Main menu

Background

လာမယ့်ရာသီ အိန္ဒိယချင်းအထွက်လျော့ကျနိုင်လို့ ဆက်ပြီးဈေးမြင့်တက်မယ် ခန့်မှန်း

Mon, 12/03/2012 - 04:50 -- Anonymous (not verified)

ချင်းရောင်းချမှု ပြတ်လပ်တာကြောင့် အိန္ဒိယနိုင်ငံမှာ ချင်းဈေးကအမြင့်ဘက် သွားနေပြီး၊ ဝယ်လိုအားမှာလည်းဆက်လက်ကောင်းနေပါတယ်။ဇန်နဝါရီလမှ မေလ အတွင်း ရိတ်သိမ်းကာလအလွန်မှာ ချင်းဈေးက တစ်ကီလို ရူပီး ၆၅-၈၅ (ကန်ဒေါ် လာ ၁ ဒသမ ၁၈ - ၁ ဒသမ ၅၅)ရှိခဲ့ရာမှ ယခုအခါ ရူပီး ၁၄၅-၁၆၅ (ကန်ဒေါ်လာ ၂ ဒသမ ၆၅ -၃)ရှိနေတယ်လို့ ဈေးကွက်မှ  Business  Line  ကို ပြောကြားတယ် လို့ သိရပါတယ်။ နောက်ချင်းထွက်ရှိမှု နှောင့်နှေးပြီးအထွက် သိသိသာသာကျဆင်း ဖွယ်ရှိတာကြောင့်လက်ရှိချင်းဈေးက တော်တော်ကို မြင့်တက်နေတယ်လို့ ဆိုပါ တယ်။

