Main menu

Background

နဂါး ကို ဘယ်သို့ ယှဉ်ရပါ့

Sun, 07/01/2012 - 07:37 -- Anonymous (not verified)

မြေသျှိုးမိုးပျံ    သမိုင်းအစဉ်အလာနှင့်ယဉ်ကျေး မှုအပြုအမူများကိုကြည့်၍ ရှေးကာလ များကတည်းက နဂါးဟု အတင်စားခံရ သော တရုတ်နိုင်ငံသည် ပညတ်သွားရာ ဓာတ်သက်ပါသကဲ့သို့ ဖြစ်လာနေပေ သည်။ နဂါးဆိုသည်ကား တွားသွား သတ္တဝါတစ်မျိုးဖြစ်သည့် မြွေအမျိုး အစားထဲတွင် ပါဝင်သည်ကို ဖတ်ဖူး၏။ မြွေသည် တွင်းအောင်းသတ္တဝါတစ်မျိုး ဖြစ်ပြီး လူတို့အတွက် အလွန်အန္တရာယ် ရှိသော၊ အလွန်အသုံးဝင်သော အဆိုး၊ အကောင်း အရည်အချင်းနှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည့်  သတ္တဝါဖြစ်သည်။ ယခု တရုတ်တို့ကို တင်စားထားသည့် မြွေအမျိုးအနွယ်အဝင် တင်စားခံ နဂါး သတ္တဝါသည်  မြွေကဲ့သို့  တွင်းသာ အောင်းသည့်  မြေသျှိုးသတ္တဝါသာ မဟုတ်။ ဒဏ္ဍာရီလာ နဂါးတို့၏ စွမ်း ရည်အတိုင်း မိုးကောင်းကင်သို့ ပျံတက် နိုင် သည်။ မြေအောက်သယံဇာတများ ကို မည်သို့ ထုတ်လုပ်သုံးစွဲမည်၊ ကမ္ဘာ ပတ်လည်ခြေရာချင်းထပ်အောင်လျှောက် ၍ ဈေးကွက် များ မည်သို့ဖော်ဆောင် ရမည်၊ အာကာသသို့တက်၍ စူးစမ်း လေ့လာမှုများ    မည်သို့ပြုလုပ်မည် စသဖြင့် ရေ၊ မြေ၊ လေ၊ အာကာသ နယ်ပယ်ပေါင်းစုံရှိ တရုတ်တို့၏ လှုပ်ရှား မှုများက နဂါးတို့၏ သရုပ်လဏ္ခာများ ကို ဖော်ပြနေသည်။ ထို့ကြောင့် တရုတ် နဂါးတို့ မြေသျှိုးမိုးပံျနိုင် စွမ်းရည်များပြ သနေပြီလောဟု စဉ်းစားမိသည်။ နဂါးကမ္ဘာပတ်    မြေသျှိုးမိုးပျံနေပြီဟု တင်စားနေ သော်လည်း တရုတ်နိုင်ငံ၏ လက်တွေ့ ကျကျနှင့် အထိရောက်ဆုံးလှုပ်ရှားမှုမှာ ကမ္ဘာအနှံ့ဈေးကွက်များတွင် မိတ်အင် ချိုင်းနား (Made in China)၊ မိတ်အင် ပီအာ(ရ်)စီ (Made in PRC) တံဆိပ် ကပ်ထားသော ထုတ်ကုန်များ ကျယ် ကျယ်ပြန့်ပြန့်ဈေးကွက်ရရှိရေးအားထုတ် မှုဖြစ်သည်။ နဂါးသည်ကမ္ဘာကိုအမှန် တကယ်ပင် ပတ်နေခဲ့လေပြီ။ ကမ္ဘာ့ဈေး ကွက်၏အစိတ်အပိုင်းအတော်များများ သည် တရုတ်ထုတ်ကုန် များဖြင့် ပြည့် နှက်လျက် ရှိနေပြီဟု ကောက်ချက်ချနိုင် ၏။ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များ လောက်မှစ၍ နိုင်ငံရေး၊ စစ်ရေး ထက် စီးပွားရေး ဖွံ့ဖြိုးမှုပေါ်တွင် ပိုမိုအာရုံစိုက် ခဲ့သည်။ စဉ်ဆက်မပြတ်  