လမ်းအားလုံးရောမမြို့သို့ ဦးတည် သည်ဟူသော စကားပုံကိုငယ်ငယ်က ပင် ကြားဘူးခဲ့သည်။ လွန်ခဲ့သည့် တစ် လလောက်က မြန်မာနိုင်ငံတွင်ရုံးစိုက် သော ပြည်ပနိုင်ငံမှ သံအမတ်ကြီး တစ်ဦး ရုံးသို့လာစဉ် "အခုအချိန် မှာ တော့ လမ်းအားလုံး မြန်မာနိုင်ငံကို ဦးတည်နေကြတာပါပဲဗျာ" (All roads lead to Myanmar) ဟု ပြောတာ စတင် ကြားဘူးလိုက်သည်။ ယခု မလေးရှားသို့ အာရှ-ပစိဖိတ် စီးပွားရေး ဆွေးနွေးပွဲတက်ရန် ရောက်ပြန်တော့ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိလူကြီး တစ်ဦးနှင့် မိတ်ဆက် စဉ် မြန်မာမှန်းသိသည်နှင့် သူကလည်း ထိုစကားထပ်ပြောပြန်သည်။ သူပြော နေစဉ် နံဘေးတွင်ရှိနေသော UNDP နှင့် ESCAP မှ ပုဂ္ဂိုလ်များကလည်း ဝိုင်းဝန်းထောက်ခံကြသည်။ တစ်ချိန်က ဆက်ဆံရေးကျဲခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အခုတော့ သွားလေရာမှာ မြန်မာမှ မြန်မာဖြစ် နေသည်။ မြန်မာပြည် စန်းပွင့်လာမှု ကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ပီတိ ဖြစ်မိသည်။ တစ်ချိန်တည်းတွင် စိတ် လည်းပူမိသည်။ စန်းဆိုတာ အမြဲပွင့် မည်မဟုတ်။ စန်းပွင့်ချိန် ကာလ မည်မျှ ကြာမည်နည်း။ အချိန်ကြာလို့ စန်းမှိန်သွားလျှင် စိတ်ဝင်စား မှုလျော့ နည်းသွားမည်။ သာမန် ဖြစ်သွားမည်။ ကာလတစ်ရပ်စောင့်ကြည့်ပြီးထင်သလို ဖြစ်မလာလျှင် စိတ်ပျက်သွားနိုင်သည်။ ထို့ကြောင့် စန်းပွင့်ချိန်ကို ထိထိရောက် ရောက် အသုံးချစေလိုသည်။ ယခုလို အခွင့်အလမ်းမျိုးက နှစ်ခါမရနိုင်။ တစ် မျိုးသားလုံး၏ အနာဂတ်နှင့်လည်း ဆိုင်သည်။ ထို့ကြောင့် စန်းပွင့်ချိန်တွင် ဘာတွေ လုပ်သင့်သနည်းဟု စဉ်းစားမိ သည်။
မြန်မာ့ဖွံ့ဖြိုးရေး မဟာဗျူဟာကို သုံးပိုင်းမြင်သည်- (၁) ကိုယ့်အားကိုယ်ကိုးရန်၊ (၂) FDI ကိုအသုံးချရန်၊ (၃) ပြည်ပအကူအညီချေးငွေများ ကိုအသုံးချရန်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက် အလာကို စောင့်ကြည့်နေကြသည်။ သူ့ထက်ငါဦးအောင် ရင်းနှီးမြှုပ်နှံကြဖို့ ဟန်တပြင်ပြင် ဖြစ်နေကြသည်။ မြန်မာ့အပြောင်းအလဲ ကို နောက်ဆုံး ပွင့်လာ သော ဈေးကွက်သစ်ကြီးအဖြစ် အမိ အရအသုံးချရန် မဟာဗျူဟာများ ချ မှတ်ထားကြပုံရသည်။ ထိုင်းနိုင်ငံမှာ ဆို မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံကြ ရေးအတွက် "Myanmar: The New Frontier Market'' ဆိုပြီး ဆွေးနွေး ပွဲတွေလုပ်၊ တပ်လှန့် နှိုးဆော်နေတာ ကြားရသည်။ နိုင်ငံ အတော်များများ ကလည်း နှစ်နိုင်ငံ ချင်း အကူအညီပေး ရန်၊ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် တွေ ဆွေးနွေးလာနေသည်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက လည်းကူညီဖို့ အသင့်ဖြစ်နေကြသည်။ အခုအချိန် မြန်မာနိုင်ငံ ကိုအကူအညီ ပေးမှ ဝတ္တရားကျေမည်၊ ဂုဏ်ရှိမည်ဟု ထင်ကြပုံရသည်။ ဘာကို အကူအညီ ပေးရ မလဲ လေ့လာ စူးစမ်းနေကြသည်။ ပြန်ကာနီး နိုင်ငံတကာကုန်သွယ်မှု ဗဟို ဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးနှင့်တွေ့ တော့လည်း သူတို့ အဖွဲ့အစည်းက မြန်မာကို ကူညီဖို့ အသင့်ပြင်ထားပါ တယ်၊ မြန်မာအတွက်ဆို ရန်ပုံငွေ ထောက်ပံ့မည့် အလှူရှင်နိုင်ငံတွေ လည်း အသင့် ရှိနေပါတယ်၊ မြန်မာ ဖက်က လိုတာတစ်ခုပဲရှိတယ်၊ အဲဒါ ကတော့ ဘာလိုတယ်ဆိုတာ ပြောဖို့ပါ ပဲဟုဆိုသည်။ သူတို့ အားလုံးအတွက် အရေး အကြီးဆုံး သိလိုသည်မှာ မြန်မာနိုင်ငံ တွင် ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ ဌာနအလိုက် ဦးစားပေး အကောင် အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် များဖြစ်သည်။ သူတို့လာတိုင်း ဒါကိုပဲ မေးသည်။ မြန်မာအစိုးရက အကောင် အထည်ဖော်မည့် ဖွံ့ဖြိုးရေးစီမံကိန်း လမ်းကြောင်းအတိုင်း လိုက်ပါ လိုကြသည်။ ဒါမှသာ သူတို့ အကူအညီ တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အဟောသိကံ မဖြစ် နိုင် ဘဲ၊ မြန်မာအစိုးရ၏ ကူညီအားပေးမှု ကိုလည်းရရှိမည်ဟု မျှော်လင့်ပုံရသည်။ ဒါ့ကြောင့် မြန်မာတို့ဖက်က ဆိုင်ရာ ဆိုင်ရာ ဦးစားပေးလုပ်ငန်းတွေ ပီပီ ပြင်ပြင် ဖော်ထုတ်ပြသပူးပေါင်း ဆောင် ရွက်နိုင်ဖို့လိုသည်။ တိုးတက်အောင် တော့လုပ်ချင်တာပဲဗျာ၊ ဘာလုပ်ရမှန်း တော့ မသိသေးပါဘူးဟုလည်း ဖြစ်နေ နိုင်သည်။ ဒါလည်း အဆန်း မဟုတ်။ အတွေ့အကြုံနည်းသေးသော ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ဖြစ်ရိုး ဖြစ်စဉ်ပင်။ ဒီအတွက်လည်း ကျွမ်းကျင်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည်။ အရေး ကြီးတာက ကိုယ်ဘာ လုပ်ချင်တယ်ဆို တာကို ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း သိဖို့ဖြစ်သည်။ လုပ်ချင်တာကိုသိလျှင် ဒါလုပ်ဖို့ဘာတွေ လိုမည်၊ ဘယ်လိုလုပ်ရ မည်ဆိုတာကို သိအောင်လည်း အကူ အညီတောင်းခံနိုင်သည်။ နိုင်ငံတော်က သွားမည့် လမ်း ကြောင်းနှင့် ဖွံ့ဖြိုးရေး မဟာဗျူဟာ များကို အများက သိရှိကြပြီးဖြစ်သည်။ ကဏ္ဍအလိုက်၊ ဌာနအလိုက် ဆောင် ရွက်ကြမည့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးများ အောင်မြင်ဖြစ်ထွန်းလာရန် အပိုင်းသုံး ပိုင်းလိုမည်ဟု စဉ်းစားမိသည်- (၁) ရှင်းလင်းသည့်ရည်မှန်းချက် ရှိရန်၊ ကာလ အပိုင်းအခြား တစ်ရပ်အတွင်း အကျိုးရှိ မည့် ဦးစားပေးလုပ်ငန်း အစီအစဉ်များ ရှိရန်လိုမည်။ (၂) ယင်းလုပ်ငန်းကိုဖြစ်မြောက် အောင်လုပ်နိုင်သည့် လူအင် အား၊ ပစ္စည်း၊ အရင်းအမြစ်၊ အသိပညာ၊ နည်းပညာ ကျွမ်းကျင်မှုများ ရှိရန်။မရှိပါက ဤအပိုင်းသည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ အကူ အညီများဖြင့် ပူးပေါင်း ဖြည့် စွက် ဆောင်ရွက်ရန် ဖိတ် ခေါ်ရမည့် အပိုင်း ဖြစ် သည်။ (၃) လုပ်ပိုင်ခွင့်ရှိရန်။ ထိုလုပ်ငန်း သည် မိမိဌာန အနေဖြင့် တရားဝင် လုပ်ပိုင်ခွင့် ရှိ သောလုပ်ငန်း ဖြစ်ဖို့ လို သည်။ ခွင့်ပြုချက်များရှိဖို့လို သည်။ လုပ်ပိုင်ခွင့်မရှိပါက လိုအပ်သော ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းများရေး ဆွဲဆောင်ရွက်ရန်လိုမည်။လိုအပ်သောဥပဒေမရှိပါက ရင်းနှီးမြှုပ်နှံမှု မလာနိုင် ကြောင်း၊ လက်တွေ့မြင်နေ ရပြီဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသာမက၊ ကဏ္ဍအလိုက် လိုအပ်သော ဥပဒေများရှိခဲ့လျှင် ထပ်မံ ပြဌာန်းနိုင်ရန်ဆောင်ရွက်ဖို့ လိုမည်။ ထို့အပြင်ကဏ္ဍအသီးသီးက လုပ် ငန်းများ ပိုင်းခြားဆောင်ရွက်နေကြ သော်လည်း၊ နိုင်ငံတော်၏ ဦးတည် ချက် ဘောင်အတွင်း ကိုက်ညီရန်နှင့် လုပ်ငန်း များအားလုံးက ဟန်ချက်ညီရန်၊ အပြန် အလှန်အထောက်အ ကူပြုရန်ကိုလည်း သတိပြုဖို့လိုမည်။ ထိုသို့သာ တက်ညီ လက်ညီပူးပေါင်း ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသို့ ဦးတည်နေသော လမ်း များသည် ရွှေလမ်းငွေလမ်းများ ဖြစ်လာ မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။