Main menu

Background

မြန်မာ့ သရက်သီး တန်ဖိုးမြှင့် တင်ပို့နိုင်ရေး

Sun, 07/08/2012 - 07:58 -- Anonymous (not verified)

အသီးတို့ရဲ့ ဘုရင်    ''အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်"လို့ မြန်မာ့ဆိုရိုးရှိသလို သစ်သီး အမျိုးမျိုးထဲမှာ သရက်သီးက ''အသီးတို့ရဲ့ဘုရင်" အဖြစ်လည်း နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။ ကမ္ဘာ့တစ်ဝန်းလုံးမှာ တစ်နှစ်ကို သရက်သီးတန်ချိန် သန်း ၄၀ ခန့်ထုတ်လုပ်တဲ့အနက် အိန္ဒိယက တန်ချိန် ၁၃ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံးထုတ်လုပ်သူဖြစ်ပြီး တရုတ်က တန်ချိန် ၄ သန်းဝန်းကျင်နဲ့ ဒုတိယ ပါကစ္စတန်က တန်ချိန် ၂ သန်းကျော်နဲ့ တတိယအများဆုံး ထုတ်လုပ်ပါတယ်။ အဲဒီနောက်မှာ မက္ကစီကို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ကလည်း ကမ္ဘာ့သရက် သီးထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာမှာ တရုတ်က ဒုတိယအများဆုံး သရက်သီးတင်သွင်း    ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံတွေထဲမှာ မက္ကစီကိုက ကမ္ဘာ့တင်ပို့မှုရဲ့ ၁၀ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၇ ဒသမ ၆ ရာခိုင်နှုန်း၊ ဘရာဇီးက ၆ ရာခိုင်နှုန်း၊ အိန္ဒိယက ၅ ဒသမ ၂ ရာခိုင်နှုန်းစီအသီးသီး တင်ပို့မှု ရှိတာတွေ့ရပါတယ်။ တင်သွင်းမှုအများဆုံး နိုင်ငံတွေကတော့ အမေရိကက ၄၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး တရုတ်က ၁၀ ဒသမ ၁၈ ရာခိုင်နှုန်း၊ နယ်သာလန်က ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ယူအေအီးက ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပြင်သစ်က ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မလေးရှားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ စင်ကာပူက ၂ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး တင်သွင်းမှုရှိတယ်လို့ သိရပါတယ်။ အိန္ဒိယ သရက်တင်ပို့တဲ့ ဈေးကွက်အခြေအနေ    ကမ္ဘာမှာ ထုတ်လုပ်မှုအများဆုံးဖြစ်ပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၉ သောင်း ဝန်းကျင်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့  သရက်သီးတင်ပို့မှုကို လေ့လာကြည့်ရင် အရှေ့အလယ် ပိုင်း၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်အစရှိတဲ့ နိုင်ငံတွေကို တင်ပို့တယ်လို့ သိရပါတယ်။ ဒီဈေးကွက်တွေကို တင်ပို့တဲ့ နေရာမှာ အရှေ့ အလယ် ပိုင်းဈေးကွက် ကို  အိန္ဒိယသရက်သီးတင်ပို့မှုအတွက် လွယ်ကူပေမဲ့ အမေရိကန်ဈေးကွက်ကို တင်ပို့ရာမှာတော့ ရောဂါပိုးမွှားကင်းစင်မှုနဲ့ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းများ ရှိပြီး  X ray     လို စက်ပစ္စည်းများနဲ့ စမ်းသပ်ထားတဲ့ သရက်သီးများ ဖြစ်ရမယ်လို့ သိရပါတယ်။ သြစတြေးလျနဲ့ ဂျပန်ဈေးကွက်များကို တင်ပို့ရာမှာလည်း VHP  လို့ခေါ်တဲ့ ရေနွေးငွေ့အပူပေးသန့်စင်နည်းများပြုလုပ်ဖို့လိုတယ်လို့ သိရပါတယ်။ သရက်သီး အများဆုံး ထုတ်လုပ်တဲ့ Nashik  နဲ့ မဟာရှပ်တရာမှာ  X ray    လို အခြေခံအဆောက်အအုံများရှိသလို စံချိန်စံနှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်လို့လည်း သြစတြေးလျအစိုးရနဲ့ ပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်နေတယ် လို့သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လတ်ဆတ် သရက်သီး တင်ပို့မှုရှိသလို တန်ဖိုး မြှင့်ထုတ်ကုန် သရက်ဖျော်ရည်များလည်းတင်ပို့တယ်လို့ သိရပါတယ်။ တင်ပို့မှု အနေနဲ့ ၂၀၀၈-၀၉ မှာ တန်ချိန် ၈၃၇၀၃ ရှိခဲ့ရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၅၉၂၂၀ ကို ၃၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။  မြန်မာ့သရက် တရုတ်ကို အသွားများ    မြန်မာနိုင်ငံရဲ့ သရက်သီးအများဆုံး တင်ပို့မှုကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး တင်သွင်းတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို အများဆုံးသွားတာဖြစ်ပါတယ်။ ယခင်နှစ်များက သရက်သီးစိမ်း၊ အမှည့်တို့ကို တင်ပို့မှုရှိခဲ့ရာမှ နောက်ပိုင်းနှစ်တွေမှာ သရက်ပြား၊ သရက်ပြင်တင်ပို့မှုလည်း ပိုမိုလာခဲ့သလို စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှားနဲ့ ထိုင်းတို့အထိ ဈေးကွက် တွင်ကျယ်လာတာ လည်း တွေ့ရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ တရားဝင်စာရင်းများအရ ၂၀၀၆-၀၇ မှာ တန်ချိန် ၂၄၁၃၆၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်းကျော်၊ ၂၀၀၇-၀၈ မှာ တန်ချိန် ၁၇၀၄၈ မှာ ကန်ဒေါ်လာ ၇ သန်း ကျော်၊ ၂၀၀၈-၀၉ မှာ တန်ချိန် ၂၁၇၆၀ မှ ကန်ဒေါ်လာ ၇ သန်းနီးပါး ၊ ၂၀၀၉-၁၀ မှာ တန်ချိန် ၄၄၃၆၀ မှ ကန်ဒေါ်လာ ၁၂ သန်းနီးပါး၊ ၂၀၁၀-၁၁ မှာ တန်ချိန် ၃၄၂၇၆ မှ ကန်ဒေါ်လာ ၁၁ သန်းနီးပါး၊ ၂၀၁၁-၁၂ မှာ တန်ချိန် ၄၀၁၉၃ တန်မှ ကန်ဒေါ်လာ ၁၆ သန်းကျော်ရှိပြီး ၂၀၁၂-၁၃  လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၂ ရက်နေ့အထိ တန်ချိန် ၃၆၂၇၆ မှ ကန်ဒေါ်လာ ၁၃ သန်းခန့်ရရှိပြီးတာ တွေ့ရပါတယ်။ မနှစ်က ဘဏ္ဍာနှစ်ကာလတူအတွင်းမှာ ၃၂၆၉၇ တန်ချိန် မှ ကန်ဒေါ်လာ ၁၂ သန်းကျော်ရရှိခဲ့လို့ ဒီနှစ်ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။  မလေးနဲ့ ဟောင်ကောင်ကိုပါ ဈေးကွက်ချဲ့လာ    ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တင်ပို့ခဲ့တဲ့ပမာဏတွေထဲမှာ စင်ကာပူ၊ ဟောင်ကောင်ကို တင်ပို့မှုမှာ တစ်နှစ် တန်ချိန် ၃၀ ကျော်ခန့်ပါဝင်မှုရှိခဲ့ပါတယ်။ နယ်စပ်မှတစ်ဆင့် တင်ပို့နေရာမှ လေကြောင်းမှ စင်ကာပူ ဈေးကွက်ကို မာလာမြိုင်ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၀-၁၁ ရာသီကစပြီး ပြန်လည်ထိုးဖောက် တင်ပို့ နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ခင်သန်းရတနာ၊ သိန်းဟန်ခိုင်မြဲ စတဲ့ ကုမ္ပဏီတွေကပါ မလေးရှား၊ ဟောင်ကောင်ဈေးကွက်တွေအထိ ချ့ဲထွင် တင်ပို့လာခဲ့တာတွေ့ရပါတယ်။     မန္တလေးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအသင်း ဥက္ကဌ ဒေါ်သန်းသန်းဆွေက သရက်သီးနဲ့ ပတ်သက်လို့ ပြောကြားရာမှာ '' မန္တလေးသရက်သီးအစုအဖွဲ့ကနေ သရက်သီးပြည်ပ တင်ပို့မှု အတွက် အထူးသဖြင့် စင်ကာပူကို ရေနွေး စိမ်၊ ရေအေးစိမ်၊ ဆိုဒ်ခွဲ၊ အလေးချိန်ချိန်ပြီး ပြင်ဆင်ပေးပါ တယ်လို့"ဆိုပါတယ်။ ဆက်လက်ပြီး ''မန္တလေးကနေ မနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်ကို မြဝတီ ကနေ တစ်ဆင့် ၃ တန်တင်ပို့ခဲ့ပြီး ဒီနှစ်တော့ ၂ တန်တင်ပို့ထားပါတယ်။ ထိုင်းက ဝယ်လိုအားရှိတယ်။ ဝယ်လို အားရှိသလောက် အရည်အသွေးမီတဲ့ သရက်သီးမရနိုင်တဲ့အတွက် တင်ပို့နိုင်ခြင်းမရှိသေးပါဘူး။ မန္တလေးဒေသက တစ်နှစ်ကို သရက်သီး တန် သိန်းချီပြီး ထွက်တယ်။ ဒါပေမဲ့ ပြည်ပဝယ်လိုအားကောင်းတဲ့ အိတ်စွပ်သီးက လိုသလောက်မရ နိုင်သေးပါဘူး။ ပြီးတော့မနှစ်က စိန်တလုံးတွေကို တရုတ်ကိုပို့တဲ့နေရာမှာ တချို့မမှည့်ဘဲ ဆေးတို့ပြီး ရောင်းချခဲ့တဲ့အတွက် မနှစ်က ရာသီနောက် ပိုင်းမှာ ဈေးကွက်ပျက်တဲ့ အနေ အထားရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ကျမတို့ရဲ့ သဇင်နွယ်ခြံမှာ အသင်းသားတွေနဲ့ ပူးပေါ င်းပြီး ဒေသက တစ်နိုင်တစ်ပိုင် လာရောင်းတဲ့ သူတွေဆီက မူဆယ်ဈေးနဲ့ အနည်းငယ်ခွာပြီး ဝယ်ယူပေးတယ်။  နောက် အရည် အသွေး အတန်းအစားခွဲပြီး တင်ပို့လို့ရတဲ့ သရက်သီးကို ပို့ပြီး ၊ ပယ်သီး၊ ကျသီးတွေကို fooenzen  mago  ၊ သရက်ဖျော်ရည်၊ သရက်ပြင်စတဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် စပြီးပြုလုပ်နေတာ အခုဆိုရင်တော်တော်လေးစုမိနေပြီ။ မန္တလေးတိုင်းဒေသကြီး စားသောက်ကုန် အသင်းကနေ FDA ကို ပေးပို့ စစ်ဆေးတာလဲ အောင်မြင်ပါတယ်။ တရုတ်ဘက်က ကုန်သည်တစ်ဦး က ဖျော်ရည်စပြီးမှာနေပြီ။ ဒီနှစ်တော့ ပြည်တွင်းမှာပဲ စဖြန့်အုံးမယ်။ ဒီလိုတန်ဖိုးမြင့်ထုတ်ကုန်လုပ်ဖို့  ဖြစ်လာတာကတော့ FAO အဖွဲ့လာပြီး သရက်ပြင်လုပ်နည်းကို စနစ်တကျနဲ့ ပြသပေးခဲ့တဲ့ နောက်မှာ အတွေးရပြီး လုပ်ဖြစ်သွား တာပါ။ ကျွန်မတို့ တစ်နိုင်ငံလုံးမှာ တစ်နှစ်ကို သရက်သီးအလေအလွင့် ဖြစ်တာ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခုလို လာရောင်းတဲ့ သရက်သီးမှန်သမျှကို ဝယ်ပြီး ပို့လို့ရတာပို့ပြီး ကျသီးတွေကို အခုလို ပြုပြင်ထုတ်လုပ်တော့ မနှစ်က လေလွင့်ဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းလောက်လျှော့ချနိုင်ပြီး ဒီနှစ်မှာ ၅ ရာခိုင်နှုန်း လောက် လျှော့ချနိုင်ပါတယ်" လို့ ဆိုပါတယ်။     ဆက်လက်ပြီးလည်း '' ပြီးခဲ့တဲ့လက မန္တလေးမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရဲ့ စီစဉ်ပေးမှုအရ မြန်မာ နိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအသင်း၊ အော်ဂဲနစ်အစု တာဝန်ရှိတဲ့ ဦးနှင်းဦး၊ ဦစံလင်း