Main menu

Background

မျက်စိမှိတ်၍ ဈေးဝယ်ထွက်လိုက်ချင်ပြီ

Mon, 02/25/2013 - 08:17 -- ydnar

နိုင်ငံခြားသို့ ရောက်ဖူးသူကဲ့သို့ ကျွန်တော်နိုင်ငံခြားသို့ ပညာတော်သင် မသွားဘူးပါ။ အစည်း အဝေးလည်း မတက်ရောက်ဘူးပါ။ Seminar  လည်း မတက်ရောက် ဘူးပါ။ လေ့လာရေးခရီးလည်း မသွားဖူးပါ။ ဒါပေမယ့် ခပ်ငယ်ငယ် ကတည်းက ရေဒီယို လိုင်းပေါင်းစုံ နားထောင်တယ်။ ခပ်ငယ်ငယ် ကတည်းက ဗိုလ်တထောင်သတင်းစာ၊ နိုင်ငံတကာရေးရာစာစောင် တို့ကို အာသာငမ်းငမ်း ဖတ်ခဲ့ဖူးတယ်။ ဆောင်းပါးရှင် အောင်ဝင့်နဲ့ ဆွေလတ်တို့ရေး တဲ့ နိုင်ငံတကာ ဆောင်းပါး များဟာ ကျွန်တော့် အတွက် အကြိုက်ဆုံးကဏ္ဍ ဖြစ်သွားရတယ်။ ယခုချိန်ထိ သတင်းစာ များ၊ ဂျာနယ်များဖတ် ရင် နိုင်ငံတကာ သတင်းများ လက်မလွတ်တမ်း ဖတ်နေဆဲဖြစ်ပါတယ်။ တီဗွီကြည့်ရင်တောင်မှ သတင်းနဲ့ နိုင် ငံခြား ဇာတ်ကားကို အချိန်ရသလိုကြည့်တတ်ပါတယ်။ နိုင်ငံတော်မှတာဝန်ရှိ ပုဂ္ဂိုလ်များနိုင်ငံခြားသို့ သွားရောက် တဲ့အခါတိုင်း ကျွန်တော်ရဲ့ အလုပ်က သူတို့နိုင်ငံအကြောင်း သိရသလောက်၊ မြင်ရသလောက် ရုပ်/သံမှတစ်ဆင့် မှတ်သားရခြင်းပဲဖြစ်တယ်။ အကျိုးကျေးဇူး ကတော့ နိုင်ငံခြားသို့ကိုယ်တိုင်သွားရသလိုပဲလေ့လာခွင့် ရခြင်းဖြစ်ပါ တယ်။ ၁၉၉၇ ခုနှစ်ခန့်က ကျွန်တော်ရဲ့သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကို တာဝန်နဲ့ သွားဖို့အတွက် ကျွန်တော့်ထံ အပြေးအလွှားနဲ့ ရောက်လာပါတယ်။ အကြောင်းကတော့ သူသွားရမဲ့အစ္စရေးနိုင်ငံ အကြောင်း ရှာဖွေ လေ့လာချိန်နည်းတဲ့အတွက် လိုရင်းတိုရှင်းနဲ့ပြည့် ပြည့်စုံစုံ ပြောပြပေးရန် အကူအညီတောင်းခံ လာတာဖြစ်ပါတယ်။ တိုက်ဆိုင်နေလို့လား မပြောတတ်၊ ကျွန်တော်ဟာ အစ္စရေးနိုင်ငံ အကြောင်း အလွန် စိတ်ဝင်စားတဲ့သူ တစ်ဦးဖြစ်ပြီး သူသိလိုတဲ့ အကြောင်းအရာတွေလည်း ကြိုတင်လေ့ လာပြီး ဖြစ်နေတဲ့အတွက် ချက်ချင်း အဆင်ပြေသွားပါတယ်။

ကမ္ဘာ့နိုင်ငံများရဲ့ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်း အကြောင်းကို နိုင်ငံခြားသို့ မသွားရဘဲ သွားတဲ့လူ များပြောတဲ့ အကြောင်းအရာတွေကို မှတ်သားခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာနေတဲ့ အသိ မိတ်ဆွေများ ကို မေးမြန်းခဲ့ပါတယ်။ အဲဒီလိုမေးတဲ့မြန်းတဲ့အခါ မှာတော့ ကိုယ့်နိုင်ငံက စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း ဆောင်ရွက်ဖို့တော်တော်လေးလိုနေသေးပါလားဆိုတာ မျက်စိထဲမှာ မြင်ယောင်လာပါတယ်။ ရန်ကုန်မြို့ မှာ ဖွဲ့စည်းထားတဲ့ စားသုံးသူ အကာအကွယ်ပေးရေးအဖွဲ့ရဲ့ လှုပ်ရှားမှုကိုလည်း မျက်ခြည်မပြတ် လေ့လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံခြား တိုင်းပြည်များလို စားသုံးသူ အကာအကွယ်ပေးရေး လုပ်ကိုင် ဆောင် ရွက် နေတဲ့လူများရှိနေသေးပါလားဆိုတာ သိတဲ့အချိန်မှာအားတက် မိပါတယ်။ ကြိုဆိုတယ်ပေါ့ ဗျာ၊ ဒီထက်အရေးကြီးတာက စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းကို လူအများသိရှိပြီးအလေးအနက် ထား လိုက်နာတတ်ဖို့ ဆိုတာပါပဲ၊ ကျွန်တော်တို့ ဌာနက နိုင်ငံခြား ပြန်ဝန်ထမ်းတွေကိုမေးမြန်းလိုက်၊ သူတို့ပြုစုတဲ့ စာစောင်တွေ ဖတ် လိုက်နဲ့ မိမိဘာသာသုံးသပ်ပြီးဆောင်းပါးတစ်ပုဒ်ရေးရင် ကောင်းမှာပဲ ဆိုပြီး အကြံရလာတဲ့ အတွက် ရေးဖြစ်သွားတာဖြစ်ပါတယ်။ ဂျပန်မှာ ဆေးလိပ် သောက်မိလို့ အချုပ်ထဲဝင်ရတဲ့ အဖြစ်အပျက် တစ်ခု၊ ဆေးလိပ်ကြောင့် လူရဲ့အဆုတ်ကို ဒုက္ခပေးတယ်ဆိုတာ လူအများ သိကြပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါသတင်းအရ ဥရောပတိုက်မှာ ဆေးလိပ်သောက်တဲ့ အမျိုးသမီးများ ကင်ဆာဖြစ်ပွားမှုအကြောင်း သတင်းတစ်ပုဒ်ဖတ် လိုက်ရပါတယ်။ သတင်းအရ အမျိုးသမီးများ ကင်ဆာရော ဂါဖြင့် သေဆုံးနှုန်း များပြားလာကြောင်း၊ ရင်သားကင်ဆာထက် အဆုတ် ကင်ဆာဖြင့်သေဆုံးမှုပိုမို များပြားလာကြောင်း၊ ဆေးလိပ် သောက်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်ပွားရခြင်းအကြောင်း ပါရှိလာပါ တယ်။  ဆေးလိပ်သောက်တဲ့အတွက် သောက်တဲ့လူတွေတင်မကဘူး၊ မီးခိုး ရှူရှိုက်မိသူလည်း ရောဂါခံစားရ တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဂျပန် နိုင်ငံမှာတော့ဆေးလိပ်သောက်တဲ့နေရာကို သတ်သတ်မှတ်မှတ် လုပ် ပေးတယ်လို့ဆိုပါတယ်။ သူတို့နိုင်ငံတွေက အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ကူးစက်လွယ်တဲ့ကိစ္စများ မှာအတော်ကို အကာအကွယ် လုပ်ထားကြတယ်ဆိုပဲ။ ဒါကြောင့်သူတို့နိုင်ငံ တွေမှာ ကိုယ့်နိုင်ငံ လို ဆေးလိပ်ကိုကြုံသလိုသောက်မိရင်စောင့်ကြည့်တဲ့ ကင်မရာက တစ် ဆင့် သိသွားတဲ့လုံခြုံရေး အစောင့်တွေ ရောက်လာပြီး လာရောက် အဖမ်းခံရဖို့များနေပါတယ်။ ဒီအခြေအနေကို မသိတဲ့ကျွန်တော်ရဲ့ ညီဝမ်းကွဲတော်သူတစ်ဦး ဂျပန်မှာ အဖမ်းခံရပြီး အချုပ်ထဲ ဝင်ခဲ့ရပါ တယ်။ အများကျန်းမာရေးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ယခုအခါ ဆေးလိပ် မသောက်ရတဲ့နေရာသတ်မှတ် လာတာတွေ့နေရပါတယ်။ အများနဲ့ဆိုင်တဲ့ နေရာတွေ၊ ရုံးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းကန်တွေ၊ ခရီးသည်တင် ဘတ်စ် ကားတွေပေါ်မှာ ဆေးလိပ် မသောက်ရ သတ်မှတ်ထားတာ လိုက်နာ ဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်ပါတယ်။
 
