Main menu

Background

ဒီနှစ်မုတ်သုံမိုးကြောင့် ပဲစိုက်ပျိူးထုတ်လုပ်မှု ကျဆင်းနိုင်တာကြောင့် မြန်မာ့ ပဲဈေးကွက် အလားအလာဘယ်လိုရှိမလဲ ?

Mon, 08/27/2012 - 06:54 -- Anonymous (not verified)

အိန္ဒိယမုတ်သုံမိုးက ပျှမ်းမျှအောက် ၁၇ ရာခိုင်နှုန်း နည်းနေ ဆဲ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ် စားသုံးသူ ဖြစ်သလို မြန်မာနိုင်ငံရဲ့ အဓိက ပဲဖောက်သည် လည်း ဖြစ်တဲ့ အိန္ဒိယမှာ မုတ်သုံမိုး ရွာသွန်းမှုဟာ လက်ရှိ ကာလအထိ ပျမ်းမျှမိုးရေချိန်အောက် ၁၇ ရာခိုင်နှုန်းလောက် အထိ လျော့ကျနေပြီး၊ ပဲ စိုက်ပျိုးတဲ့ အချို့ဒေသများမှာသာ မိုးရေရရှိတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ အချို့ဒေသ တွေ မှာ ရေကြီးမှုတွေဖြစ်ပေမဲ့ တချို့ဒေသတွေမှာ တော့ လက်ရှိအချိန်ထိ မိုးခေါင် နေသေးတာတွေ့ ရပါတယ်။၂၀၁၂  သြဂုတ်လ ၉ ရက်အထိ ပဲစိုက် ပျိုးပြီး ဧရိယာမှာ ဟက်တာ ၇ ဒသမ ၄၅ သန်း သာရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးပြီး ဟက်တာ ၈ ဒသမ ၉၃ သန်းထက် ဟက်တာ ၁ ဒသမ ၄၈ သန်း လျော့ကျနေတယ်လို့ သိရပါတယ်။

 
ပဲတီစိမ်းနဲ့ ပဲစင်းငုံ စိုက်ဧရိယာလျော့ကျ၊ ဈေးကွက်အဝင် နောက်ကျနိုင် ခန့်မှန်းခြေအားဖြင့် ပဲမျိုးစုံ ၇၀ ရာခိုင်နှုန်း ကျော် စိုက်ပျိုးပြီးဖြစ်ပေမဲ့ မိုးရွာ သွန်းမှုနည်းပါး နေတာကြောင့် စက်တင်ဘာလလယ်ခန့်မှာ ပဲစိုက် ပျိုးမှု ပြီးစီးနိုင်တယ်လို့ ခန့်မှန်းကြတာ သိရပါ တယ်။ ရာဂျက်စသန်၊ အင်ဒရာပရာဒေ့ရှ်၊ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ ပဲမျိုးစုံစိုက်ပျိုးမှု စာရင်းများအရ ပဲစိုက်ဧရိယာေ လျာ့ကျမှုမှာ အထူး သဖြင့် ပဲတီစိမ်းနဲ့ ပဲစင်းငုံစိုက်ဧရိယာများ သိသိ သာသာလျော့ကျ တာကို တွေ့ရပါတယ်။ မဟာရပ် ရှတရာ၊ ရာဂျက်စသန်နဲ့ ဂူဂျာရတ်တို့က ပဲတီစိမ်း တချို့တစ်ဝက်ကတော့ စက်တင်ဘာလ ပထမ ပတ်လောက်မှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ပဲစင်းငုံ ထုတ်လုပ်မှုမှာ ယခင်နှစ်က တန်ချိန် ၂၂ သိန်းရှိခဲ့ရာမှ ယခုနှစ် စိုက်ဧရိယာ ကျဆင်းပြီး မိုးပါးတာကြောင့် တန်ချိန် ၂၀ သိန်း ဝန်းကျင်သာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီဥတုအခြေအနေအရ နိုဝင်ဘာ - ဒီဇင်ဘာ မတိုင်မီ ပဲစင်းငုံအသစ်ထွက်ရှိနိုင်ဖွယ် မရှိတာ ကြောင့်လည်း ပဲစင်းငုံ ဈေးနှုန်း ထပ်မံမြင့်တက် ဖွယ်ရှိတယ်လို့ ကုန်သည်များမှ ခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ပဲမျိုးစုံဈေး၂၅-၃၀ ရာခိုင်နှုန်းတိုးလာ အလားတူ မတ်ပဲမှာလည်း မနှစ်က စိုက် ပျိုးမှုထက် လျော့ကျလျက်ရှိရာ ၂၀၁၂-၁၃ ပဲ စုစု ပေါင်းထွက်ရှိမှုဟာ ၂၀၀၉- ၁၀မှာထွက်ရှိတဲ့ တန်ချိန်  ၁၄ ဒသမ ၅၀ သန်းခန့် သာ ထွက်ရှိ နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယရဲ့ တစ်နှစ် ပဲစားသုံးမှုက တန်ချိန် သန်း၂၀ လောက် ရှိတဲ့အတွက် ခန့်မှန်းထားတဲ့အတိုင်းသာ အထွက် လျော့မယ်ဆိုရင် ပဲလိုအပ်ချက်က တန်ချိန် ၆ သန်းလောက်ရှိမှာကို တွေ့ရပါတယ်။ စိုက်ပျိုးချိန် ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ခြင်းမရှိတဲ့အတွက် ဈေး ကွက်တွေမှာ ပဲဈေးတွေက ပြီးခဲ့တဲ့လတွေအတွင်း ၂၅-၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာ ခဲ့ပါ တယ်။ ဈေးအမြင့်ဆုံးကတော့ ကုလားပဲဖြစ်ပါ တယ်။ မနှစ်က ပဲတီစိမ်းဈေး အဖွင့်မှာတစ်တန် ရူပီး ၃၅၀၀၀ (ကန်ဒေါ်လာ  ၆၃၂ ) ရှိခဲ့ပေမဲ့ ဒီနှစ်မှာ ရာဂျက် စသန်က စက်တင်ဘာလမှာ ဝင်လာမယ့် ပဲတီစိမ်းဈေးကတစ်တန် ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၉၀၃  )ဈေးနဲ့ ဖွင့်နိုင်တယ်လို့ ဈေး ကွက်က ခန့်မှန်းထားပါတယ်။  လက်ရှိအချိန်မှာ မတ်ပဲဈေးကတော့ ငြိမ်နေပါတယ်။ ရာဂျက် စသန်နဲ့ဒေလီမှာ မတ်ပဲခွဲခြမ်းလက်ကျန်တွေ အလုံ အလောက်ရှိနေသေးတာကြောင့်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အောက် တိုဘာလလောက်မှာတော့ မတ်ပဲဈေး မြင့်တက် လိမ့်ဦးမယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ ဒါကြောင့် ပဲအဓိကစားသုံးရာ အိန္ဒိယနိုင်ငံအနေနဲ့ ပဲအထွက်လျော့ကျမှာ သေချာနေတာကြောင့် လာမယ့်လတွေမှာ ပဲမျိုးစုံဈေးနှုန်း အမြင့်ဘက် တက်မှာ ဖြစ်နိုင်ခြေများတဲ့ အခြေအနေ ရှိနေတာ တွေ့ရ ပါတယ်။