တို့နဲ့အတူ ကျွန်မတို့ မန္တလေးတိုင်းဒေသကြီးက သရက်သီးအစုအဖွဲ့ဝင် ၄ ဦးပါဝင်ပြီး အိန္ဒိယသရက်သီး စိုက်ပျိုး ထုတ်လုပ်မှု၊ ဈေးကွက်၊ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတွေကို ၈ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ တော်တော်လေး ဗဟုသုတရခဲ့ပါတယ်။ အဲဒီမှာ အများစုကို ဖျော်ရည်ပြုလုပ်တာတွေ့ရတယ်။ ဒါကြောင့် သရက်သီးကို ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာ သိလာရတယ်။ ဒါကြောင့် ကျွန်မတို့လဲ small scale  အနေနဲ့ စပြီး လုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်က ဂျပန်က လုပ်ငန်းရှင်တစ်ဦးလဲလာပြီး လေ့လာတယ်။ မြန်မာက သရက်သီးကို ကြိုက်တယ်။ ဒါပေမဲ့ ဂျပန်ကို တင်ပို့ဖို့ဆိုရင် X ray  စက်တွေလိုအပ်တဲ့ အတွက် ကျွန်မတို့ဆီက တိုက်ရိုက်ပို့လို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် လိုအပ်တဲ့ စက်ပစ္စည်းတွေကို အစိုးရပိုင်းက ကူညီပေးမယ်ဆိုရင် ဒီ့ထက်ပိုပြီး ဈေးကွက်ချဲ့နိုင်လာမှာပါ။ နောက်ပြီး တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့လဲ ကျွန်မတို့တွေ သင်တန်းတွေပေးဖို့လည်း လုပ်နေပါတယ်။ စိုက်ပျိုးရေးဌာနနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း အကူအညီအများကြီး ပေးနေပါတယ်။ တိုင်းအတွင်းမှာ အိတ်စွပ်တာ အခုဆိုရင် ၂ ဆလောက်တိုးလာပါပြီ။ ဒါပေမဲ့ ဝယ်လိုအားက အရမ်းများတဲ့အတွက် တောင်သူတွေ ဒီ့ထက်ပိုပြီး သိလာအောင်၊ တိုးထုတ်လာအောင် လုပ်ဖို့လိုပါသေးတယ်" လို့ဆိုပါတယ်။     ရှမ်းပြည်နယ်တောင်ပိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအသင်းဥက္ကဌ၊ မြတ်ရတနာ သရက်ခြံမှ ဦးစိုးသိန်းက ပြောကြားရာမှာ '' ဒီနှစ်လေပြင်းထန်ပြီး အချိန်အခါမဟုတ် မိုးရွာလို့ ကျွန်တော်တို့ ဒေသမှာ သရက်သီးအထွက်နည်းခဲ့တယ်။ ပြီးတော့ ပိုးထိန်းချုပ်မှုနည်း တဲ့အတွက် ပိုးကျရောက်ခဲ့လို့လည်း ဒီနှစ်မှာ ရှမ်းတောင်သရက်က ထင်သလောက်ထွက်မလာခဲ့ဘူး။ ကျွန်တော့မြတ်ရတာခြံက မနှစ်က ပြည်ပတင်ပို့ဖို့ အရည်အသွေးမီတဲ့ သရက် ၇၀ ရာခိုင်နှုန်းလောက် ထွက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၅၀ ရာခိုင်နှုန်းတောင် အရည်အသွေးမမီဘူး။ ဈေးကွက်သစ်တွေ ရှိလာပြီး ဝယ်လိုအားတွေတက်လာတဲ့အချိန်မှာ သရက်သီးက မပေးနိုင်ဘူးဖြစ်ရပါတယ်။ ရှမ်းတောင်က သရက်တွေကို နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံ ကွမ်ကျိုး ဝယ်လက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ပြီးတော့ ရန်ကုန်ကုမ္ပဏီတွေကတစ်ဆင့်လည်း စင်ကာပူ၊ မလေးရှားတို့ကို ပို့ပါတယ်။ မနှစ်ကကွမ်ကျိုးတစ်နေရာထဲကိုပဲ တန် ၃၀ ကျော် ရောင်းချရပေမဲ့ ဒီနှစ် တော့ မပို့နိုင်တော့ဘူး။ ဝယ်လိုအားရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပို့နိုင်တဲ့ အနေအထားရှိနေပါ တယ်။ ဈေးနှုန်းက မနှစ်က FOB  တစ်တန် ကန်ဒေါ်လာ ၁၂၀၀ နဲ့ ရောင်းချရပြီး