Main menu

Background

လူမှုတိုးတက်ရေးနှင့် စီးပွားဖွံ့ဖြိုးမှု

Mon, 11/26/2012 - 07:28 -- Anonymous (not verified)

မည်သည့်စံချိန်နှင့်   နှိုင်းချိန်သည်ဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကြည့်လျှင် ကပ်ဘေးသင့်ခံ ထားရသည့်အသွင်ဖြင့်သာ မြင်နေရသည်။ နိုင်ငံ၏ မူလဇာတိမှာ ဟင်နရီကစ်ဆင်းဂျား ပြောခဲ့ဖူးသည့် စကားလုံးအတိုင်း သုံးရလျှင်  ခြင်းတောင်းပုံစံ (Basket case)သာ ဖြစ်သည်။ (နိုဝင်ဘာ ၁၂ ရက်နေ့ထုတ်၊ Commerce  ဂျာနယ်၊ အတွဲ၁၂၊ အမှတ်၄၄ ဆောင်းပါးတွင်ဖော်ပြခဲ့ပြီး) ယခုအထိ ဆင်းရဲနိုင်ငံဖြစ်နေဆဲပင်။ အိန္ဒိယနိုင်ငံသား တစ်ဦး ချင်းပျမ်းမျှဝင်ငွေ၏ ထက်ဝက်သာ ထိုနိုင်ငံသားတို့ ရရှိကြသည်။ မကြာသေးခင်ကာလအထိ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ပြောပလောက်ဖွယ် မရှိ ခဲ့ပေ။ ဂင်္ဂါမြစ်နှင့် ဗြာဟ္မပုတြမြစ်တို့၏ မြစ်ဝကျွန်း ပေါ်ဒေသတွင် လူဦးရေ သန်း ၁၅၀ တို့ စုပြုံနေ ထိုင်လျက်ရှိသဖြင့် ကမ္ဘာတွင် လူနေသိပ်သည်းမှု အများဆုံးနိုင်ငံဖြစ်သည်။ ထိုနေရာကို ပင် ရေဘေး မကြာခဏသင့်ခဲ့သဖြင့် အကြိမ်ကြိမ်တံမြက်လှည်း ခံနေရသည်။ ပုဂ္ဂလိကပိုင် ကဏ္ဍ စီးပွားရေး အား နည်းချို့တဲ့လျက်ရှိပြီး၊ နိုင်ငံအစိုးရအဖွဲ့မှာလည်း အကျင့်ပျက်ခြစားမှု၊  ယိုယွင်းအားးနည်းမှု တို့ဖြင့် ကျော်စောသတင်းကြီးခဲ့သည်။