ပြည်တွင်းပဲဈေးများလည်း မြင့်တက်လာ ပဲဈေးဆက်လက်မြင့်တက်မယ့် ခန့်မှန်းချက် များနဲ့လက်ရှိအိန္ဒိယရာသီဥတုအခြေအနေ၊ မြန်မာ့ ပဲ လက်ကျန်ခန့်မှန်းတွက်ချက်မှုများအပြင် မြန်မာ နိုင်ငံရဲ့မိုးပဲစိုက်ပျိုးမှု အလားအလာများအရ မြန်မာ ပဲကုန်သည်အချို့ဟာဇူလိုင်လကုန်၊ သြဂုတ်လဆန်း ပိုင်းမှာ ဈေးကစားရောင်းဝယ်မှုများရှိလာပါတယ်။ မတ်ပဲဈေးအနေနဲ့ ဇွန်လဆန်းမှာ FOB ဈေးတစ် တန်ကန်ဒေါ်လာ၅၀၀-၅၂၀ ဘုရင့်နောင် ကုန်စည် ဒိုင်မှာ ကျပ် ၄၀၁၀၀၀ - ၄၀၂၀၀၀ ရှိခဲ့ရာမှ ဇူလိုင် လဆန်းမှာFOB တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀၊ ဘုရင့်နောင်ဈေး ကျပ်  ၄၇၂၀၀၀ - ၄၈၀၀၀၀ နဲ့ သြဂုတ်လ ပထမပတ်မှာ FOB  ဈေး ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ဘုရင့်နောင် ဈေး ကျပ် ၆၂၂၀၀၀ - ၆၃၁၀၀၀ ထိ ပြည်တွင်းဈေး ကျပ် နှစ်သိန်းကျော် မြင့်တက်ခဲ့ပါတယ်။ အလားတူပဲစင်းငုံဈေးမှာလည်း ဇွန်လဆန်း မှာ FOB တစ်တန်ကန်ဒေါ်လာ ၅၇၀ - ၅၈၀၊ ဘုရင့်နောင်ဈေး ကျပ် ၄၅၄၀၀၀ ရှိရာမှ ဇူလိုင် လဆန်းမှာ FOB တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀၊ ဘုရင့်နောင်ဈေး ကျပ် ၅၆၇၀၀၀၊ သြဂုတ် လ ပထမပတ်မှာ FOB တစ်တန်ကန်ဒေါ်လာ ၈၃၀-၈၅၀၊ ဘုရင့်နောင်ဈေးကျပ် ၇၁၀၀၀၀ ထိ တစ်တန်  ကျပ် ၂၆၀၀၀၀ ခန့်အထိ ဈေးအဆ မတန် မြင့်တက်လာခဲ့ပါတယ်။ အလားတူ ပဲတီစိမ်း ဈေးမှာလည်း တစ်တန် ကျပ် နှစ်သိန်းကျော်မြင့် တက်လာခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လ ဒုတိယပတ်မှာတော့ မတ်ပဲနဲ့ ပဲစင်းငုံဈေး ပြန်အေးလာခဲ့တာ တစ်ပတ် အတွင်း တစ်တန် ကျပ်နှစ်သောင်းကျော် ပြန်ကျ လာခဲ့ပါတယ်။ ဝယ်လက်နိုင်ငံရဲ့ပဲလိုအပ်မယ့် အခြေအနေ၊ မိမိတို့ရဲ့ ပဲလက်ကျန်တွေအရ ပဲဈေး များ တသမတ်ထဲကောင်းလာစေဖို့ ဈေးကစားခြင်း တွေကိုရှောင်ရှားနိုင်စေဖို့အတွက်  ပဲလောကသား များရဲ့ ပဲဈေးကွက်အလားအလာအပေါ် ထင်မြင် ချက်တို့ကို ဖော်ပြနိုင်ရေး ကောမတ်စ်က မြန်မာ နိုင်ငံ ပဲနှမ်းကုန်သည်များအသင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ ဝါရင့်ပဲလုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ခဲ့ပါတယ် -
ဒေါက်တာမျိုးလွင် ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်
