Main menu

Background

အချိန်သင့်ပြီ

Sun, 06/24/2012 - 06:36 -- Anonymous (not verified)

    မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ပြောင်းလဲမှုနှင့်အတူ နိုင်ငံ အတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် အခွင့် အလမ်းများ ပွင့်လာခဲ့သည်။ ယခင်က ပိတ်ဆို့ထားသည့် နိုင်ငံကြီးများ ကလည်း ပိတ်ဆို့မှုများကို ဖြေလျော့ ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ရန် ပြင်ဆင်လာကြသည်။ အစိုးရပိုင်းကလည်း  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မြေဆိုင်ရာအမိန့်၊ နိုင်ငံခြား ငွေဆိုင်ရာ အမိန့်များထုတ်ပြန်၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်း အဆင် ပြေ ချောမွေ့ေ အာင် ဆောင်ရွက်ပေးခဲ့သည်သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လိုအပ်သလို ပြင်ဆင်ထုတ်ပြန် ရန် ဆောင်ရွက်ခဲ့ သည်။ သာမန်အားဖြင့်ဆိုလျှင် အခြေအနေအားလုံး ချောမွေ့နေပြီဟု ယူဆနိုင်ဖွယ်ရှိသော်လည်း လက်တွေ့ တွင် မဖြစ် သေးသည်များလည်း ရှိသည်။     အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအကျဆုံးဖြစ်သည့် မြေ အသုံးချမှု စနစ်တကျရှိရန်၊ ဟန်ချက်ညီရန် လိုအပ်သည်။ ရင်းနှီး မြှုပ်နံှသူများ အများအပြား ဝင်ရောက်လာမည့် အခြေအနေကို ကြို တင်တွက်ဆကာ အချို့က မြေဈေးနှုန်းများ ကစားဖို့လုပ်ကိုင်နေကြ သည်။ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမည့် ပြည်ပကုမ္ပဏီကြီးတစ်ခုက ''စက်ရုံတည်ဖို့ မြေရှာရ ခက် နေတယ်၊ တကယ်လိုတာ ဧက (၇၀) ကျော်ရှိတယ်၊ ဘယ်လိုမှ ရှာ မရဘူး ဖြစ်နေတယ်"ဟု ပြောခဲ့ဘူးသည်။ အိမ်၊ ခြံ၊ မြေ ဈေးကွက် လေ့လာရေး ဆောင်ရွက်နေသည့် ပြည်ပ လုပ်ငန်းကြီး တစ်ခုက " မြန်မာနိုင်ငံရဲ့ စက်မှုဇုန်တွေဟာ အိမ်နီးချင်းနိုင်ငံတွေလောက် အခြေခံအဆောက်အအုံ ကောင်းကောင်းနဲ့ ချက်ချင်း လုပ်ငန်းစတင် နိုင်လောက်တဲ့အခြေအနေမရှိပေမယ့် ဈေးနှုန်းကတော့ ဘန်ကောက် ထက် ပိုပြီးမြင့်နေတယ်'' ဟုဆိုသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံလိုသည့် ပြည်ပလုပ်ငန်းရှင်တစ်ဦးကလည်း မြန်မာနိုင်ငံတွင် အကျယ်အဝန်းအရ မြေလွတ်မြေလပ် များစွာရှိသည်ဟု သိရသော် လည်း တကယ်ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်ရာတွင်မူ မြေရရှိရေးမှာ အဓိက အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။ မြေအမြောက်အများ လက်ဝယ်ကိုင်ထား၍ ဈေးကစား အကျိုးအမြတ် ရှာသူများလည်း များပြားလာသည်။    နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်လိုသည်ဟု အားလုံးက လက်ခံကြသည်။ သို့ရာတွင် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် စနစ်ကျသည့် မြေ စီမံခန့်ခွဲမှုရှိမှသာ မိမိတို့၏ ရည်မှန်းချက်များ အထမြောက်မည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ရေခံမြေခံကောင်းများ ရှိသည် ဟု နိုင်ငံအများက လက်ခံထားကြသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြေအသုံးချမှု စုစုပေါင်း ဟက်တာ ၉၂၆၂၀ သာရှိနေပြီး မြန်မာနိုင်ငံထက် အရွယ်အစားငယ် သော မဟာမဲခေါင်ဒေသခွဲ အုပ်စုဝင် ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု တစ်ခုတည်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု အသုံး ပြုမြေ ဟက်တာတစ်သိန်းအပါအဝင် ဟက်တာ သုံးသိန်းကျော် ရှိ နေသည်ကို တွေ့ရှိရသည်။   