လုပ်ကိုင်ခဲ့ သည်။ လေးလေးနက်နက်သဘောထား ခဲ့သည်။ ထို့ကြောင့် လည်း ဆယ်စုနှစ်များအတိုင်းအတာတစ်ခု၏ အလွန် ယခုအချိန်တွင် အံ့မခန်းနဂါး စီးပွားရေးဖြစ်လာ ခဲ့ဖြင်းဖြစ်သည်ဟု သုံးသပ်ကြ ၏။ နဂါး၏ အနီးကပ်ဆုံး အိမ်နီးချင်း တောင်ဘက်တစ်ကြောရှိ နိုင်ငံများတွင် ဈေးအလွန်ပေါ၍  ဗုံးပေါလအော ဟု ပြောရလောက်အောင် အလုံးအရင်းဖြင့် ဝင်ရောက်နေသော တရုတ်နိုင်ငံထုတ် ကုန်စည်များကို အမှီပြု၍ ရပ်တည်နေခဲ့ သည်မှာ အချိန် အတိုင်းအတာတစ်ခု အထိပင် ကြာမြင့်ခဲ့လေပြီဖြစ်သည်။    တရုတ်ထုတ်ကုန်ဆိုလျှင် ဈေးပေါ သော်လည်း  အသုံးမခံဟု ဝင်ငွေနိမ့်ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် အများအားဖြင့် သဘောပေါက် ထားကြ၏။  သို့တိုင် အောင် စားသုံးသူတို့အဖို့မှာမူ ဒီဇိုင်းလှ ၍ ဈေးပေါသော  တရုတ်ပစ္စည်းများ သည် တန်ရာတန်ကြေးနှင့်  သုံးပျော်သည်ဟု ယူဆပြီး မက်မက်မောမော သုံးစွဲနေကြဆဲဖြစ်သည်။ စိတ်ကြီးဝင် ကာ တရုတ်ကုန်ပစ္စည်းများကို လှည့်၍ ပင်မကြည့်သည့် ဝင်ငွေမြင့် စားသုံးသူ တချို့ပင်လျှင် တစ်ခါတစ်ရံ တရုတ် ပစ္စည်းများနှင့် မဖြစ်မနေ ပတ်သက်ရ သည်။ အမေရိကတွင် တရုတ်ထုတ်ကုန် များ တွင်တွင်ကျယ်ကျယ် ဈေးကွက်ရှိ သည်ကို ကြားဖူး၏။  ဂျပန်တွင်လည်း တရုတ် ကုန်စည်များ ဂျပန်ထုတ်ကုန်များ နှင့်ယှဉ်၍  ဈေးကွက်ဝင်ရောင်းချနေ သည်ကိုလည်း မိတ်ဆွေတစ်ဦးထံမှ သိရ သည်။ စာရေးသူကိုယ်တိုင် ကိုရီးယား တွင် တရုတ်နိုင်ငံချုပ် အင်္ကျီတစ်ထည် ဝယ်ဖူးသည်။ အာရှတွင် တရုတ်ကုန်စည် ၏ ဈေးကွက်ဖောက်နိုင်စွမ်း ဤသို့ ရှိနေသည်။ ယခုထပ်မံ၍  ဥရောပရှိ နိုင်ငံတစ်နိုင်ငံသို့ သွားရောက်ခွင့်ရခဲ့ သော အချိန်တွင် ဥရောပဈေးကွက်ထဲ သို့ တရုတ်ကုန်စည် တိုးဝင်ရောက်နိုင် စွမ်းကိုလက်တွေ့ကျကျသိခွင့်ရခဲ့သည်။ စာရေးသူရောက် ခဲ့သော နေရာမှာ မြေ ထဲပင်လယ်ကမ်းခြေတွင် တည်ရှိသော အီတလီနိုင်ငံ၏ မြို့ငယ်လေး တစ်မြို့ ဖြစ်သည့် ဆန်ရေးမို (San Remo) မြို့ လေးနှင့် အီတလီနိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့၏ နယ်စပ်အနီးတွင်ရှိ သည့် မွန်တုန် (Monton) ကမ်းခြေမြို့လေးတို့ ဖြစ် သည်။ ထိုမြို့ကလေးနှစ်မြို့ရှိ ဈေးတန်း များ၊ စတိုးဆိုင်၊ အရောင်းဆိုင်ကြီးငယ် တို့တွင် အာဖရိကနိုင်ငံတချို့မှ မိတ်ဆွေ များနှင့် ဈေးဝယ်ထွက်ဖြစ်သည်။ အပြန် တွင် မြန်မာပြည်မှ မိတ်ဆွေနှင့် တရုတ် နိုင်ငံထုတ်လုပ်မှု အကြောင်းပြောရင်း နဂါးတို့ကမ္ဘာပတ်နေပြီဟု ကောက်ချက် ချမိသည်။ နှစ်နေရာစလုံးတွင် တရုတ် နိုင်ငံလုပ် ကုန်ပစ္စည်းများ အများ အပြား တွေ့ခဲ့ရသည်။ အီတလီနှင့် ပြင်သစ် နိုင်ငံတို့၏ နာမည်ကြီး ထုတ်ကုန်များ ဖြစ်သည့် သားရေထည်များနှင့် အလှ ကုန်ပစ္စည်းများမှာပင် တရုတ်နိုင်ငံထုတ် ကုန်များ နေရာဝင်ယူနေသည်ကို မြင်ရ သည်။ မြင်ရ၊ သိရ၊ ကြားရသမျှ အခြေ အနေများအရ  တရုတ်နဂါးသည် ကြောက်ခမန်းလိလိ ထုတ်လုပ်မှုများဖြင့် အာရှ၊ ဥရောပ၊ အမေရိက  စသဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ကမ္ဘာအရပ်မျက်နှာစုံသို့ ခြေဆန့်၍ မြေ အနှံ့ရောက်ခဲ့သည်မှာလည်း အချိန်ကာ လအားဖြင့် ကြာမြင့်ခဲ့လေပြီလောဟု တွေးမိသည်။ တစ်ပွဲတစ်လမ်း အကဲမစမ်းသင့်    ထိုသို့ကမ္ဘာပတ်၍  ဈေးကွက်ထိုး ဖောက်ရောင်းချနိုင်သော ကမ္ဘာ့စက်ရုံ နိုင်ငံကြီးမှ ထုတ်ကုန်များနှင့် ၎င်း၏ အိမ်နီးချင်း အာဆီယံနိုင်ငံတို့ (အထူး သဖြင့်အာဆီယံအဖွဲ့ဝင်သစ် လေးနိုင်ငံ) မှ ကုန်ပစ္စည်းတို့ ၂၀၁၅ ခုနှစ်တွင် ထိပ် တိုက်ရင်ဆိုင် ယှဉ်ပြိုင်ရောင်းချရပေ တော့မည်။ မည်သည့်ပေါ်လစီ၊ မူဝါဒ၊ မဟာဗျူဟာ၊  နည်းပရိယာယ်တို့ဖြင့် အားထုတ်နေကြသနည်း။  လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့၏ အခြေအနေကိုမသိရသော်လည်း တရုတ် နိုင်ငံ၏အနီးကပ်ဆုံး ဆွေမျိုးပေါက်ေ ဖာ် မြန်မာနိုင်ငံမှာမူ  ကုန်သွယ်မှုကဏ္ဍ အတွင်း ပြုပြင်ပြောင်းလဲမှုများစွာဖြင့် အားထုတ်ဆောင်ရွက်နေသည်ကို တွေ့ ရ၏။ သို့သော် မည်သည့်ကုန်စည်ကိုမှ မယ်မယ်ရရ စဉ်ဆက်မပြတ် ထုတ်လုပ် တင်ပို့၊ ရောင်းချနိုင်စွမ်း မရှိသေးပေ။ စက်မှုလက်မှု ထုတ်ကုန်များကိုလည်း အားပေးမှုများပြုလုပ်၍ ထုတ်လုပ်နိုင် ရေး ကြိုးစားလျက်ရှိသည်။ ပို့ကုန် ပမာဏတွင်မူ လယ်ယာ၊ သားငါး၊ သစ် တော စသည့်  အခြေခံကဏ္ဍများမှ ထုတ်ကုန်များကိုသာ အလေးပေးတင်ပို့ ရောင်းချနေရဆဲဖြစ်သည်။  သဘာ၀ အရင်းအမြစ်အခြေခံ  ကျောက်မျက်၊ တွင်းထွက်နှင့် သဘာဝဓာတ်ငွေ့များ ဖြစ်သည့် ပြန်လည် အစားထိုးနိုင်စွမ်း အားနည်းေ သာ  ထုတ်ကုန်များကို အရင်းပြုနေဆဲဖြစ်သည်။ ထိုကုန်ပစ္စည်း