အမေရိကန်ပြည်ထောင်စုရဲ့ စားသုံးသူ အခွင့်အရေးများလေ့လာမိသမျှ အမေရိကန်ပြည်ထောင်စုဟာ ၁၉၆၂ ခုနှစ်က သမ္မတ ဂျွန်အက်ဖ် ကနေဒီလက်မှတ်ရေးထိုးတဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ကိုထုတ်ပြန်ခဲ့ပါတယ်။ အဓိက (၄) ချက်ကို ထုတ်နုတ်ပြီးတင်ပြလိုပါ တယ်။ ပထမ အချက်ကတော့ လုံခြုံစိတ်ချမှုကိုရရှိစေမဲ့အခွင့်အရေး (The right to safety) ၊ ဒုတိယအချက်ကတော့ သတင်း အချက် အလက်များအားပြည့်စုံစွာ ရရှိနိုင်မဲ့ အခွင့်အရေး (The right to be informed) ၊ တတိယအချက်အနေနဲ့ ရွေးချယ်ပိုင်ခွင့်အခွင့်အရေး (The right to choose) ၊ စတုတ္ထအချက်ဖြစ်တဲ့ တိုင်ကြားနိုင်ပြီးစီရင် ဆုံးဖြတ်မှုကိုခံယူနိုင်တဲ့ အခွင့်အရေး(The right to be heard)  တို့ပဲဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ နှစ်ပေါင်း ၅၀ ကျော်က ဥပဒေဟာ ကျွန်တော်တို့နိုင်ငံကို စားသုံးသူကာကွယ်ရေး ဥပဒေမပြဌာန်းရသေးတဲ့ နိုင်ငံများအတွက်ကိုးကားလို့ ရနိုင်တယ်ဆိုတာ သွားတွေ့ရပါတယ်။
လုံခြုံစိတ်ချရမှု အခွင့်အရေး လုံခြုံစိတ်ချရမှု ရရှိစေမဲ့ အခွင့်အရေးဆိုတာ ကျွန်တော်တို့လို စီးပွားရေးအင်အားကြီးတဲ့နိုင်ငံများက ဝန်းရံထားတဲ့တိုင်းပြည်ငယ်များ အတွက် သူတို့ထုတ်ကုန်ပစ္စည်းများထဲက အန္တရာယ်ပေးနိုင်တဲ့ ကုန် ပစ္စည်းများကို ကာကွယ်ပေးနိုင်တာဖြစ်တယ်။ ဥပမာ ထိုင်းနိုင်ငံကနေ ထုတ်လုပ်တဲ့ မုန့်ပုံးကိုဝယ်ယူလာတယ် ဆိုပါစို့၊ အိမ်ရောက်လို့ ဖွင့် ဖောက်တဲ့အခါမှာ မုန့်ဟာမှိုတက်နေပြီး စားဖို့မသင့်တာမြင်နေရ တယ်ဆိုရင် "လုံခြုံစိတ်ချမှုရရှိစေမဲ့ အခွင့်အရေး-ဥပဒေ" ရဲ့ ပုဒ်မနဲ့ ဝယ်ယူလာတဲ့ဆိုင်ကို တရားစွဲလို့ရတာဖြစ် တယ်။ ရောင်းတဲ့ဆိုင်က လည်း တာဝန်ယူ ဖြေရှင်းပေးရမဲ့ တာဝန်ကို ဥပဒေက ပေးထားတာ ဖြစ်ပါတယ်။
သတင်းအချက်အလက်များ ရရှိနိုင်မည့် အခွင့်အရေး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေမှာ စဉ်းစားလို့သင့်တဲ့အချက် တစ်ချက်ကတော့ စားသုံးသူများ ဟာ ကိုယ်ဝယ်ယူမဲ့ ကုန်ပစ္စည်းအကြောင်းသိရှိနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာထင်ရှားတဲ့ ဥပဒေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံကို အကြောင်းအမျိုး မျိုးနဲ့ ရောက်သွား တဲ့အာရှတိုက်သားများရောက်ရောက်ချင်းသိကြတဲ့သူတို့ရဲ့ ဥပဒေ ပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံသားတစ်ယောက်အမေရိကန် ခရီးစဉ်ကပြန်လာခါနီးမှာ စတိုးဆိုင်ကြီးတစ်ဆိုင် ရဲ့ ဈေးအကြီး ဆုံး ကင်မရာ တစ်လုံးကိုဝယ်ဖို့မေးကြည့်လိုက်သတဲ့။ စတိုးဆိုင်မန်နေဂျာ ရောက်ရှိလာပြီး ၎င်း ကင်မရာနဲ့ဆိုင်တဲ့ စာရွက်တစ်ခု ထုတ်ပေးလိုက် တယ်တဲ့။ သေသေချာချာဖတ်ကြည့်တဲ့အခါမှာ " တရုတ်ပြည်တွင် တပ်ဆင် ထုတ်လုပ်သည်"ဆိုတဲ့ စာတန်းလေး တွေ့သွားသတဲ့။ နဂိုက တရုတ်ပြည်က ထုတ်တဲ့ကုန်ပစ္စည်းကိုမှ အထင်မကြီးတတ်တဲ့ မြန်မာ ပြည်သားတစ်ယောက်တော့ အခက်တွေ့နေရပြီ။ နောက်ဆုံး မန်နေဂျာ က "ကမ္ဘာမှာအကောင်းဆုံး အီလက်ထရွန်နစ်ပစ္စည်းဟာ တရုတ်ပြည် က ထုတ်တာပါ"တဲ့ ---- ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ဝယ်မဲ့ ကုန် ပစ္စည်းအကြောင်း သိနိုင်ဖို့ ဥပဒေပြဌာန်းချက်မရှိသေးတဲ့ အတွက် ရောင်းတဲ့လူ ပြောချင်ရာပြော တဲ့ ကုန်ပစ္စည်းအညွှန်းနဲ့ပဲ ဝယ်လိုက် ကြရတာဖြစ်တယ်။ တကယ်လို့ ရောင်းတဲ့လူ ပြောတဲ့အတိုင်း မဟုတ်ရင် စားသုံးသူကိုကာကွယ်ပေးမဲ့ ဥပဒေမရှိသေးတဲ့ အတွက် ရောင်းသူနဲ့ ဝယ်သူစကားများကြရ၊ ရန်ဖြစ်ကြရဦးမယ်။
ရွေးချယ်ပိုင်ခွင့် ကျွန်တော်တို့နောက်လေ့လာရမဲ့သူတို့ရဲ့ စားသုံးသူဥပဒေက ရွေးချယ်ပိုင်ခွင့်အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်လွန်ခဲ့တဲ့ (၂၅) နှစ်လောက်တုံးက ရန်ကုန်မြို့လယ်၊ လမ်း (၃၀) နဲ့အနော်ရထာ လမ်းမကြီး တစ်ဝိုက်ရှိ အထည်ရောင်းတဲ့ဆိုင်တွေမှာ ဂျင်းဘောင်းဘီ ဝယ်ဖို့ ဈေးမေးခဲ့ဖူးပါတယ်။ မကြိုက်သေးတာနဲ့အနားက ဆိုင် တစ်ဆိုင် ကို သွားမေးပါတယ်။ စောစောက ဆိုင်မှရောင်းတဲ့သူလာပြီး ကျွန်တော့်ကို ပြဿနာစရှာလေတော့တယ်။ သူ့ဆိုင်မှာမေးပြီး မဝယ်ဘဲ နောက်တစ်ဆိုင်သွားမေးတဲ့အတွက် ပြဿနာလုပ်လာတာ ဖြစ်တဲ့ အတွက် " နောက်ကျတဲ့ခြေထောက်၊ သစ္စာဖောက်" သီအိုရီ အရအမြန်ဆုံးပြေးရတော့တယ်။ တကယ်လို့သာအမေရိ ကန် ပြည်ထောင်စုလို စားသုံးသူမှ ရွေးချယ်ပိုင်ခွင့်ဥပဒေသာ ပြဌာန်းပြီး သားဆိုရင် ကျွန်တော် ထွက်ပြေးစရာ မလိုတော့ဘူးပေါ့။
တိုင်ကြား၍ စီရင်ဆုံးဖြတ်မှု ခံယူနိုင်သည့် အခွင့်အရေး အမေရိကန်ပြည်ထောင်စုရှိ အော်စလိုမြို့က မြန်မာနိုင်ငံသား မိတ်ဆွေတစ်ဦး ရဲ့ ပြောပြဖူးတဲ့အဖြစ်အပျက် တစ်ခုယနေ့တိုင် အမှတ် ရနေဆဲဖြစ်ပါတယ်။ အော်စလိုမြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ရဲ့သားက သူတို့ဆိုင်က ရောင်းတဲ့ အစားအသောက်တွေ စားပြီး ဝမ်းပျက်သွားတယ်တဲ့။ လာရောက်စားသောက်တဲ့ သူတွေထဲက