Main menu

Background

ကျောက်သင်ပုန်းတွေ စားကြပေတော့

Fri, 06/29/2012 - 10:10 -- Anonymous (not verified)

      ''သင်းတို့ ကိတ်မုန့်စားကြပေတော့"  (Let them Eat Cakes) ဟူသော အသုံးအနှုန်းသည် ပြင်သစ်တော်လှန်ရေးကာလ တွင် ရိက္ခာ(ပေါင်မုန့်) ပြတ်လပ်သဖြင့် အော်ဟစ်တောင်း ဆိုကြသည့် ပြည်သူများကို ပြင်သစ်ဘုရင်လူဝီ-၁၆၏ မိဖုရား ကြီး မာရီအန်တွိုင်းနက် (Marie Antoinette, 1755-93)က ''စားစရာပေါင်မုန့်မရှိရင် ကိတ်မုန့် စားနေကြပေတော့"ဟု မိန့်တော်မူခဲ့သည်ဟူသော သမိုင်းတင်ခဲ့သည့် အဆိုစကားကို နှောင်းလူတို့ က သရော်ထေ့ငေါ့ရေးသားရာတွင် ရည်ညွှန်းပြု သုံးစွဲတတ်ကြသည်။ယမန်နှစ်ဇူလိုင်လတွင် အာဏာရလာသော ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရအဖွဲ့ သစ်က ကျောင်းစတက်သည့်  ကလေးသူငယ် အားလုံးကို  ကျောက်သင်ပုန်း  ကွန်ပျူတာများ(Tablet Computers)  ထောက်ပံ့ပေးမည်ဟု ဆိုခဲ့ သည်။ မစ္စယင်းလပ်၏"ကလေးတစ်ယောက် ကွန် ပျူတာတစ်လုံး" အဆိုသည် ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် မဲအများဆုံးရအောင် ဆွဲဆောင်နိုင် သည့် တစ်ခုတည်းသောမက်လုံးဖြစ်ခဲ့သည်။ လွန်ခဲ့ သည့်ရက်သတ္တပတ်အနည်းငယ်က တရုတ်ကုမ္ပဏီ တစ်ခုနှင့် ကျောက်သင်ပုန်းကွန်ပျူတာ လုံးရေ ၄၀၀၀၀၀ ပေးသွင်းရန် အရောင်းအဝယ် စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့သည်။ ဇွန်လ ၇ ရက်နေ့မှာတော့ ပထမအသုတ် ကွန်ပျူတာအချို့ကို ဝတ်ကောင်း စားလှ ဝတ်ဆင်ထားသည့် ကျောင်းသားအုပ်စု တစ်စုသို့ ဝန်ကြီးချုပ်ယင်းလပ်က ပေးအပ်ခဲ့သည် ဟု ဆိုသည်။ကျောက်သင်ပုန်းကွန်ပျူတာကို အလေးပေး ဆောင်ရွက်နေခြင်းသည် ထိုင်းနိုင်ငံပညာရေး၏ ပိုမိုနက်ရှိုင်းဆိုးဝါးစွာ ထိခိုက်နေသော ပြဿနာ များကို သတိပြုနေရခြင်းမှ လမ်းကြောင်းပြောင်း သွားစေသည်ဟု အချို့ကေ၀ ဖန်ကြသည်။ ကျောင်း တက်နိုင်သည့် ကလေးဦးရေ အချိုးအစားမှာ ယခင်ဆယ်စုနှစ်ကထက် ပိုမိုများပြားလာခဲ့သော် လည်း ထိုကလေးသူငယ်များ သင်ယူရရှိသည့် ပညာအရည်အသွေးကတော့  ကျဆင်းလာခဲ့ သည်။ စာသင်ကျောင်းများ သို့  ငွေကြေးခွဲဝေချ ထားမှု များပြားလာခဲ့သော်လည်း ကျောင်းသား များ၏ ပညာသင်ယူ တတ်မြောက်မှု ကျဆင်း လျက်ရှိသည်။ ထိုင်းနိုင်ငံသည် အသုံးစရိတ် ခန့်မှန်း ခြေငွေစာရင်း(ဘတ်ဂျက်)၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် ခွဲဝေသုံးစွဲလျက်ရှိသည်။ အခြား ကဏ္ဍအားလုံးထက် ပိုမိုသုံးစွဲထားခြင်းဖြစ်သည်။ ပညာရေးအသုံးစရိတ်ကို လွန်ခဲ့သည့် ဆယ်စုနှစ် ကထက် နှစ်ဆကျော် ပိုမိုသုံးစွဲခဲ့သည့်တိုင် ပညာ ရေးရလဒ်များမှာ ပိုမိုဆိုးဝါးလာခဲ့သည်။  နိုင်ငံ တစ်ခုလုံးအနေဖြင့်ဖြစ်စေ၊ အရှေ့တောင်အာရှ ဒေသအတွင်းမှ အခြားနိုင်ငံများနှင့်  နှိုင်းယှဉ် လျှင်ဖြစ်စေ ပိုမိုကျဆင်း လာခြင်းဖြစ်သည်။ယခုနှစ် အစောပိုင်းတွင် အစိုးရစုံစမ်းရေး အဖွဲ့က တင်သွင်းသည့်အစီရင်ခံစာ၌ ''အမျိုးသား စံချိန်စာမေးပွဲရလဒ်များအရ အင်္ဂလိပ်စာ၊ သင်္ချာ နှင့် သိပ္ပံဘာသာရပ်များတွင် ကျောင်းသားများ၏ ရမှတ်များ အကြီးအကျယ် ကျဆင်းနေသည်" ဟု ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ မကြာ သေးမီက နောက်ဆုံးထုတ်ပြန်ခဲ့သော တစ်ကမ္ဘာ လုံး ယှဉ်ပြိုင်နိုင်စွမ်း အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် အခြေခံပညာရေးသည် အဆင့် ၃၈ တွင်သာရှိကြောင်း ဖော်ပြခဲ့သည်။ ဒေသ အတွင်းမှ ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့နိုင်ငံ များ၏အောက်တွင်  ရောက်နေခြင်းဖြစ်သည်။ ဆင်းရဲနွမ်းပါးသော ကမ္ဘောဒီးယားတစ်နိုင်ငံတည်း သာ စွမ်းဆောင်မှု ပိုညံ့သည့်နိုင်ငံအဖြစ် ရှိတော့ သည်။နိုင်ငံတကာက အသိအမှတ်ပြု လေးစားခံရ သည့် အိုအီးစီဒီနိုင်ငံများက ကြီးမှူးပြုလုပ်သည့် အရည်အချင်းစစ်  (PISA)   စာမေးပွဲတွင် ထိုင်း နိုင်ငံ၏အဆင့်မှာ ၂၀၀၃ ခုနှစ်မှစတင်၍ တိုးတက် မှုမရှိသလောက်  တန့်နေခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံမှာ အောက်ခြေအဆင့်မှ  မြင့်တက်လာခဲ့ သည်။ အခြားယှဉ်ပြိုင်မှု နှိုင်းယှဉ်ချက်အစီရင်ခံစာ တစ်ခုတွင် တစ်ကမ္ဘာလုံး အင်္ဂလိပ်စာကျွမ်းကျင်မှု အနေဖြင့် ထိုင်းနိုင်ငံသည် ၅၆ နိုင်ငံအနက် အဆင့် ၅၄ တွင် ရှိနေသည်။ အာရှဒေသတွင် ဒုတိယ အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ဝင်ငွေအတန်အသင့် မြင့်နေသည့် ထိုင်းနိုင်ငံသည်  အလယ်အလတ် ဝင်ငွေထောင်ချောက် (Middle-income trap)မှ လွတ်မြောက်ချင်သော်လည်း ဖော်ပြပါ အချက် အလက်များအရ စိတ်ပျက်ဖွယ် ဖြစ်နေသည်။ အခြေခံ အရေး၊ အဖတ်ကျွမ်းကျင်သော အလုပ် သမားရရှိရန်ခက်ခဲကြောင်း ထိုင်းအလုပ်ရှင်များက ငြီးငြူကြသည်။ လုံလောက်သော အရည်အချင်း နှင့်မပြည့်စုံသည့် အလုပ်သမားများကို အသုံးပြု ထုတ်လုပ်နေရသဖြင့် ထုတ်လုပ်မှုစွမ်းရည် ထိခိုက် ကျဆင်းရသည်။ပညာရေးအသုံးစရိတ်အများစုသည် ကျောင်း ဆရာများ၏ လစာထဲ ရောက်သွားသည်။ ကျောင်း ဆရာ၏ လစာသည် တက္ကသိုလ်တွင်  အလုပ်ဝင်စ ကထိကတစ်ဦး၏ လစာထက်ပင် ပိုများနေသည်။ သို့တိုင်အောင် သင်ကြားရေးစွမ်းရည် မှာ နောက် ပြန်ဆုတ်နေသည်ဟု ထိုင်းနိုင်ငံဖွံ့ဖြိုးရေး သုတေ သနသိပ္ပံမှ  ပညာရှင်တစ်ဦးကဆိုသည်။ စာသင် ကျောင်း တစ်ကျောင်း၏  စွမ်းဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များကို  ကျောင်းသား မိဘများက သိခွင့်ရှိစေရမည့် အပြင် ကျောင်းဆရာ ၏လစာကို ကျောင်းသား၏ ပညာအရည်အချင်း ရလဒ်နှင့် ချိတ်ဆက်ထားသင့်သည်ဟုလည်း ထို ပညာရှင်က သုံးသပ်သည်။ အခြေအနေမကောင်းသော ကျောင်းများကို ပိတ်ပြီး၊ ပုဂ္ဂလိကပိုင်အဖြစ်  လွှဲပြောင်းပေးသင့် သည်ဟု တိုက်တွန်းမှု များလည်းရှိသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေး  အခြေခံအယူအဆသည် လစာကောင်းကောင်း ရရှိနေကြ သည့် ကျောင်း ဆရာ ၄၀၀၀၀၀ ကျော်အား စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ကျောင်းနေ ကလေးသူငယ်တိုင်း ကို ကျောက်သင်ပုန်း ကွန်ပျူတာ  တစ်လုံးစီပေးခြင်း သည် အင်မတန်ကျေနပ်ဖွယ်ကောင်းသည့် ပဉ္စလက်  အတတ်ပညာ တစ်ရပ်ဖြစ် သည်။ သို့သော် လည်း  အရည်အသွေးမြင့်မားသည့်  ပညာရေး အတွက် သော့ချက်တော့ ဖြစ်နိုင်မည်မဟုတ်ဟု ဆိုပါသည်။Ref;The Economist.