Main menu

Background

ပခုက္ကူရက်ကန်းလုပ်ငန်း အနိစ္စ

Wed, 10/24/2012 - 08:40 -- Anonymous (not verified)

ယခင်က ပခုက္ကူမှာ ရက်ကန်းလုပ်ငန်းဆိုတာ အဓိက လုပ်ငန်းတစ်ခုပါ။ ပခုက္ကူရက်ကန်းလုပ်ငန်းကထွက်တဲ့ ပခုက္ကူဝါဒ စောင်၊ ချင်းပုလဲစောင်နဲ့ မုဒုံစောင်ဆိုတာတွေဟာ နာမည်ကြီးပါ။ နေရာဒေသစုံက တည်းခိုခန်းတွေနဲ့ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားစတာ တွေမှာ မပါမပြီးအသုံးပြုခဲ့ကြတာပါ။ ဝင်းမြန်မာရက်ကန်းလုပ်ငန်း က ထုတ်တဲ့ စားပွဲခင်း၊ လက်သုတ်ပုဝါဆိုတာတွေဟာ အိမ်သုံးဖို့၊ လက်ဆောင်ပေးဖို့ အကောင်းဆုံးဒေသထွက်ကုန်တွေ ပါ။ နိုင်ငံ ခြားသားတွေဆိုရင် ချည်သားစစ်စစ်နဲ့ ရက်လုပ်ထားတဲ့ ပစ္စည်း တွေဆိုပြီး နွေမှာအေး၊ မိုးမှာနွေး၊ ဆောင်းမှာ လုံခြုံလို့ဆိုပြီး မက် မက်မောမောဝယ်ခဲ့ကြတဲ့ ပစ္စည်းတွေပါ။ ဈေးကွက်တစ်ခုအနေနဲ့ တန်းဝင်ပစ္စည်းအဖြစ် ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း တရုတ်စောင်တွေဟာ ဈေးပေါပေါနဲ့ လှပစွာထုပ်ပိုး၊ ပစ္စည်း ကောင်းကောင်းနဲ့ ဈေးကွက်ကို ဖောက်ထွင်းဝင်ရောက်လာတော့ ပခုက္ကူစောင်ဈေးကွက်ပျက်လို့ ရက်ကန်းလုပ်ငန်းများ ရပ်တန့် သွားသလောက် နီးပါးဖြစ်သွားပါတယ်။ တစ်ဦးစ၊ နှစ်ဦးစ လောက်သာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဆက်လက်လုပ်ကိုင်နေတာ ကို တွေ့ရပါတယ်။ တော်တော်များများဟာ မိမိတို့မှာရှိတဲ့ ရက် ကန်းစင်တွေကိုဖြုတ်လို့ ရေနံချေးသုတ်ကာ သိမ်းထားကြရတဲ့ အဖြစ်ကို ရောက်နေကြတာကြာပါပြီ။ ယခုတလော ပခုက္ကူမြို့ ပေါ်နဲ့ နယ်ထဲက ရက်ကန်းစင်တွေကို တစ်စင် ၂၀၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနေတာတွေ့ရပါတယ်။ ဖြုတ်သိမ်းထားတဲ့ ရက်ကန်းစင် တွေကို ကားတွေနဲ့လိုက်ဝယ် စုစည်းနေတာကိုတွေ့ရပါတယ်။ လေ့ လာ စုံစမ်းကြည့်တော့ ဖြုတ်သိမ်းထားတဲ့ ရက်ကန်းစင်တွေကို ဝယ်ပြီး ရွှေဘိုနားက ဆိပ်ခွန်ရွာကို ပို့နေတာလို့ သိရပါတယ်။ ၆ ဘီးကားတစ်စီးရင် အဆန့်တင်ပြီး တစ်ခေါက်ကို ၄၅၀၀၀၀ ကျပ်နှုန်းဖြင့် ၅ ခေါက်ပို့ပြီးပြီလို့ သိရပါတယ်။ ရွှေဘိုဆိပ်ခွန်မှာ ဘာဆက်လုပ်မှာလဲ။ ဘာပဲပြောပြော ပခုက္ကူရက်ကန်းလုပ်ငန်း ဟာ အနိစ္စသဘောလို့ ပြောရပြီဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခု အကြောင်းတရားကို ပြန်လည်သုံးသပ်ကြည့်ရင် ဖြစ်ပျက် သဘော ဆိုရပေမဲ့ ကိုယ့်ကျတောပျက်တယ်။ သူ့ကျတော့ဖြစ်လာပါတယ်။ အကြောင်းရင်းကိုပြန်ကြည့်ရင် ပခုက္ကူကထွက်တဲ့ ဝါဒစောင်၊ ချင်းပုလဲစောင်၊ မုဒုံစောင်ဆိုတာတွေကို ဝါဂွမ်း၊ ချည်မျှင်ကနေ ဆေးဆိုးရက်လုပ်တယ်။ ကိုယ့်ဈေးကွက်ကို ဖောက်ထွင်းဝင်ရောက် လာတဲ့ တရုတ်စောင်၊ သူလည်းဘဲ ဝါဂွမ်းချည်မျှင်ကနေ ထုတ် ကြတာပါပဲ။ ကိုယ့်ဈေးကွက်ပျက်လောက်အောင် သူဘာပါနေ သလဲ၊ ကိုယ်ဘာလိုနေသလဲ၊ နည်းပညာလား၊ စက်ကိရိယာလား၊ လေ့လာဆန်းစစ်ရှာဖွေဖို့ လိုနေပြီဖြစ်ပါတယ်။ မကြာသော ကာလတစ်ခုမှာ အာဆီယံလွတ်လပ်သော ရောင်းဝယ်မှုဧရိယာ တစ်ခုဖြစ်ပေါ်လာတော့မှာပါ။ ရင်းနှီးပွင့်လင်းလွတ်လပ်စွာ ရောင်းကြ၊ ဝယ်ကြ၊ တင်သွင်းကြ၊ တင်ပို့ကြပြီဆိုရင် ကိုယ့်ပစ္စည်း ကညံ့လို့၊ သူ့ပစ္စည်းကသာရင် ပစ္စည်းချင်းတူလို့၊ ကိုယ့်ပစ္စည်းဈေး က ပိုကြီးနေရင် အရည်အသွေးဆိုတာတွေယှဉ်လာရင် ယှဉ် လည်းယှဉ်ရ၊ ပြိုင်လည်းပြိုင်ကြရတော့မှာပါ။ ပခုက္ကူရက်ကန်း လုပ်ငန်း တစ်ခုရဲ့ အဖြစ်အပျက်ကိုနမူနာထားပြီး၊ အခြားအခြား သောလုပ်ငန်းများကိုပါ မိမိတို့အနေနဲ့ ဘာတွေကြိုတင် ပြင်ဆင် ကြရမလဲဆိုတာကို စဉ်းစားကြရတော့မှာဖြစ်ကြောင်းပါ။ မြင့်ဦး-ပခုက္ကူ