များကိုလည်း စဉ်ဆက်မပြတ် သုတေ သနပြုလုပ်ခြင်း၊ တီထွင်ကြံဆမှုများ ပြုလုပ်ခြင်းတို့ မပြုလုပ်နိုင်သေး၊ ရရှိ ထားသော  ဈေးကွက်များကိုလည်း တည်ငြိမ်စွာမထိန်းသိမ်းနိုင်သေး၊ စက်မှု လက်မှုထုတ်ကုန်များကိုလည်းတွက်ခြေ ကိုက် မထုတ်လုပ်နိုင်သေးပေ။    မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတို့  ၏ကုန်သွယ်မှုဆက်ဆံရေးတွင် တရုတ် နိုင်ငံ၌ကုန်သွယ်မှုမှာပိုမိုအရေးပါလျက် ရှိရာ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု မဟာ စွမ်းရည်ကို သတိပြု၊ ဂရုစိုက် စောင့် ကြည့်ရန် လိုလာသည်။  မြန်မာနိုင်ငံ အနေဖြင့် တရုတ်နို င်ငံသို့ ပို့ကုန်တင်ပို့ ရာတွင် ကုန်စည်အမယ်သစ် ဖြစ်စေ၊ အမယ်ဟောင်းဖြစ်စေ တစ်ပွဲတစ်လမ်း အကဲစမ်းသည့် သဘောဖြင့် တင်ပို့ခြင်း မလုပ်သင့်။ ကုန်ကြမ်း  ရှာဖွေသည့် အဆင့်မှစ၍ ဈေးကွက်ရရှိတင်ပို့နိုင်မှု အခြေအနေများအထိ  စနစ်တကျ သုတေသနပြုစမ်းသပ်ပြီးမှရရှိလာသည့် ကုန်စည်ကို နိုင်ငံတကာစံသတ်မှတ် ချက်များ၊  နိုင်ငံတကာဈေးကွက်ဝင် ကုန်အမှတ် တံဆိပ်များ ပြုလုပ်ပြီးမှသာ တင်ပို့ရန်သင့်သည်ကို အလေးပေးစဉ်း စားဖို့လိုသည်။ တစ်ပွဲတစ်လမ်းအားဖြင့် အကဲစမ်းကာ  တင်ပို့သည့်အခါတိုင်း တင်ပို့သည့် ကုန်စည်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသား ထုတ်လုပ်သူများ ဆိုး ကျိုးခံစားရမည်ကို သတိရှိသင့်သည်။ နိုင်ငံတကာစံ သတ်မှတ်ချက်များ၊ ကုန် အမှတ်တံဆိပ်များကို အခိုင်အမာအသုံး ပြု၍ မိတ်အင်မြန်မာ  (Made in Myanmar)စာသားကို ပီပြင်စွာတံဆိပ် ခံနှိပ်၍ တရုတ်နိုင်ငံဈေးကွက်သို့ တင် ပို့ရန်လိုသည်။     ဤအချက်များသည်ကား  လက် လှမ်းမီသမျှ စဉ်းစားမိခြင်းသာဖြစ်သည်။ ဈေးကွက်ပညာရှင်များ၊ သုတေသီများ အားကိုးဖြင့် နည်းလမ်းများစွာ ရှာဖွေ နိုင်ပါသေးသည်။ မြန်မာထုတ်ကုန်များ ကို နိုင်ငံတကာဈေးကွက်များထဲ တင်ပို့ ရောင်းချရာတွင် ရာသီချိန်ပေါ်သော သီးနှံများကို အရပ်ထဲ လှည့်ရောင်း သကဲ့သို့  တစ်ပွဲတစ်လမ်း  အကဲစမ်း မရောင်းချသင့်ပေ။ ဤကဲ့သို့ပြုမူခဲ့ပါ လျှင် မိမိတို့၏  မူလထုတ်ကုန်စစ်စစ် များသည်ပင်လျှင် တရုတ်နိုင်ငံ မူလ ထုတ်ကုန်များဖြစ်လာကာ မိမိတို့မှ ပြန် လည်တင်သွင်းရမည့်  အခြေအနေများ ဖြစ်ပေါ်လာနိုင်ပေသည်။