အာဆီယံအုပ်စုဝင် အင်ဒိုနီးရှားနိုင်ငံ တွင် လယ်ယာကဏ္ဍ၌ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကြောင့် ဆန်စပါးထုတ်လုပ်မှု ဖူလုံလာသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။     မြေယာများ စနစ်တကျ အသုံးပြုနိုင်ဖို့ စီမံခန့်ခွဲမှု အားကောင်း ရန် လိုသည်။ ဒေသစီမံကိန်း၊ မြို့ပြစီမံကိန်း၊ မြို့နယ်စီမံကိန်း၊ ကျေးရွာ စီမံကိန်းစသည်ဖြင့် စီမံကိန်းများရေးဆွဲ၍ စနစ်တကျ စီမံနိုင်ရန် လိုအပ်သည်။ မိမိတို့နိုင်ငံ အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ဖို့ ကုန်ထုတ်လုပ်မှု တိုးတက်ရန်လိုသည်။ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့အတွက် မြေစီမံခန့်ခွဲမှုက လိုအပ်လာပြန် သည်။ စနစ်ကျသည့်မြေအသုံးချမှု မူဝါဒ Land Use Policy)နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး  (Land Use Management)  အား ကောင်းရန် လိုသည်။     မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က မြေယာအသုံးပြုမှုနှင့် ပတ်သက်သည့် မူဝါဒမျိုးစုံ ချမှတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်အတွင်း တိုင်းပြု/ပြည်ပြုလွှတ်တော်က မြေယာပိုင်ဆိုင်မှုနှင့် စိုက်ပျိုးမြေ စီမံခန့်ခွဲမှု တို့နှင့် ပတ်သက်၍ မူဝါဒချမှတ်ခဲ့သည်။ ပြည်တော်သာ စီမံကိန်းကာလက လယ်ယာမြေမဲ့ ဖြစ်နေသော တောင်သူ လယ် သမားများကို လယ်ယာမြေခွဲဝေပေးခဲ့သည့် မူဝါဒ ချမှတ်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြေရှင်စနစ် ဖျက်သိမ်းရေးကို ဦးတည်ခဲ့သည်။ တပ်မတော်အစိုးရ လက်ထက်တွင် မြေလွတ်မြေရိုင်း များ ဖော်ထုတ်စိုက်ပျိုးရေးကို မူဝါဒချမှတ် ဆောင်ရွက်ခဲ့သည်။ တဆက်တည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်း ပေးခဲ့သော်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဟုတ်တိပတ်တိ ဝင်ရောက်မလာခဲ့။     ယခုအခါ အစိုးရသစ်က မြေယာနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်လာသည်ကို တွေ့ရသည်။ မြေအသုံးချမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဥပဒေအမျိုးမျိုး မကွဲပြားဖို့၊ လုပ် ထုံးလုပ်နည်း  အမျိုးမျိုး ရှုပ်ထွေးမနေဘို့၊ သတ်မှတ်တွေ အမျိုးမျိုး ဖြစ်မနေစေဖို့ ဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း တွေ့ရသည်။ "တခါတလေမြေကိစ္စကိုဘယ်ကစလုပ်ရမယ်၊ ဘယ်ဌာနနဲ့ ဆက်သွယ် ရမယ်ဆိုတာ နားလည်ဖို့ အတော်ခက်ပါတယ်'' ဟု ပြည်တွင်း လုပ် ငန်းရှင်တစ်ဦးက ပြောဘူးသည်။ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် လိုအပ်သည့် မြေရရှိရေး အရေးကြီးသလို ပြည် တွင်း သစ်တောမြေ၊ နိုင်ငံပိုင်မြေများတွင်  ကျူးကျော်နေထိုင် လုပ် ကိုင် စားသောက်နေကြသူများကို စနစ်တကျ နေထိုင်နိုင်ဖို့၊ လုပ် ကိုင်စားသောက်နိုင်ဖို့ နေရာချထားပေးနိုင်ရေး အတွက် ဆောင်ရွက် ပေးရန်လည်းလိုသည်။ ၎င်းမှ စီးပွားဖြစ်စိုက်ခင်းကြီးများ၊ စက်မှု ဇုန်ကြီးများ၊ ကုန်ထုတ်လုပ်ရာဒေသကြီးများအဖြစ် တက်လှမ်းသွားနိုင် ရေးကိုလည်း ရည်မှန်းချက်ထားရှိသင့်သည်။     ရင်းနှီးမြှုပ်နှံမှုများက လာရောက်တော့မည်ဖြစ်သည်။ ဝင်လာ မည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ် ထွန်းအောင် ကြိုတင်ပြင်ဆင်ထားကြဖို့လိုသည်။ ဤသို့ပြင်ဆင်ရာ တွင် အရေးကြီးဆုံး ဖြစ်သည့် မြေအသုံးချမှုနှင့် ပတ်သက်၍လည်း မူဝါဒများ ချမှတ်ထားရှိရန် အချိန်သင့်ပြီဖြစ်သည်။