မကြာသေးခင်က အိန္ဒိယပဲစိုက်ပျိုး ထွက်ရှိမှု ကို သွားရောက်လေ့လာခဲ့ပါတယ်။ လက်ရှိအခြေ အနေအရ ပြောရမယ်ဆိုရင် အိန္ဒိယမိုးက တချို့ ပဲစိုက်တဲ့ဒေသမှာ မိုးရပေမဲ့တချို့ဒေသမှာတော့ မိုး အလုံအလောက်မရသေးတာ တွေ့ရပါတယ်။ မိုးရ တဲ့တချို့ဒေသတွေမှာလဲ ငွေပိုရပြီး တွက်ခြေကိုက် တဲ့ သီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာတော့ ပဲ စိုက်ပျိုးမှုလျော့မယ်လို့ ခန့်မှန်းရပါတယ်။အရင်နှစ် က ဆိုရင် ပဲအများစုစိုက်တဲ့မဟာရပ်ရှ တရာဒေသ တွေမှာ လမ်းဘေးဝဲယာတစ်လျှောက် ပဲတီစိမ်း၊ မတ်ပဲခင်းတွေ တွေ့ရတယ်။ ဒီနှစ်တော့ မိုင်၂၀၀ လောက်အထိ ပဲပုပ်စိုက်ခင်းတွေကို အများဆုံးတွေ့ နေရပါတယ်။ အမေရိကန်မှာ မိုးခေါင်ပြီး ပဲပုပ် အထွက်လျော့နေတော့ ပဲပုပ်ဈေးက နိုင်ငံတကာ မှာတက်သလို အသုံးများတဲ့ အိန္ဒိယမှာလဲ ဈေးတွေ တက်နေတယ်။ ပဲပုပ်ဈေးက မတ်ပဲဈေးထက် ဈေး ပိုများတယ်။ နောက်တစ်ခုက ပဲပုပ်တစ်ဧက စိုက် ရင် ကီလို ၇၀၀ ထွက်ပြီးမတ်ပဲကကီလို ၃၅၀ သာ ထွက်တယ်ဆိုတော့ ပဲပုပ်စိုက်ပြီး မတ်ပဲဝယ်စားမယ့် သဘောတွေ တွေ့ရပါတယ်။ ဥတ္တရာပရာဒေ့ရှ်မှာ လဲ ပဲပုပ်ကိုအဓိကထားစိုက်လာလို့ ပဲစိုက်ပျိုးမှု လျော့တယ်။ ပဲတစ်မျိုးချင်းကို ပြောရရင် ပဲတီစိမ်း အဓိကစိုက်တဲ့ ရာဂျက်စသန်မှာ စိုက်ဧကတော် တော်လျော့တယ်၊ ကာနာတာကာမှာလည်း ပဲစင်း ငုံ စိုက်ပျိုးမှုလျော့တယ်။ ခြုံပြောရရင်တော့ အိန္ဒိယ ဘက်ခြမ်းမှာ ရာသီဥတုနဲ့ လက်ရှိစိုက်ပျိုးထားတဲ့ အနေအထားအရ ဒီနှစ် မြန်မာနဲ့ သက်ဆိုင်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အားလုံးက အရင်နှစ် ထက်အထွက်လျော့မယ့်အခြေအနေရှိနေပါတယ်။
ဦးကျော်ဆန်းမိုး စာရင်းစစ် ပဲနှမ်းကုန်သည်များအသင်း
လက်ရှိပြည်တွင်းမှာ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ အခြေအနေကို သုံးသပ်ရရင်တော့ ကျောက်ပန်း တောင်း၊ မြင်းခြံဘက်က ပုံမှန်လိုစိုက်ထားတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ ပခုက္ကူ၊ မုံရွာ၊ တံတားဦး ဘက်မှာ မိုးနောက်ကျပြီး မိုးခေါင်လို့ အစိုက်လျော့ တယ်။ ရှမ်းတောင်အချို့ဒေသတွေမှာလဲ ပဲစင်းငုံကို ၃ နှစ်ဆက်တိုက်စိုက်ရင် မြေအချဉ်ပေါက်လို့ဆိုပြီး အစိုက် လျော့တယ် ကြားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်မှာလဲ ပဲစင်းငုံကအစိုက်လျော့ မယ့် အခြေအနေရှိနေတယ်။ လက်ရှိမိုးလိုနေတဲ့ အချိန်မှာလည်း မိုးနည်းနေတဲ့အတွက် ပဲပင်တွေ ရေကိုလိုသလောက်မရတဲ့အနေအထား ရှိနေပါ တယ်။ ပုံမှန်နှစ်မှာပဲစင်းငုံတန်ချိန် ၂ သိန်း လောက် ထွက်ရင် ဒီနှစ်မှာ အဲဒီအောက်လျော့နိုင်ပါတယ်။ အခြားဆက်စပ် နိုင်ငံတွေရဲ့ အခြေအနေ ကတော့အာဖရိကနိုင်ငံတွေဖြစ်တဲ့ မာလာဝီ၊ တန် ဇန်းနီးယား၊ ကင်ညာ၊ မိုဇမ်းဘစ် စတဲ့နိုင်ငံတွေက တန်ချိန် တစ်သိန်းခွဲလောက်ထွက်တယ်။ ဒါပေမဲ့ မြန်မာပဲစင်းငုံနဲ့ အရည်အသွေးမတူတဲ့ ပဲစင်းငုံ အဖြူ၊ အကြားတွေကို ဈေးအနိမ့်နဲ့ ရောင်းချမှုတွေ ရှိတယ်။ သူတို့ ပဲပေါ်ချိန်က သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလအထိ ဆိုတော့ ဒီမှာ ရှားလာတဲ့ အချိန် သူတို့ရောင်းတာပေါ့။ ဒီနှစ်ပြက္ခဒိန်နှစ် ဇူလိုင်လ အထိ ပဲစင်းငုံတင်ပို့မှု တန်ချိန် နှစ်သိန်း လေးသောင်းလောက်ရှိပြီလို့သိရပါတယ်။ မနှစ်က နှစ်ဟောင်းလက်ကျန်ကတန်ချိန် တစ်သိန်းလောက် ရှိပြီး အသစ်ထွက်တဲ့ပဲက တန်ချိန်နှစ်သိန်းလောက် နဲ့ဆိုရင် လက်ရှိလက်ကျန်က တန်ချိန် ၆ သောင်းနဲ့ ၇ သောင်းအကြား ကျန်မယ်လို့ ခန့်မှန်းရပါတယ်။ နှစ်နိုင်ငံပဲစင်းငုံ စိုက်ပျိုးမှုနဲ့ ရာသီဥတုအရ အိန္ဒိယ ရဲ့ အဓိကဟင်းလျာဖြစ်တဲ့ ပဲစင်းငုံဈေး ဆက်ပြီး ကောင်းလာမယ်လို့ မှန်းရပါတယ်။
ဦးသန်းငြိမ်း အမှုဆောင်အရာရှိ ပဲနှမ်းကုန်သည်များအသင်း
ပဲတီစိမ်းက ပုံမှန်ဆိုရင် အညာပဲတီစိမ်းက တန်ချိန် တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားမှာ ထွက်ပြီး တောင်ငူ၊ ဒိုက်ဦးစတဲ့ ပဲခူးအရှေ့ခြမ်းက စပြီး ရန်ကုန်တိုင်း ခရမ်းသုံးခွဘက်အထိ ပဲတီရွှေဝါ အထွက်ကတစ်သိန်းခွဲလောက်ရှိတယ်။ အညာ ဘက်က ပဲတီစိမ်းကတော့ ဒီနှစ် မိုးခေါင်တဲ့အတွက် တန် တစ်သိန်းအောက်မှာပဲရှိမယ်လို့ ခန့်မှန်းပါ တယ်။ လာမယ့်ရာသီမှာ စိုက်မဲ့ ပဲတီရွှေဝါကတော့ လက်ရှိအောက်ပိုင်းဒေသမှာ မိုးကောင်းတဲ့အတွက် မြေဆီလွှာကောင်းပြီး အထွက်ကောင်းနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဇူလိုင်လအထိ ပဲတီစိမ်းတင်ပို့ပြီး စီးမှုက တန်ချိန် ၁၉၈၀၀၀ ရှိပြီး နယ်စပ်ကလည်း တန်ချိန်  လေးသောင်းကျော် တင်ထားပြီးပြီဆို တော့လက်ကျန်မရှိသလောက် ဖြစ်နေပါတယ်။ မျိုးလောက်ပဲ ကျန်ပါတော့မယ်။ ပဲတီစိမ်းကို အာဆီယံနိုင်ငံတွေအကုန်လုံးက အသုံးများတယ်။ တရုတ်ကလဲ အမြဲဝယ်နေတော့ ဈေးကွက်ကျယ် ပြန့်တယ်။ လက်ရှိ အိန္ဒိယဘက်ခြမ်းကလည်း အစိုက်လျော့တယ်ဆိုတော့ပဲတီစိမ်းကတော့ ပဲတွေ အားလုံးမှာ အလားအလာအကောင်းဆုံးလို့ ယူဆ ရပါတယ်။
