Main menu

Background

မြို့ပြယာဉ်ကြော ပိတ်ဆို့သောအခါ

Mon, 05/21/2012 - 09:57 -- Anonymous (not verified)

မြို့ပြ၏သောကရုန်းကန်လှုပ်ရှားလျက် နေ့စဉ် ဘဝရပ်တည်မှုကို ဖြတ်သန်းနေ ရသောမြို့ပြနေသူတို့အတွက် မော်တော်ကားယာဉ်ကြော ပိတ်ဆို့ ခြင်းသည် ၎င်းင်းတို့၏ နေ့စဉ်ဘဝပြဿနာ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပြီးဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာခြင်းနှင့် တစ်ဦးကျ ဝင်ငွေမြင့်မားလာမှုတို့ကြောင့် မော်တော်ယာဉ်ဝယ်ယူ အသုံးပြုမှု ပိုမိုလာသော လူလတ်တန်စားတို့အတွက် ဘေးထွက် သက်ရောက်မှု ဝေဒနာအသစ် တစ်ရပ်လည်းဖြစ်သည်။ ဤသို့ဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတချို့၏ မြို့ပြမော်တော်ကား လမ်းမကြီးများပေါ်တွင် ကမ္ဘာအနှံ့ ကားစက်ရုံများမှ တိုးတက်ထုတ် လုပ်ထားသော မော်တော်ကားပေါင်းများစွာသည် နေ့စဉ်နှင့်အမျှ အင်နှင့် အားနှင့် ဝင်ရောက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုကား များကြောင့်ပင် ဖြစ်ပေါ်လာသော ယာဉ်ကြောပိတ်ဆို့မှုသည် မြို့ပြ၏ ဝေဒနာအဖြစ် တဖြည်းဖြည်း အမြစ်တွယ် ဖြစ်ပေါ်နေလေတော့ သည်။ ထိုပြဿနာကို ကြုံတွေ့ခံစားခဲ့ပြီးကြသော နိုင်ငံများတွင် အစီအစဉ် အမျိုးမျိုး နည်းလမ်းအသွယ်သွယ်တို့ဖြင့် ဖြေရှင်းဆောင် ရွက်နေသည်ကိုလည်း တွေ့ရ၏။ဝေဒနာဆိုးများယာဉ်ကြောပိတ်ဆို့မှုပြဿနာသည် တစ်ခါတစ်ရံမှသာ ကြုံ တွေ့ရနိုင်သော ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုး မဟုတ်တော့ ဘဲ နေ့စဉ်ကြုံတွေ့ခံစားနေရသည့် မြို့ပြဝေဒနာဖြစ်၏။ စီးပွားရေး၊ လူမှု ရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် မြို့ပြဝန်းကျင်၊ မြို့ပြလှုပ်ရှားမှုများ အပေါ် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်လည်း ကောင်း သက်ရောက်လျက်ရှိရာ မြို့ပြသားတို့မှာ လက်တွေ့ကျကျ နေ့စဉ်ခံစားနေရတော့၏။ သက်မဲ့မြို့ပြ၏ ခံစားမှုကို မြင်နိုင်စွမ်း မရှိသော်လည်း သက်ရှိ လူသား  မြို့ပြသားတို့၏ ခံစားမှုဝေဒနာ များကိုမူ ပကတိမြင်တွေ့နေရ၍ ၎င်းတို့နှင့်အတူ ထပ်တူထပ်မျှ ခံစား ပေးနိုင်လိမ့်မည်ထင်သည်။ပိတ်ဆို့မှုကို စောင့်ဆိုင်းရင်း ကုန်ဆုံးသွားသောအချိန်တို့သည် အချည်းအနှီးသာဖြစ်၏။ ထိုအချိန်များအတွင်း လုပ်ဆောင်ရမည့် စီးပွားရေး၊ လူမှုရေး၊ လှုပ်ရှားမှုတို့ကို လက်လွှတ်ပစ်လိုက်ရသည်။ တစ်ဦးတစ်ယောက်ချင်း၏ ကုန်ဆုံးသွားသော ထုတ်လုပ်မှုနဲ့ အချိန် တို့ကို ပေါင်းစပ်ကြည့်မိသည့်အခါ မြို့ပြဒေသတစ်ခုလုံး၏ ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ ပမာဏများများဖြစ်သွား သည်။ လုပ်ငန်း ခွင်၊ အစည်းအဝေး၊ သင်တန်းများသို့ အချိန်နောက်ကျစွာ ဝင်ရောက် ရမှု၊ ချိန်းဆိုမှုများအား နောက်ကျခြင်း၊ လွဲချော်ခြင်းစသဖြင့် အမျိုး မျိုးမပြေလည်မှုများ ဖြစ်ပေါ်လာရာ ကိုယ်ရေးကိုယ်တာထိခိုက်မှု များ လည်း ရှိလာသည်။လောင်စာဆီ အလဟဿ ကုန်ဆုံးမှုကိုလည်း ခံစားရမည်။ အကယ်၍ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ၊ ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်သူတစ်ဦးဖြစ်ခဲ့ပါက လေထုညစ်ညမ်းမှုများ၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ် ပေါ်လာမည့်ဆိုးကျိုးများနှင့် ကမ္ဘာကြီးပူနွေးလာမှုတို့ကိုပါ တွေး တောရင်း စိုးရိမ်ပူပန်မှုများကို ကြိုတင်တွေးပူနေလိမ့်မည်။ လီဘာ နင်းလိုက်၊ ဘရိတ်နင်းလိုက်၊ စက်နိုးလိုက်၊ စက်သတ်လိုက်တို့ကို စက္ကန့် မိနစ်အချိန်အတို အတွင်းမှာပင် မကြာခဏ လုပ်နေရသော ကား တစ်စီး၏ စက်ပိုင်းဆိုင်ရာ၊ အင်ဂျင်ပိုင်းဆိုင်ရာတို့ ကြာရှည် ခံနိုင်မှု လျော့ပါး လာနိုင်သည်။ ကားမောင်းသူရော၊ လိုက်ပါစီးနင်းသူတို့ပါ စိတ်ဖိစီးမှုတို့ အနည်းနှင့်အများ ဖြစ်ပေါ်ခံစားရ လိမ့်မည်။ တစ်နေ့ တည်း၊ တစ်ချိန်တည်းမဟုတ် နေ့စဉ်နေ့တိုင်း ကြုံတွေ့ဖြစ်ပေါ်နေ သောကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိလာမည်မှာ သေချာသည်။ အကယ်၍ မီးသတ်ကား၊ သူနာပြုယာဉ်ကဲ့သို့ အရေးပေါ်ကိစ္စ မော် တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုခံလိုက်ပါမူ ကြီးမားသောပြဿ နာများဖြစ်ပေါ်သွားနိုင်သည်။ ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေ သော အဓိကလမ်းမကြီးများအနီးရှိ လမ်းသွယ်များတွင်ပါ ဝေဒနာ ဆင့်ပွား ခံစားရပေလိမ့်မည်။ ဤသို့ဖြင့် ဝေဒနာဆိုးများကား တိုး ပွားရင် တိုးပွားလျက်သာရှိနေလေသည်။အဆိုးထဲက အကောင်းမော်တော်ယာဉ်ပိတ်ဆို့မှုသည် မော်တော်ယာဉ်ကို မောင်းနှင်  နေသူ၊ စီးနင်းသူများသာမက မြို့ပြနေသူများအပေါ်တွင် ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များ၌ ဆိုးကျိုးများစွာဖြစ်ပေါ်စေ သော်လည်း အနာဂတ်အတွက် ရလဒ်ကောင်းများ ဖန်တီးနိုင်စွမ်း ရှိသည်ဟုဆိုလျှင် ကြားရသူတို့ အံသြကောင်းအံ့သြနိုင်သည်။ အမှန် ပင် အဆိုးထဲ၌ အကောင်းကို ဦးတည်စေသော အခြေအနေများ ရှိနေသည်။ လမ်းမများပေါ်ရှိ မူလထက် အဆပေါင်းများစွာ တိုးလာ နေသော မော်တော်ယာဉ် ကြီး၊ ငယ်တို့ထံမှ  ထွက်ပေါ်လာသည့် လူတို့ကိုအန္တရာယ်ပေး ကာဗွန်ဓာတ်ငွေ့များကြောင့်လည်းကောင်း၊ ကားပိတ်ဆို့မှု ကို စောင့်ဆိုင်းရင်း အချည်းအနှီးကုန်ဆုံးရသော အချိန် တို့ကြောင့် နှောင့်နှေးကြန့်ကြာမှု၊ လွဲချော်မှုခံစားရရန် လည်းကောင်း၊ သည်းခံနိုင် စွမ်းနည်းသော ကားမောင်းသူတချို့၏  စိတ်လိုက်မာန်ပါ အပြုအမူတို့ကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သတိထားနေ ရသောကြောင့် တိုးလာသည့်စိတ်ဖိစီးမှုဒဏ်ခံစားရ၍လည်းကောင်း ယာဉ်ကြောပိတ်ဆို့မှုသည် အနုတ်လက္ခဏာ သာရှိသည်ဟု ဆိုကြ သည်။ သို့သော် ထိုအခြေအနေများကိုကြည့်၍ မြို့ပြနှင့် သက်ဆိုင် သည့် အာဏာပိုင်များ၊ စီမံခန့်ခွဲ သူများ ပေါ်လစီရေးဆွဲသူများ စဉ်း စားစရာများရှိလာနိုင်သည်။ အများပြည်သူတို့ ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုေ ဝဒနာ ဖြေလျှော့နိုင်ရေး အစီအမံများ ရှာဖွေ ကြလိမ့်မည်။ အဓိကအားဖြင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပံ့ပိုးမှုအပိုင်း ခေါင်းထဲရောက်လာကြလိမ့်မည်။ အခြားနိုင်ငံများ၏ ဖြေရှင်းမှုနည်းလမ်းအတွေ့အကြုံများ ရှာဖွေကြလိမ့်မည်။ တစ်ဦး တစ်ယောက်ချင်း ကားတစ်စီးချင်းထက် အများပြည်သူအစုအဝေး ဖြင့် စနစ်တကျ စီးနင်းအသုံးပြုနိုင်မည့် အများသုံး သယ်ယူပို့ဆောင် ရေးစနစ်တစ်ခု (အထူးသဖြင့် မြို့ပြရထားသယ်ယူပို့ဆောင်ရေးစနစ် အပါအဝင် အခြားသော  ကောင်းမွန်သည့် ဘတ်(စ်)ကားစနစ်) အကောင်အထည်ဖော်နိုင်ရေး စဉ်းစားမိနိုင်လိမ့်မည်။ ဤသို့ စဉ်းစားအဖြေရှာရင်း အနာဂတ်တွင် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်တို့ကို မြို့ပြသားတို့ ခံစားရလာနိုင်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ တွေးခေါ်မြော်မြင်မှုများအပေါ်တွင် သာ များစွာမူတည်သည်။