Main menu

Background

ပဲလောက၏ တတိယမျိုးဆက်သို့ တည်ဆောက်ပေးအပ်ခဲ့ရမယ့် အမွေ

Sun, 06/24/2012 - 05:15 -- Anonymous (not verified)

        ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် စတင်ချိန် ကစလို့ ပဲလောကလူမှုအသိုင်းအဝိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုပါက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကုန်စည်ဒိုင်ကို ဦးဆောင် ဦးရွက်ပြု ကြိုးစားပမ်းစား ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ယင်းအချိန် ကတည်းက ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြသူများကို "ပထမမျိုးဆက်"ဟုသတ်မှတ်၍ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက် ဈေးကွက် အတွင်းဝင်ရောက်လာသူ ယခုအသက် ၄၀ တစ်ဝိုက် မိမိတို့လူရွယ် များကို "ဒုတိယမျိုးဆက်"ဟု သတ်မှတ်မည်ဆိုလျှင် ၂၀၀၈ ပဲကိစ္စ အရှုပ်အရှင်းအပြီး ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ ယခုအသက် ၂၀ နှင့် ၃၀ ကြား လူငယ်များကိုတော့ ''တတိယမျိုးဆက်"ဟု ညွှန်းဆို ရပေတော့မည်။ဒီနေရာမှာ "ပထမမျိုးဆက်" နှင့် "ဒုတိယမျိုးဆက်'' အကြား နေ့စဉ်လူနေမှုဘဝနဲ့ ရှင်သန်နေထိုင်မှုပုံစံတွေကို နှိုင်းယှဉ်လေ့လာ ကြည်မည်ဆိုလျှင် ၎င်းတို့မျိုးဆက်နှစ်ခုအကြား ကွာခြားချက် ကျဉ်း မြောင်းလှပေမယ့် "ဒုတိယမျိုးဆက်" နှင့် "တတိယမျိုးဆက်''အကြား လူနေမှုဘဝပုံစံဟာ ကြီးစွာခြားနားသွားခဲ့ရပါတယ်။ Internet   အပါ အဝင် Information Technology (I.T) အခန်းကဏ္ဍရဲ့ ပေါက်ကွဲ တဲ့အရှိန်နဲ့ ပြောင်းလဲမှုတွေဟာ ဒီ''တတိယမျိုးဆက်"ရဲ့ နေ့စဉ်နေထိုင် မှုပုံစံတွေကို ကြီးစွာရိုက်ခတ်ပြောင်းလဲစေခဲ့ပြီး ရှေ့ကမျိုးဆက်နှစ်စုနဲ့ ကွာဟမှုတွေကို ကျယ်ပြောစေခဲ့ရတာပါ။ ဒီမျိုးဆက်သစ်လူငယ် တွေဟာ နံနက်ခင်းမိုးအလင်းအိပ်ရာအထမှာဘဲ ၎င်းတို့ရဲ့ ကိုယ်ပိုင် Moblie Phone, Tablet, Laptop စတာတွေကို အသုံးပြုပြီး Internet  ကွန်ရက်ကြီးမှတစ်ဆင့် ၎င်းတို့ရဲ့ ပြည်တွင်း ပြည်ပလူမှု ရေးကူးလူးဆက်ဆံမှုတွေကို ပြုလုပ်နေကြသလို ကမ္ဘာ့စီးပွားရေး လောကကြီးတစ်ခုလုံးရဲ့ စက္ကန့်မလပ် ပြောင်းလဲနေမှုတွေကို တစ် ပြိုင်နက်တည်း ရင်ခုန်ကြည့်ရှုလေ့လာနေကြသူတွေပါ။ ဒီလူငယ် တွေဟာ Internet    ရဲ့စွမ်းပကားကြောင့် "ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ အမေရိကန်၊ ဥရောပ၊ တရုတ်၊ ဂျပန် စတဲ့နိုင်ငံကြီးတွေရဲ့ စီးပွားရေး မူဝါဒအပြောင်းအလဲများ၊ စနစ်တကျရေးဆွဲထားတဲ့ Economic Calendar  များအရ အချိန်ကိုက်ထွက်ရှိလာတဲ့ ကမ္ဘာ့နိုင်ငံအသီးသီး ၏ Economic Data များ" စတဲ့ အချက်တွေပေါ်မှာ မူတည်ဖြစ်ပေါ် နေတဲ့ " Stock အသီးသီးရဲ့ စိမ်းလိုက် နီလိုက် အပြောင်းအလဲများ"၊  ''အမေရိကန်ဒေါ်လာကို ဗဟိုထား၍ စုန်ချည် ဆန်ချည်ဖြစ်နေတဲ့ မိမိတို့ပဲဈေးကွက်၏ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်သော အိန္ဒိယ နိုင်ငံ၏ ငွေကြေး ရူပီးအပါအဝင် နိုင်ငံစုံငွေကြေးများ၏ ရွေ့လျား နေမှုများ''၊ "Gold, Silver အပါအဝင် Global Commodity  ဈေးကွက်ရဲ့ အပြောင်းအလဲများ"၊ ''အိန္ဒိယနိုင်ငံရှိ ပဲဈေးကွက်အသီး သီး၌ဖြစ်ပေါ်နေသော ပဲအမျိုးမျိုး၏ ဈေးနှုန်းအတက်အကျများ'' စတာတွေကို စက္ကန့်မလပ် ကြည့်ရှုရင်ခုန်ရင်း ရှေ့က မျိုးဆက်နှစ် ထက် ပိုမိုမြန်ဆန်တဲ့အဟုန်နဲ့ ၎င်းတို့ရဲ့ရင်ထဲက စိတ်ကူးတွေကို နိုင်ငံတကာရှိ မျိုးဆက်သစ်များနည်းတူ လက်တွေ့အကောင်အထည် ဖော်ခွင့်ရချင်နေသူတွေပါ။ ဒီနေရာမှာ ပြဿနာက ၎င်းတို့ရဲ့ စိတ်ကူး တွေကို လက်တွေ့ပုံဖော်ဖို့ "စနစ်တကျ ရေးဆွဲထားသော စည်းမျဉ်း ဥပဒေများ" ပါဝင်ပြီး''တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိတဲ့ ဈေးကွက် အခင်း အကျင်း" ပျောက်ဆုံးနေတဲ့ အကျပ်အတည်းပဲ ဖြစ်ပါတယ်။ ဒီတတိယမျိုးဆက်လူငယ်တွေဟာ ဒီအကျပ်အတည်းမှ ထွက်ပေါက် ရှာရင်း ၎င်းတို့ ရှေ့ကမျိုးဆက်တွေလိုဘဲ အစဉ်အလာယုံကြည်မှုတွေ ပေါ်အခြေခံပြီး ၎င်းတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အာမခံချက်အပြည့် အဝမရှိသော ရောင်းဝယ်မှုပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရောင်းဝယ် ဖောက်ကားနေကြရတာပါ။ ဒီရောင်းဝယ်မှုပုံစံတွေဟာ ဈေးကွက် အတက်အကျ အပြောင်းအလဲကြီးသွားတဲ့အခါ၊ ဦးဆောင်ရောင်းဝယ် နေကြသူတွေထဲက တစ်စုံတစ်ယောက်  အတိမ်းအစောင်းဖြစ်ပြီး မရှုနိုင်မကယ်နိုင် ဖြစ်သွားတဲ့အခါ ဈေးကွက်ယိုင်လဲပြီး ဆုံးရှုံးမှုတွေ တွေ့ကြုံနိုင်သလို၊ မိမိတို့ဈေးကွက်၏ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး ပဲလောကရဲ့ ထုံးစံအတိုင်း သုံးနှစ်တစ်ကြိမ်လောက် ဖြစ်လေ့ ရှိတဲ့ "စနစ်တကျပြင်ဆင်ထားသော လိမ်လည်အလွဲသုံးစားမှု'' တွေ ထပ်မံဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုလည်း ဖြစ်နေရတာပါ။    မိမိအနေဖြင့် ဒီနေရာမှာ ''တတိယ မျိုးဆက် " တွေ့ကြုံနေရတဲ့ အထက်ပါ အကျပ်အတည်းကို ဖြေရှင်းပေးရန် တာ ဝန်ရှိမှုအပေါ် အခြေခံပြီး မိမိတု့ိလောက ရဲ့ မျိုးဆက်သုံးခုကြား ဆက်နွှယ်တာဝန် ရှိမှုကို အဓိကထား ဆန်းစစ်တင်ပြသွား မှာပဲဖြစ်ပါတယ်။ ဒီလို ဆန်းစစ်ကြည့် ရာမှာ '' ပထမမျိုးဆက်" အနေနှင့် သူတို့ ကျင်လည်ခဲ့ရတဲ့  ခေတ်ကာလအခြေ အနေ၊ အကန့်အသတ်နဲ့သာ ရရှိခဲ့တဲ့ လွတ်လပ်မှုတွေကြားက  စည်းလုံးညီ ညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရင်း ''ကုန် စည်ဒိုင်အဆောက်အအုံကြီး" နှင့် အတူ အဲဒီခေတ်ကာလ  စီးပွားရေးမူဝါဒများ အရ ဆောင်ရွက်နိုင်တဲ့  မူဘောင်များ အတွင်းမှ ''သမားရိုးကျဈေးကွက်" တစ်ခု ကို မိမိတို့ဒုတိယမျိုးဆက်ထံ အမွေအဖြစ် လက်ဆင့်ကမ်းပေးရင်း ၎င်းတို့မျိုးဆက်ရဲ့ တာဝန်ကို ကျေပွန်ခဲ့ပြီးဖြစ်ပါတယ်။ မိမိ တို့ ဒုတိယမျိုးဆက်အနေဖြင့်လည်း  မိမိ တို့နိုင်ငံ၏ လျင်မြန်စွာ  ပြုပြင်ပြောင်း လဲနေသော မျက်မှောက်ခေတ် စီးပွားရေး မူဝါဒများအရ ''ဗဟိုဘဏ်မှ ယခုစတင် ဖော်ဆောင်လုပ်ကိုင်နေပြီး မကြာမီ ရင့် ကျက်ဖွံ့ဖြိုးလာမယ့် နိုင်ငံတကာငွေကြေး ဈေးကွက်"၊ ''၂၀၁၅ တွင် သက်ဝင်လှုပ်ရှား နိုင်ရေးရည်မှန်းချက်ထား၍  စီမံကိန်းရေး ဆွဲဆောင်ရွက်နေတဲ့ Stock Market"  နှင့်အတူ '' မြန်ဆန်လှတဲ့ ရင်ခုန်သံတွေနဲ့ နိုင်ငံတကာတန်းဝင်  ဈေးကွက်အခင်း အကျင်းအတွင်း ရောင်းဝယ်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သော မျိုးဆက်သစ်လူငယ် များ " စတာတွေနဲ့ကာရန်စည်းချက်ညီမယ့် စနစ်တကျ ရေးဆွဲထားသော စည်းမျဉ်း များပါဝင်ပြီး တရားဥပဒေစိုးမိုးမှုအပြည့် အဝရှိသော နိုင်ငံတကာစံချိန်မီ ''Commodity Exchange" တစ်ခုကို စီမံကိန်း ရေးဆွဲတည်ဆောက်ပြီး နောက်လာမယ့် ငါးနှစ်အတွင်း  အဖိုးမဖြတ်နိုင်သော အမွေအဖြစ် လက်ဆင့်ကမ်း ပေးဆပ် ခြင်းဖြင့် "တတိယမျိုးဆက်''၏ အကျပ် အတည်းကို ဖြေရှင်းပေးရေးဟာ မိမိတို့ "ဒုတိယမျိုးဆက်''၏ သမိုင်းပေးတာဝန် ဟု ယုံကြည်မိပါတယ်။ အကယ်၍ မိမိတို့ လက်ထက်မှာလည်း အထက်ပါအမွေကို မျိုးဆက်သစ်များလက်သို့ လက်ဆင့်ကမ်း မပေးနိုင်ခဲ့ဘဲ ဒီလူငယ်တွေဟာ မိမိတို့ ရှေ့က မျိုးဆက်တွေ မကြာခဏတွေ့ကြုံ ရတဲ့ အလွဲသုံးစား လိမ်လည်မှုတွေကို ထပ်ကာထပ်ကာ တွေ့ကြုံရမယ်ဆိုရင် ဖြင့် မိမိတို့ ဒုတိယမျိုးဆက်ဟာ သမိုင်း မှာ အပြစ်မကင်းသူတွေ  တာဝန်ရှိသူ တွေအဖြစ် ထင်ကျန်ခဲ့မှာ မလွဲဧကန်ဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်။