ဦးမင်းကိုဦး အတွင်းရေးမှူး မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း
မတ်ပဲက ဇူလိုင်လအထိ တန်ချိန် သုံးသိန်း နှစ်သောင်းကျော်တင်ပြီးသွားပြီဆိုရင် အရင်နှစ်ပဲ အဟောင်းလက်ကျန် တန်ချိန် တစ်သိန်းလောက်နဲ့ ဒီနှစ်ပုံမှန်အထွက် တန်ချိန် ၅ သိန်းလောက်ဆို တော့ လက်ရှိ လက်ကျန်က တန်ချိန် နှစ်သိန်းခွဲ သုံးသိန်းကြားကျန်မယ်လို့ ခန့်မှန်းရပါတယ်။ မတ်ပဲ ကို စိုက်ပျိုးတာလဲ အိန္ဒိယနဲ့ မြန်မာ အများဆုံး စိုက်ပျိုးတာဖြစ်လို့ အခြားပြိုင်ဖက် နိုင်ငံအနေနဲ့ မတ်ပဲမှာ ကြီးကြီးမားမားရှိပါဘူး။ လက်ရှိအိန္ဒိယရဲ့ ပဲစိုက်ပျိုးမှုအနေအထားနဲ့ ပဲဝယ်လိုအား အရ ပဲအသစ်မထွက်မီ လက်ကျန်မတ်ပဲတွေ အခြေ အနေကောင်းမယ့် အလားအလာရှိပါတယ်။ အဓိကတော့ ဈေးကွက်ပိုကျယ်ပြန့်တဲ့ ပဲတီ စိမ်းကိုတောင်သူတွေ တိုးစိုက်သင့်ပါတယ်။ ဒုတိယ ကတော့ မတ်ပဲကိုလည်း အရည်အသွေး အထွက် ပါ အားထည့်စိုက်သင့်ပါတယ်။ ပဲစင်းငုံကတော့ ဒီနှစ်က ဟိုဘက် ဒီဘက်အခြေအနေအရ ပစ္စည်း ရှားမှာဖြစ်လို့ ထိန်းသိန်းသိမ်းသိမ်းရောင်းသင့်တဲ့ သဘောရှိတာ တွေ့ရပါတယ်။
ဦးတင်မြင့် ဒုတိယဥက္ကဌ မြန်မာနိုင်ငံပဲနှမ်းအသင်း
ပဲအားလုံးကို ခြုံငုံပြောရရင် အိန္ဒိယမှာ မိုး ရွာသွန်းမှုက ရွာမြဲအောက် ၂၀ ရာခိုင်နှုန်း ဝန်း ကျင်နည်းတယ်လို့ ပြောနေကြတော့ မိုးခေါင် တယ်လို့ ပြောလို့ရပါတယ်။ အချို့ပြည်နယ်တွေ မိုးများပြီး ရေနစ်မြုပ်တဲ့ဒေသတွေရှိပေမဲ့ ပဲစိုက်ပျိုး တဲ့ ဒေသ တချို့မှာ မိုးခေါင်နေတယ်။ ကျွန်တော် တို့ ပြည်တွင်းမှာလည်း မိုးခေါင်လို့ ပဲတီစိမ်းပင်တွေ သေလုမျောပါးဖြစ်တယ်ဆိုတဲ့ သတင်းတွေ ရပါ တယ်။ ၂၀၁၀-၂၀၁၁ မှာ အိန္ဒိယက ပဲတန်ချိန် ၁၈ သန်းကျော်ထွက်တယ်လို့ ခန့်မှန်းထားပါတယ်။ စားသုံးမှုတန်ချိန် ၁၈ သန်း-၂၀ သန်း ရှိတယ်။ ၂၀၁၁-၁၂ မှာပဲတန်ချိန် ၁၇ သန်းပဲ ထွက်တယ်လို့ ဆိုတယ်။ ၂၀၁၁ ကစပြီး ပဲလိုအပ်ချက်ထက် အထွက်က လျော့နေတယ်။ လိုအပ်မှု ရှိနေပြီ၊ ဒီနှစ် မှာလည်း အယ်နီညိုကြောင့် ရာသီဥတုဖောက်ပြန် ပြီး အထွက်လျော့နိုင်တယ်။ ပဲပျက်နိုင်တဲ့အနေ အထားရှိနေတယ်။ ဒါက အိန္ဒိယဘက်ခြမ်းက အခြေအနေပါ။ မြန်မာနိုင်ငံမှာ ၂၀၁၀-၁၁ မှာ ပဲစင်းငုံ ဈေး