နှစ်ဦးသုံးဦးလည်း ၎င်း တို့ဆိုင်မှာစားသောက်ပြီးဝမ်းတွေ မကောင်း ကြဘူး။ ဒါနဲ့သားဖြစ်သူက သူ့အဖေဆိုင်ရှင်ကို တရားစွဲသတဲ့၊ အဖေ ဖြစ်တဲ့သူကလည်း ကျေကျေနပ်နပ်နဲ့တရားရုံးမှာ သွားရောက် အစစ် ဆေးခံပြီး စားသုံးသူတွေကိုနစ်နာကြေးပေး၊ မြူနီစပယ်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ခဲ့တယ်ဆိုပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ သူတို့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အခွင့်အရေးများ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနဲ့ပတ်သက်လို့ အရှေ့ တောင်အာရှနိုင်ငံများရဲ့ဥပဒေ၊ အခွင့်အရေးတွေ၊ လုပ်ထုံးလုပ်နည်း တွေ မလေ့လာမီ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ စားသုံးသူအကာ အကွယ်ပေးရေး၊ အခွင့်အရေးအကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။ ၁၉၈၅ ခုနှစ်ကထုတ်ပြန်အတည်ပြုလိုက်တဲ့ စားသုံးသူ အခွင့်အရေး (၄) ချက်ရှိပါတယ်။ အဲဒါတွေကတော့ အခြေခံလိုအပ်ချက်များ (စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး) ရရှိပိုင်နိုင်တဲ့အခွင့်အရေး (The right to satisfy basic needs) ၊ ကျေနပ်မှုမရှိတဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုများအပေါ် နစ်နာကြေးတောင်းခံနိုင်တဲ့အခွင့်အရေး (The right to redress) ၊ ကုန်စည်နဲ့ဝန်ဆောင်မှုများ အပေါ် မေးမြန်းခွင့်၊ သတင်းအချက်အလက်များရယူပိုင်ခွင့်၊ စားသုံးသူ အခွင့် အရေးများအပေါ် သိရှိခွင့်၊ ၎င်း တို့ကိုဘယ်လို ဆောင်ရွက်နေတယ် ဆိုတာ မေးမြန်းခွင့်  (The right to consumer education)၊ ကျန်း မာရေးနှင့်ညီညွှတ်သော ပတ်ဝန်းကျင်တွင်နေထိုင်လုပ်ကိုင်ခွင့် (The right to access healthy environment) တို့ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ဒီအခွင့်အရေးများဟာ ကမ္ဘာ့နိုင်ငံ အသီး သီးကို ပြဌာန်းစေချင်လို့၊ လိုက်နာစေချင်လို့ဖြစ်တယ်ဆိုတာ သိသာလှပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများက လိုက်နာမှုအားနည်းေ နတာ တွေ့ရှိရပါတယ်။ အကြောင်းကတော့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့အချိန်မှာ "ဝါဆော" စစ်အုပ်စုနဲ့  "နေတိုး"စစ်အုပ်စုတို့ရဲ့ ပြိုင်ဆိုင်မှုများကြောင့် အသက်မဝင်ဘူးလို့ မှတ်ချက်ပေး ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂကို နေတိုးအုပ်စုက ချယ်လှယ်စိုးမိုးတယ်လို့ 