အစောပိုင်းမှာ ချင်းဈေးက အကျိုးအမြတ်မရရှိတာကြောင့် တောင်သူတွေက အခြားသီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးလာကြတဲ့အတွက် လာမယ့်ရာသီမှာ အထွက် လျော့ကျမယ်လို့ ဆိုပါတယ်။ အိန္ဒိယချင်းက အခြားထုတ်လုပ်တဲ့ နိုင်ငံများအကြား အကောင်းဆုံးဖြစ်လို့ ဝယ်လိုအားက ရောင်းချမှုထက် ကျော်လွန်နေပါတယ်။ လက် ကျန်ချင်းတွေ ရှိနေပေမယ့် ရင်းနှီးမြှုပ်နှံသူတွေက ၎င်းတို့လိုချင်တဲ့ ဈေးမရသေးသမျှ ချင်းလက်ကျန်တွေ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအခြေအနေက ၂၀၁၃ ရာသီကုန်အထိ ဆက်ရှိနိုင်တယ်လို့လည်း ဈေးကွက်က ခန့်မှန်းကြပါတယ်။ ကုန်ကြမ်းဈေးက အမြင့်မှာ စိုးမိုးနေလို့ ရာသီသစ်စတင်တဲ့တိုင် ပြုပြင်ထုတ်လုပ်ဖို့ ဆန္ဒမရှိကြဘူး လို့လည်း ဆိုပါတယ်။ ချင်းပြုပြင်ထုတ်လုပ်သူအများစုဟာ လက်ရှိမှာဈေးကွက်ကို ဝင်လာခြင်းမရှိဘဲ ၎င်းတို့ရဲ့ မနှစ်ကထုတ်ကုန်တွေ ကိုသာ ထိန်းထားဖို့ ဆန္ဒရှိနေကြပါတယ်။ ချင်း ခြောက်အသစ်က မတ်လမှသာဝင်ရောက် မှာဖြစ်ပြီး၊ဝင်ရောက်မယ့်ကာလက မေလ ထိသာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကာလမတိုင်မီ ပြည်တွင်းစားသုံး သူ အရောင်း စင်တာများဟာ လက်ရှိချင်းအဟောင်းတွေကိုသာ အားထားရလိမ့်မယ်လို့ဆိုပါ တယ်။ ယခုလအတွင်း ဈေးနှုန်း ၂ ဆခန့်မြင့်တက်တဲ့တိုင် လက်ရှိအခွန်ပုံစံအရ အိန္ဒိယပြည်တွက်ူချင်းကို ဝယ်ယူဖို့ ဈေး သက်သာမှုရှိနေဆဲဖြစ်လို့ တင်သွင်းဖွယ် မရှိဘူးလို့ သိရပါတယ်။ ယခုနှစ် ချင်းထုတ်လုပ်ရာ ကီရာလာနဲ့ ကာနာတာကာတို့မှာ ချင်းကုန်ချောနဲ့ ချင်းခြောက်ပြုလုပ်ဖို့ များစွာ  ထုတ်လုပ်မှုရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ ချင်း ဈေးက တရုတ်နဲ့ နိုက်ဂျီးရီးယားလို အဓိကချင်းထုတ်လုပ်တဲ့ နိုင်ငံတွေအကြား ဈေးအနိမ့်ဆုံးဖြစ်နေပါတယ်။ ချင်းဈေးက ရိတ်သိမ်းချိန်လွန်ကနေ ကာလလယ် အထိ ဈေးနှုန်း တည်တည်ငြိမ်ငြိမ်ရှိခဲ့ပေမယ့် ယခုဒုတိယနှစ်ဝက်နှောင်းပိုင်းမှာ ဈေးမြင့်တက်ခဲ့ပြီး၊ အိန္ဒိယချင်းကို အခြား နိုင်ငံချင်း များထက် ပိုမို စားသုံးကြတာ ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုကျဆင်းခဲ့ပြီး၊ ဈေးမြင့် တက်လာ ခြင်းဖြစ် တယ်လို့ သိရပါတယ်။ အကျိုးအမြတ်မရရှိတဲ့ဈေးကြောင့် အရည်အသွေးကောင်းအဖြစ် ထင်ရှားတဲ့ Cochin  Ginger စိုက်ပျိုးမှု ပျောက်ကွယ်လာပြီလို့ ကိုချိအခြေစိုက်အဓိကချင်း ကုန်သည်များက ဆိုပါတယ်။ Cochin ချင်းဟာသူ့ရဲ့ထူးခြားတဲ့ လီမွန်ရနံ့နဲ့ အမျှင် မပါတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အကောင်းဆုံးအဖြစ် ထင်ရှားတယ်လို့ ပြည်ပ တင်ပို့သူတွေကဆိုပါတယ်။ ယင်းချင်းကို အဆင့်မြင့် အရည်အသွေးအနေနဲ့ ရောင်းချ ရတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၀၉-၁၀ မှာ စိုက်ဧရိယာဟက်တာ ၁၄၂၀၈၉ မှ တန်ချိန် ၇ သိန်းခန့်ထွက်ရှိကာ ကမ္ဘာမှာ အများဆုံးထုတ်လုပ်သူဖြစ်နေပါတယ်။ ဒါပေမယ့် စိုက်ဧရိယာအနေနဲ့ နိုက်ဂျီးရီးယားနဲ့ တရုတ်တို့ဟာ ထိပ်တန်းဖြစ်ပါတယ်။ အဓိက ပြည်ပဈေးကွက်တွေကတော့ သြစတြေးလျ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာ ရေးဗီးယား၊ ရီမင်၊ ယူအေအီး၊ မော်ရိုကို၊ ကနေဒါ၊ နယ်သာလန်၊ ဂျပန်၊ အမေရိကန် တို့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းနှစ်စဉ် ချင်းတန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင်ခန့် ထုတ်လုပ်ကြောင်းသိရပါတယ်။ ကမ္ဘာ့ချင်းထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ အိန္ဒိယနဲ့ တရုတ်က ထုတ်လုပ်ကြောင်းသိရပါတယ်။               ယမင်းခင်