တွေကျလာတယ်။ အချို့လက်ထဲမှာ မရောင်းသေး ဘဲ ပဲဟောင်းတွေ ကျန်နေတုန်းပဲ။ နှစ်ဆန်းအထိ ပဲဈေးနှုန်းကျတဲ့အခါ တောင်သူတွေက လျှော့စိုက် တယ်။ ရာသီဥတုကလဲ မကောင်းဘူးဆိုတော့ ပုံမှန်ထက် အထွက်လျော့မယ့် အနေအထားရှိပါ တယ်။ ပဲဈေးနှုန်း နှစ်စဉ် ဂရပ်တွေကို ကြည့်တဲ့ အခါမှာ ၂၀၁၀-၂၀၁၁ ပဲဂရပ်ဟာ ပြီးခဲ့တဲ့ ၈ နှစ်၊ ၁၀ နှစ်တုန်းက သွားနေတဲ့ ဂရပ်အတိုင်းပဲ ပုံမှန် သွားနေတာတွေ့ရပါတယ်။ ဥပမာ မတ်ပဲဈေးဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာကတည်းက ကျလာတာ ဧပြီ၊ မေလအထိကျခဲ့တယ်။ ဇွန်လကနေ ၉ လပိုင်း၊ ၁၀ လပိုင်းအထိ ပြန်တက်လာတယ်။ အောက်တိုဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလထိ ပြန်ကျလာတယ်။ ဒါက ပုံမှန်လိုပါပဲ။ ဒါပေမဲ့ ၂၀၀၉ မှာတော့ ပုံမှန်မဟုတ်ဘဲ ဇန်နဝါရီ၊ ဖေဖော် ဝါရီလအထိ တက်လာပြီး ဧပြီလကတည်းက ကျလာ ခဲ့တာ ၂၀၁၀အထိ ဆက်ဆင်းလာပါတယ်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ ဂရပ်ဖြစ်နေပါတယ်။ ၂၀၁၀-၁၁ မှာတော့ ဂရပ်က ပုံမှန်ပြန်ဖြစ် လာပါတယ်။ အခုလဲ အဲဒီဂရပ်အတိုင်းပဲ သွားနေ လို့ ပဲဈေးက ၁၀ လ ပိုင်းအထိ တက်သွားနိုင်သလို ဒီနှစ်အနေအထားနဲ့ဆိုရင် ဒီဇင်ဘာလအထိ တက် သွားနိုင်တဲ့ အနေအထားရှိတာ တွေ့ရပါတယ်။ ပဲဈေးက သုံးနှစ်တစ်ကြိမ်လည်တဲ့  Circle  အတိုင်း ဈေးပြန်တက်မယ့် အခြေအနေရှိပါတယ်။ ပဲဈေးကွက်က အလားအလာ ကောင်းပါ တယ်။ ဒါပေမဲ့ ဈေးကွက်မှာ မတ်ပဲကို ကစားနေ တာ တွေ့ရတယ်။ ဈေးကစားတာတွေ ပပျောက် အောင် ဈေးကွက်တည်ငြိမ်စေဖို့ဆိုရင်  Commodity Exchange မရှိမဖြစ် လိုအပ်ပါတယ်။ နောက် ပြီး ပဲအရည်အသွေးနဲ့ Spec ကိုလည်း အဓိကထား ပြီး လုပ်ရတော့မယ်။ အခုအချိန်ထိ ပဲစင်းငုံ၊ အညာ ရွှေဝါကို  Bag to Bag နဲ့ပဲ သွားနေကြသေးတယ်။FAQ  ဆိုတာ Bag to Bag မဟုတ်ဘူးဆိုတာ အားလုံးသိပြီး တိတိကျကျလုပ်ဖို့သင့်ပါတယ်။
ဦးသန်းအောင်ကျော် အယ်ဒီတာချုပ် ကောမတ်စ်ဂျာနယ်
