဖာက "အခွန်နှုန်းများ လျှော့ချခြင်းသည် အခွန်ရငွေကို တိုးတက်စေနိုင်သည်" ဟူသော အ ယူအဆကို ဖော်ထုတ်ခဲ့သည်။ ၂၀၁၂- ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ အခွန် စနစ်သစ် သည်လည်း လတ်(ဖ)ဖာ၏ အိုင်ဒီယာကဲ့သို့ပင် သဘောတရားက ရှိနေသည်။ အာသာလတ် (ဖ)ဖာ၏ အိုင်ဒီယာသည် အခွန်နှင့်ပတ်သက်၍ ချွင်းချက်မရှိ ကိုးကားနိုင်သော ပြည့်စုံလှသော အနေအထားဖြင့်ရှိခဲ့သည်မဟုတ်။ အခြေအတင် ပြောဆို ဆွေးနွေးစရာများပြားလျက်ရှိပြီး၊ မပြီး ပြတ်သေးသော ပြဿာနာများ လည်း ရှိနေဆဲ ဖြစ်သည်။ အခွန်နှုန်းလျှော့ချရုံဖြင့် အခွန်ရငွေပမာဏ တိုးတက်ရရှိလာနိုင်သည်ကို လတ် (ဖ)ဖာ၏ အိုင်ဒီယာ အကိုးအကားဖြင့် ပြောဆိုနိုင်သော် လည်းလက်တွေ့ကျင့်သုံးမှုတွင်ကားထင်သလောက် ခရီးမပေါက်ခဲ့ပေ။ သမ္မတရေဂင် လက်ထက် အစိုးရ ရငွေများ ကျဆင်းပြီး တိုင်းပြည် စီးပွားရေး အခက်ကြုံခဲ့သည်က သာဓကအဖြစ် အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်သည်။ အခွန်နှုန်းထားနှင့် အခွန်ရငွေ ပမာဏ တို့ကို ဆက်စပ်စဉ်းစားတိုင်း ဝယ်လိုအား၊ ရောင်းလိုအား အလျော့အတင်းများ၊ အခွန်နှုန်း ကြောင့်လူတို့၏ အပြုအမူအပေါ် အကျိုးသက် ရောက်မှုများ၊ အခွန်အပေါ် အများပြည်သူတို့ ထားရှိသည့် သဘောထားများကိုလည်း ထည့် သွင်း စဉ်းစားရန်လိုမည်ဖြစ်ပေသည်။