သို့တိုင်အောင်    ပြည်သူပြည်သားတို့၏ အခြေခံလူနေမှုအဆင့် မြှင့်တင်ရေးတွင် အခြား နိုင်ငံအများစုထက်  သာလွန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသားတို့ထက် ပိုပြီးဆင်းရဲနွမ်းပါးကြသော်လည်း သက်တမ်းတွင် လေးနှစ်ခန့်ပိုရှည်ကြသည်။  မွေးကင်းစများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များ သေကြေပျက်စီးနှုန်းကိုလည်း အကြီးအကျယ် လျော့ကျစေခဲ့သည်ကို နေရာဒေသတိုင်းမှာ တွေ့ နိုင်သည်။ ဤတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်သည် အသိရခက်သော ပဟေဠိပုစ္ဆာတစ်ခုဖြစ်နေသည်။ စီးပွားရေးပညာရှင်များက အချက်လေးချက် ထုတ် ပြီး ရှင်းပြခဲ့ကြသည်။ပထမအချက်မှာ အမျိုးသမီးများ၏ အဆင့် အတန်း တိုးတက်လာစေရန်  အခြားနိုင်ငံများစွာ ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ အသေး စားငွေချေးစနစ် (Microcredit)ကို တီထွင်ခြင်း၊ ထိုစနစ် အရ ချေးငွေအနည်းငယ်ကို အမျိုးသမီး များအားထုတ်ပေးခြင်းတို့ပါဝင်သည့် သီးသန့်ရည် ရွယ်ချက်ဖြင့် ချမှတ်ကျင့်သုံးခဲ့သော မူဝါဒများ ကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ တိုင်းပြည်မှာ လူ ဦးရေ ထူထပ်လွန်းသလောက် ဆင်းရဲနွမ်းပါးနေ သဖြင့် နိုင်ငံလွတ်လပ်ရေးရပြီးနောက်တွင် မိသားစု စီမံကိန်းကြီးတစ်ရပ် ချမှတ်ဆောင်ရွက်သွား ရန် နိုင်ငံ့ခေါင်းဆောင်များက  ဆုံးဖြတ်ခဲ့ကြသည်။ မိသားစုစီမံကိန်းကြောင့် မွေးဖွားနှုန်း (Fertility rate) လျော့ကျသွားစေရုံသာမက အိမ်ထောင်စု အတွင်း အမျိုးသမီးများ၏ ရပ်တည်မှု အဆင့် အတန်း (Status) ကိုပါ မြှင့်တင်ပေးနိုင်သည်။ မိသားစုအရွယ်ပမာဏကို အမျိုးသမီးများက ထိန်း ချုပ်ခွင့်ရှိလာခြင်းကြောင့်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထည်ချုပ်လုပ်ငန်း များ ဖွံ့ဖြိုးလာချိန်တွင် အလုပ်သမား ၈၀ ရာခိုင် နှုန်းသည် အမျိုးသမီးများဖြစ်လာသည်။ အမျိုး သမီးများ၏ ဝင်ငွေနှင့်အဆင့်အတန်း နှစ်မျိုးစလုံး တိုးတက်လာခဲ့သည်။ မိသားစု၏ ကျန်းမာရေး၊ ပညာရေးနှင့် ညစာ မနက်စာတို့အတွက်  ငွေကြေး သုံးစွဲရာတွင် ဇနီးမိန်းမများက  ခင်ပွန်းသည် ယောကျ်ားများကဲ့သို့ပင် ဦးဆောင်ခန့်ခွဲနိုင်လာ သည်။ ထို့ကြောင့် သားသမီးများ၏ နေထိုင်မှုဘ၀ တိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်။  ဒုတိယ အချက်မှာ နိုင်ငံအတွင်း ဝင်ငွေတိုးမြင့်လာစေရေး အတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျေးလက်တော နယ်များသည် ဆင်းရဲတွင်းအနက်ဆုံး ဖြစ်လေ့ ရှိသည်။ မြစိမ်းရောင်တော်လှန်ရေးကြောင့် တစ် နှစ်လျှင် နှစ်သီးစိုက် ပျိုးနိုင်ခဲ့သည်။ နိုင်ငံသား ၆ သန်းခန့်က ပင်လယ်ကွေ့နိုင်ငံများသို့ အလုပ်သွား လုပ်သဖြင့် အိမ်ပြန်ပို့ငွေများလည်း ရရှိခဲ့ကြသည်။ သို့နှင့် အိမ်ထောင်စုဝင်ငွေ တိုးမြင့်လာသည်။တတိယအချက်မှာ အခြေခံလူမှုရေး လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အစိုးရအသုံးစရိတ် များ ခွဲဝေသုံးစွဲခဲ့ခြင်းဖြစ်သည်။ စစ်အာဏာသိမ်း မှုများ၊ ပါတီကြီးနှစ်ရပ်အကြားတိုက်ပွဲများ အကြိမ် ကြိမ် ဆိုးဆိုးဝါးဝါးဖြစ်ပေါ်ခဲ့သော်လည်း လူမှုရေး အတွက် အစိုးရအသုံးစရိတ် ကျခံသုံးစွဲရေးတွင်မူ သဘောထား တူညီခဲ့ကြသည်။ အစိုးရအသုံးစရိတ် များသည် အခြားနိုင်ငံများတွင် လေလွင့်ပြုန်းတီး ပျောက်ဆုံးမှုများ  ကြုံတွေ့ရလေ့ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ  ပြောပလောက်အောင် မရှိခဲ့ချေ။  ဖွံ့ဖြိုးတိုးတက်မှုတွင် အံ့မခန်းဖွယ် စွမ်းဆောင်ပေးခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့ အစည်းကြီးများ (NGOs) က နိုင်ငံတစ်ဝန်းလုံးတွင် ချို့ယွင်းအားနည်းချက် ကင်းရှင်းစွာဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမှုဖွံ့ဖြိုးတိုးတက် ရေး ကြိုးပမ်းဆောင်ရွက်မှုများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် အတိုင်းအတာထက်   ပိုမိုကြီး မားစွာ အောင်မြင်ထမြောက်ခဲ့သည်။ သို့ဆိုလျှင် စီးပွားရေးဖွံ့ဖြိုးမှုဆိုသည်မှာ တကယ်တမ်းလိုအပ်ပါ သလား မေးစရာဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထုတ်ဖော်ပြသခဲ့သည့် နမူနာအရဆိုလျှင် စီးပွားရေးဖွံ့ဖြိုးမှု ကြီးကြီးမားမား ရရှိလာသည် အထိ ငံ့လင့်စောင့်ဆိုင်းနေဖို့မလိုအပ်ပေ။  လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မည်သည့်စီးပွားရေးအခြေ အနေမှာမဆို စတင်ဆောင်ရွ က်ခြင်းဖြင့် အောင် မြင်ပြီးမြောက်နိုင်သည်။ စီးပွားရေးဖွံ့ဖြိုးမှု မြန်ဆန် တိုးတက်လာသည်ဆိုလျှင်တော့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင် ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်နိုင်သည်။ မည်သို့ ဆိုစေ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုအဆင့်တိုးတက် ရေးတို့တွင် အလဲအထပ်လုပ်နိုင်မည့် အကြောင်း တော့ ခိုင်ခိုင်မာမာမရှိပေ။ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ကြိုးပမ်းနေရဆဲဖြစ်၍ လူမှုဖွံ့ဖြိုးရေးကို ဦးစားမပေးနိုင်ခြင်းဖြစ်သည်ဟု ဆင်ခြေပေးလို့ မရဟု ဆိုလိုသည်။   Ref; The Economist.