ပဲလောကရဲ့ အဓိကပြဿနာက ပြည်တွင်း ဈေးကွက်ကို တည်ငြိမ်အောင်ထိန်းသိမ်းရင်း နိုင်ငံတကာ ဝယ်လက်ကို ပုံမှန်ချိတ်ဆက် ရောင်း ချနိုင်ဖို့ပါ။ လယ်ယာထွက်ကုန်တွေရဲ့ သဘောအရ သီးနှံထွက်ရှိချိန်ဈေးကျ တတ်ပြီး၊ နောက်သီးနှံ မပေါ်မီ စပ်ကူးမတ်ကူးကာလမှာ ဈေးတက်လေ့ရှိ သလို အဓိကစိုက်ပျိုးတဲ့နိုင်ငံတွေရဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ထုတ်လုပ်မှု အတိုး၊ အလျော့တွေကလည်း ပြည်တွင်းပြည်ပ သီးနှံ ဈေးကွက်ကို သက်ရောက်မှုရှိပါတယ်။ ထုတ် လုပ်သူကနေ နိုင်ငံတကာဈေးကွက်အကြား ကြား ခံချိတ်ဆက်မှု အပိုင်းမှာ မြန်မာကုန်သည်တစ်ဦး ချင်းက လုပ်ဆောင်နေရုံနဲ့တော့ မြန်မာ့ပဲဈေးကွက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးက အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဥပမာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုကို ကြည့်ရင်ရေတံခွန်၊ မြစ်ရှိတယ်။ လျှပ်စစ်ထုတ်ပေးတဲ့တာဘိုင်ရှိတယ်။ ဒီနှစ်ခုကြား မှ ရေလှောင်ကန်ရှိတယ်။ သူက တာဘိုင်နဲ့ ရေတံခွန် အကြား ရေအားကို ပုံမှန်တည်ငြိမ်အောင် လုပ် ပေးတာ။ တိုင်းပြည်စီးပွားရေးမှာ လယ်ယာထွက် ကုန်သီးနှံတွေကို အလေးထားတဲ့ နိုင်ငံတိုင်းမှာ ဒီစနစ်တွေက ရှိပြီးသားပါ။ အိန္ဒိယနိုင်ငံဖက်မှာ ကြည့်ရင် ပဲဈေးနှုန်းတွေမြင့်လာပြီဆိုရင် အစိုးရက သိုလှောင်ထားတဲ့ပဲတွေကို တင်ဒါစနစ်နဲ့ ချရောင်း တာ၊ ပြည်သူ့ဆိုင်တွေက ဖြန့်ဖြူးတာရှိနေတယ်။ ထိုင်းမှာစပါးပေါ်ချိန်မှာ လယ်သမားရဲ့ စပါးကို အစိုးရကအပေါင်ခံပြီး၊ ငွေထုတ်ချေးတယ်။အခု တရုတ်မှာ ပြောင်းဈေးတက်တော့ အရန်ပြောင်း တွေချရောင်းတယ်။ ထုတ်လုပ်သူနဲ့ ဈေးကွက် အကြားမှာ တည်ငြိမ်အောင်ထိန်းပေးတဲ့ ကြားခံ စနစ်တစ်ခုရှိတယ်။ ဒါမှ ဈေးကွက်ကို တည်ငြိမ် အောင်ထိန်းပြီး  ရေရှည်ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ။ ပဲအသင်းက အခုကြိုးပမ်းနေတဲ့ အများပိုင်ကုမ္ပဏီ ဆိုတာကို ပီပီပြင်ပြင်နဲ့ဖွံ့ဖြိုးအောင်လုပ်ရမယ်။ အဲဒီကုမ္ပဏီက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်မှုအကူအညီတွေနဲ့ ပဲလောကကိုဖွံ့ဖြိုး အောင် လုပ်ရပါမယ်။  Commodity Exchange Center  တွေလည်းမဖြစ် မနေ ထူထောင်ရပါမယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ဒီလို  Exchange Center  တွေကပဲ လယ်ယာထွက်ကုန်ဈေးကွက် တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတာ သေချာ နေတာပဲ။ ဒါကြောင့် အရင်တုန်းက မလုပ်နိုင်ခဲ့ရင်၊ အခု လုပ်ခွင့်ရပြီဖြစ်လို့ဖြစ်အောင် လုပ်ဖို့လိုပါ တယ်။