ဒီနှစ်တော့ တောင်ကြီးမှာကို ရောင်းဈေး တစ်တန် ကျပ် ၈ သိန်း(ကန်ဒေါ်လာ ၁၀၀၀ ) လောက်နဲ့ တောင်သူတွေ တိုက်ရိုက်ရောင်းချ နိုင်ခဲ့ပါတယ်။ လောလောဆယ် တန်ဖိုးမြင့် ထုတ်ကုန်အနေနဲ့ မလုပ်ဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရှမ်းတောင်သရက်က တစ်နိုင်ငံလုံးသရက်ရှားတဲ့အချိန်မှ ထွက်တဲ့ အတွက် ပြည်ပအရည်အသွေးမီတာကို ပြည်ပကို ပို့ပြီး ကျန်တဲ့သရက်တွေကိုလည်း ပြည်တွင်းက ဝယ်လိုအားရှိတော့ အလုံးလှရင် တစ်လုံး ၃၅၀-၄၀၀ ကျပ်နဲ့ ဈေးကောင်းရတဲ့အတွက်ပါ။ ရှမ်းတောင်မှာ သရက်အစုအဖွဲ့ဝင် ၇၀၀ နီးပါးရဲ့ စိုက်ပျိုးမှုက ဧက ၁၄၀၀၀ နီးပါးရှိပြီး တစ်နှစ်ကို တန်ချိန် ၁၄၀၀ လောက်ထွက်မယ်လို့ ခန့်မှန်းရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စိန်တလုံးသရက်စိုက်ဧက တိုးလာခဲ့လို့ အခုဆိုရင် စိန်တလုံးက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ရင်ကွဲသရက်ဖြစ်ပါတယ်။ တရုတ်က အခုနောက်ပိုင်း အရည်အသွေးကို ကြည့်ပြီး ဝယ်လာတော့ ရှမ်းတောင်အိတ်စွပ်သရက်က ဈေးကွက်နေရာရလာပါတယ်။ ဒီလိုအိတ် စွပ်ပြီး အရည်အသွေးထိန်းထားဖို့ကလည်း ရင်းနှီးမြုပ်နှံမှုလိုပါတယ်။ သရက်သီးစိုက်ပျိုးရောင်းဝယ်မှုမှာ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့က ပုံမှန်ပဲ သင်တန်းတွေ၊ လိုအပ်တဲ့အကူအညီတွေ ပေးပါတယ်။ လာမယ့် သြဂုတ်လမှာလည်း ဒီနှစ်လို ပိုးကျရောက်မှုကို ကာကွယ်ဖို့ အရည်အသွေးကောင်း သရက်သီး ရရှိဖို့ ပြုစုနည်းသင်တန်း ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ သရက်သီးက ဝယ်လိုအားအရမ်းကြီးပြီး ရောင်းမယ်ကြံရင် ပစ္စည်းက ထွက်မလာဘူး။ သရက်ကနေ ဝင်ငွေကောင်းတဲ့အတွက် တောင်သူတွေ အခုထက် တိုးထုတ်လုပ်ဖို့သာ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။    သရက်သီးလုပ်ငန်းကျွမ်းကျင်သူများရဲ့ ခန့်မှန်းပြောကြားချက်အရ ထုတ်လုပ်မှုတွေ တစ်နှစ်ထက် တစ်နှစ် ပိုလာခဲ့ သလို ဈေးပိုမိုရရှိလာတဲ့အတွက်လည်း ပြည်ပတင်ပို့မှုလည်း ပိုမိုလာတာ သက်ဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက ကမ္ဘာမှာ သရက်သီးတင်သွင်းမှု ဒုတိယ အများဆုံးဖြစ်လို့ မြန်မာနိုင်ငံကရောင်းတဲ့ သရက်မှန်သမျှ ကိုဝယ်နေဦးမှာ ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ သရက်တွေ ဈေးနှိမ်ခံပြီး မရောင်းရဖို့တော့ လိုပါတယ်။ နောက်ပြီး High End Market   တွေဖြစ်တဲ့ ဂျပန်၊ အီးယူ၊ ကိုရီးယားဈေးကွက်တွေကို တင်ပို့နိုင်မယ်ဆိုရင် စိန်တလုံးလို အရသာထူးခြားကောင်းမွန် တဲ့ မြန်မာ့သရက်က ဈေးကောင်းရမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီဈေးကွက်တွေကလည်း မြန်မာ့ သရက်ကို ဝယ်လိုကြပါတယ်။     ဒါပေမဲ့လည်း ဒီလိုဈေးကွက်ကြီးတွေ တင်ပို့ဖို့ဆိုရင် သူတို့ရဲ့ စံချိန်စံနှုန်းတွေမီဖို့ Vapour Heat Treatment(VHT)၊ X-ray   စတဲ့ အရည်အသွေးကောင်းသရက်များ ပြုလုပ်စစ်ဆေးနိုင်တဲ့ စက်ပစ္စည်းတွေ လိုအပ်မှာဖြစ်ပါတယ်။ အသင်းအဖွဲ့နဲ့ သက်ဆိုင်ရာဌာန များအနေနဲ့ မိမိတို့ပြည်တွင်းမှာ ထုတ်လုပ်မှု မြှင့်တင်ခြင်းတွေ ဆောင်ရွက်သလို တစ်ဖက်မှာလည်း ဈေးကွက်ေ ကာင်းတွေ ချိတ်ဆက်နိုင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကိုလည်း ဖြည့်ဆည်းရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သရက်သီး တင်ပို့နေတဲ့ ပါကစ္စတန်မှာဆိုရင် ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး VHT စက်ပစ္စည်းတွေ တပ်ဆင်ပြီး ဂျပန်ကို တင်ပို့ဖို့ ဆောင် ရွက်နေသလို အရည်အသွေးဆိုင်ရာ စစ်ဆေးရေး စက်ပစ္စည်းများ ပြည့်စုံတဲ့ အိန္ဒိယ နိုင်ငံမှာဆိုရင်လည်း သြစတြေးလျ နဲ့ ပူးပေါင်းပြီး သရက်တင်ပို့ဖို့ စံချိန်စံနှုန်းမီလုပ်ကိုင်နိုင်ရေး လုပ်နည်း ကိုင်နည်း (SOP) ကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီလိုဘဲ မြန်မာနိုင်ငံ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံအသင်း၊ သရက်သီးအစုအဖွဲ့အပြင် ပြည်ပတင်ပို့နေတဲ့ ကုမ္ပဏီများအနေနဲ့လည်း မိမိတို့နိုင်ငံရဲ့ သရက်သီးထုတ်လုပ်မှုပမာဏကို စစ်တမ်းကောက်ယူစိစစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ သရက်သီး တင်သွင်းတဲ့နိုင်ငံ များမှ  ရင်းနှီးမြှုပ်နှံသူများနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သရက်မှ ပြည်ပ ဝင်ငွေများ စွာ ရရှိနိုင်မှာဖြစ်ပါတယ်။    ဒါ့အပြင် ပြည်ပတင်ပို့ဖို့ အရည်အသွေးမမီတဲ့ သရက်သီးများကိုလည်း ဆုံးရှုံးမှုနည်းပါးစေဖို့အတွက် မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့မှ လက်ရှိ ဦးဆောင်စမ်းသပ်ထုတ်လုပ်နေသလို တန်ဖိုးမြှင့် ထုတ်လုပ်မှုကိုလည်း သရက်သီးအများဆုံးထုတ်လုပ်ရာ စစ်ကိုင်း၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီး များမှာလည်း တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ပယ်သီး၊ ကျသီးများကို သရက်ပြင်၊ သရက်ပြားခြောက်၊ အေးခဲ သရက်၊ သရက်ဖျော်ရည် စတဲ့တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ တစ်နိုင်တစ်ပိုင်လည်း လုပ်ကိုင်နိုင်တာဖြစ်လို့ စနစ်တကျ၊ ကျန်းမာရေးနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက်ကိုတော့ ပညာပေး လေ့ကျင့်မှုတွေ အရှိန်မြှင့်တင်ရမှာ ပဲ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီး က သစ်သီးဝလံများ ထုတ်လုပ်မှု လျော့ကျလာနိုင်ခြင်း၊ လူဦးရေတိုးပွားလာမှု၊ ဝင်ငွေမြင့်မား လာမှုစတဲ့ အကြောင်းရင်းတွေအရ ဝယ်ယူစားသုံးမှု တိုးပွားလာနိုင်ခြင်းတွေကြောင့် မိမိတို့နိုင်ငံရေမြေအရ ဖြစ်ထွန်း နေတဲ့ သစ်သီးဝလံများ အထူးသဖြင့် နိုင်ငံတကာက အသီးတို့ရဲ့ ဘုရင်အဖြစ် အသိအမှတ်ပြုထားတဲ့ သရက်သီးကို တိုးပွားအောင်ထုတ်လုပ်ဖို့အပြင် လေလွင့်ဆုံးရှုံးမှုနည်းပါးကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်ရေး တိုက်တွန်းလိုက်ရပါတယ်။