Main menu

Background

မိသားစုဝင်ငွေ ဖြည့်စွမ်းနိုင်တဲ့ တစ်ပိုင်တစ်နိုင် ပဲငပိလုပ်ငန်း

Thu, 06/27/2013 - 12:57 -- ydnar

ပဲငပိဆိုတာ ပဲပုပ်စေ့ကို Value  Added  အဖြစ် ထုတ်လုပ် ထားပြီး၊ မြန်မာတို့ရဲ့ ထမင်းဝိုင်း၊ အထူးသဖြင့် " အညာသားတို့ရဲ့ ထမင်းဝိုင်း " မှာမပါမဖြစ်တဲ့ဟင်းအရန်တစ်မျိုးဖြစ်ပါတယ်။ စားသုံးသူ တွေရဲ့ ဈေးကွက်မှာတော့ အရည်အသွေးအလိုက် ဈေးအမျိုးမျိုး ရောင်းနေကြပေမယ့် တစ်ကယ့်အရည်အသွေးမီ ပဲငပိဈေးကတော့ အစိုတစ်ပိဿာ ၁၀၀၀ ကျပ်နဲ့ အခြောက်တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးများနဲ့ ပုံမှန်ဈေးငြိမ်နေပါတယ်။

အရောအနှောကင်းပြီး သန့်ရှင်းတဲ့ ပဲငပိရဖို့ တစ်နိုင်တစ်ပိုင် ထုတ်လုပ်မယ်ဆိုရင် သောက်ရေအိုးအဟောင်း တစ်လုံးစာအတွက် သန့်စင်ပြီး ပဲပုပ်စေ့ ၂ ပြည်ကို ရေအနေတော်ထည့်ပြီး၊ ထင်းမီးနဲ့ ၅ နာရီမှ ၆ နာရီကြာအောင် မီးမျှဉ်းမျှဉ်းနဲ့ ပြုတ်ရပါတယ်။ ထင်းသုံးစွဲရာမှာ အချဉ်ဓာတ်ရှိတဲ့ (ဥပမာမန်ကျည်းသား)အခါး ဓာတ်ရှိတဲ့ (ဥပမာ တမာသား)များကို အသုံးမပြုသင့်ဘူးလို့ ဆိုပါ တယ်။ ပြုတ်ပြီး ပဲပုပ်စေ့များကို ဝါးစကာခုံးနဲ့ ရေစစ်ကာ ဂုန်နီအိတ် ပါးပါးအုပ်ပြီး ၂ ညခန့်နှပ်ထားရပါတယ်။ အဲဒီနောက် ဆားနဲ့ရသာမှုန့် မျှတစွာချိန်ဆထည့်ကာ လက်နဲ့နယ်ပြီးနောက် ပဲငပိ(အစို)ကုန်ချော တစ်မျိုးရရှိပါတယ်။တစ်ခါ ပဲငပိအစိုကို ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး အကြမ်းမှုန့်တို့နဲ့ သမအောင်မွှေကာ အပြားပြုလုပ်ပြီး၊ တစ်နေ့ခန့် နေလှန်းပြီးရင်နောက်ထပ်ကုန်ချောတစ်မျိုးဖြစ်တဲ့ပဲငပိ(ခြောက်)ပြားရရှိ ပြန်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို တွက်ချက်တဲ့ အခါ ပဲပုပ်စေ့ ၂ ပြည်အတွက် ပဲဖိုး ၂၇၀၀ ကျပ်၊ ထင်းဖိုး ၃၀၀ ကျပ်၊ ပေါင်း ၃၀၀၀ ကျပ် ကုန်ကျလျှင် ပဲငပိအစို ၄ ဒသမ ၅ပိဿာ ရပြီး တစ်ပိဿာ ၁၀၀၀ ကျပ်နှုန်းနဲ့ ၄၅၀၀ ကျပ်ရတဲ့အတွက် ၁၅၀၀ ကျပ် အမြတ်ကျန်ပါတယ်။ အခြောက်ဆိုရင် ၂ ဒသမ ၂၅ ပိဿာ ရပြီး၊ တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် တွက်ပါက ၄၅၀၀ ကျပ်ရရှိ အမြတ် ၁၅၀၀ ကျပ်ကျန်ပါတယ်။ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ရင် တစ်ရက် ပဲပုပ်စေ့ ၂ ပြည် ၂ အိုးပြုတ်ပြီး ပဲငပိထုတ်လုပ်နိုင်လို့ တစ်ရက် ၃၀၀၀ ကျပ်အကျိုးအမြတ်ရှိရာ မိသားစု အပိုဝင်ငွေရ ရှိစေပြီး၊ စားသုံးသူတွေအတွက်လည်း သန့်ရှင်းပြီး အဟာရပြည့်ဝတဲ့ အစားအစာအဖြစ် အကျိုးပြုစေတဲ့အတွက် ဝင်ငွေသာမက ကုသိုလ် ပါရတဲ့ ဠေူကန  ဗိနိ လုပ်ငန်းတစ်ခုအဖြစ် လေ့လာတင်ပြလိုက် ရပါတယ်။ထွန်းလှိုင် - မုံရွာ