'ဝါဆော' အုပ်စုကမြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဝါဆောအုပ်စုက ဆိုဗီယက် ပြည်ထောင်စု အပါအဝင် ကွန်မြူနစ်နိုင်ငံများဖြစ်ပြီးတော့ နေတိုးအုပ်စုကတော့ အရင်းရှင်နိုင်ငံ များဖြစ်ကြပါတယ်။ ဒါပေမယ့် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုဆိုတာတွေ မရှိ တော့ တဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ဒီအခွင့်အရေးတွေ စိတ်ဝင်စားမှုတွေ ရှိလာကြပြီး စားသုံးသူ ကာကွယ်ရေးဥပဒေအနေနဲ့ ပြဌာန်းလာတာတွေတော့ မြင်နေရတာ ဖြစ်ပါတယ်။
မျက်စိမှိတ်၍ ဈေးဝယ်လိုက်ချင်ပြီ နိုင်ငံတော်တော်များများဟာ သူတို့ရဲ့စားသုံးသူပြည်သူတွေ လုံခြုံစွာ ဝယ်ယူစားသောက်နိုင်ရေးကို အလေးထားဆောင်ရွက်တာ ကြားနေရ၊ မြင်နေ ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်တွေ သူတို့ဆီ ရောက်သွားတဲ့အခါ ဟိုစစ်ဒီစစ်လုပ်တာဟာ တကယ်တမ်းကျတော့ သူတို့ရဲ့စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေအရ ဆောင် ရွက်နေကြတာသာဖြစ်ပါတယ်။ တလောက ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထုတ် 'ချယ်ရီ' ကားကို သြစတြေးလျ နိုင်ငံရဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စစ်ဆေး တဲ့အခါ ကင်ဆာ ရောဂါ ဖြစ်စေနိုင်တဲ့  ပစ္စည်းပါဝင်တယ်ဆိုပြီး သတင်းထွက်တာဖြစ်ပါတယ်။ ဒီနိုင်ငံတွေကနေ တင်သွင်းခွင့်ပြုလိုက်တဲ့ ကုန်ပစ္စည်းများဟာ ဥပဒေ နဲ့ အညီ စစ်ဆေးထားတဲ့အတွက် စားသုံးသူများက စိတ်ချ လက်ချ ဝယ်ယူနိုင်တာဖြစ်ပါ တယ်။ အခုတော့ ကျွန်တော်တို့ဆီမှာ ဘာကုန်ပစ္စည်းပဲဝယ်ဝယ်  မျက်စိ နှစ်လုံး၊ နားနှစ်ဖက်ကိုဖွင့်ဝယ်ယူပြီးရင် ချက်ချင်းမစားသုံးဘဲ သတင်းနားစွင့်နေရ သေးတာ ဖြစ်ပါတယ်။ ကိုယ်ဝယ်သုံးတဲ့ ပစ္စည်းဟာ အန္တရာယ် ရှိ/မရှိ ဆိုတာ တွေပေါ့။ တကယ်လို့ စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေထွက်ပေါ် လာခဲ့ရင် စားသောက်ကုန် ပစ္စည်းပဲ ဝယ်ဝယ်၊ လူသုံးကုန်ပစ္စည်းပဲဝယ်ဝယ် အနည်းဆုံးတော့ ဈေးသည်ကို အားနာတာ တို့၊ ကြောက်ရွံ့ တာတို့မရှိတော့ဘူး ပေါ့။ ရဲရဲတင်းတင်း ဝယ်လို့ရမှာဖြစ်တယ်။ လာမဲ့ ၂၀၁၅ ခုနှစ် အာဆီယံ နိုင်ငံတွေဟာ စီးပွားရေးအသိုက်အဝန်းထဲကို ဝင်ရောက်ကြတော့မှာ ဖြစ်တဲ့ အတွက် အခြားအာဆီယံနိုင်ငံများနည်းတူ စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေရှိကိုရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ဘာဝယ်ဝယ် မျက်စိ မှိတ်ပြီး ဈေးဝယ်လို့ရတော့မယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။