စိန်ခေါ်ချက်များနှင့်ဂျီအမ်အက်(စ) ဂျီအမ်အက်(စ) ဆိုသည်မှာ အင်္ဂလိပ် အခေါ်အဝေါ် Greater Mekong Subregion ၏ ထိပ်ဆုံး စာလုံးများကိုယူ၍ အတိုကောက်ခေါ် ထားသည့်အမည်ဖြစ်သည်။ မြန်မာလို “မဟာမဲခေါင်ဒေသခွဲ” ဟုခေါ်ဆိုလေ့ ရှိကြသည်။ ၁၉၉၂ ခုနှစ်တွင် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ကမကထ ဖြင့် ထိုဒေသတွင်းရှိ နိုင်ငံများ၏ ပေါင်း စည်းမှုအခြေအနေတစ်ရပ်အဖြစ် အစီ အစဉ်တစ်ရပ် ပေါ်ထွန်းခဲ့သည်။
မဟာ မဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအစီအဉ်(GMS- ECP) ဖြစ်သည်။ ထိုအစီအစဉ်ထဲတွင် မဲခေါင် မြစ်စီးဆင်းရာဒေသ တစ်လျှောက်တွင် တည်ရှိနေသော မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ (ယူနန်နှင့်ကွမ်ရှီးပြည်နယ်) တို့ပါဝင်သည်။ ဂျီအမ်အက်(စ) အဖွဲ့ဝင်နိုင်ငံများ ပေါင်းစည်းခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခု နီးပါးရှိခဲ့ပြီဖြစ်သည်။ ဒေသခွဲအတွင်း စီးပွားရေး၊လူမှုရေး၊ယဉ်ကျေးမှုတို့ ဖွံ့ဖြိုး တိုးတက်မှုရရှိလာ စေရေးအတွက် နိုင်ငံ့ ခေါင်းဆောင်များ၏ ထိပ်သီးအစည်း အဝေးပွဲများ၊ ဝန်ကြီးအဆင့်၊ အဆင့်မြင့် အရာရှိကြီးများအဆင့်ဆွေးနွေးပွဲများ စသဖြင့်အစီအစဉ်ပေါင်းများစွာ ကို အဖွဲ့ဝင်နိုင်ငံများ၌ အချိန်ကာလ အလိုက်အလှည့်ကျပြုလုပ်ခဲ့ပြီး ဖြစ် သည်။ ပြီးခဲ့သည့် နှစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင်မူ (၄) ကြိမ်မြောက် ဂျီအမ်အက်(စ) ထိပ်သီးဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ သည်။ လာ မည့် ဆယ်စုနှစ် (၂၀၁၂-၂၀၂၂)အတွင်း ဒေသခွဲအတွင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ အစီ အစဉ်သစ်ကို အဆုံးသတ်ရေးဆွဲနိုင် ရေးကို အဓိကရည်ရွယ်ချက်ထား၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဂျီအမ်အက်(စ) အဖွဲ့ဝင် ၆ နိုင်ငံ သည်ဒေသတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် ရေးအားထုတ်ရင်း ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးမှုရည်မှန်းချက်များ (MDR) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု ကမ္ဘာ့ထိပ်သီးညီလာခံ (၂၀၀၂) မှစခဲ့သော ဂျိုဟန်နက်(စ)ဘတ် စီမံ ချက်တို့ကို အကောင်အထည် ဖော်ရန် အတွက်လည်းကတိကဝတ် များထား ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဂျီအမ် အက်(စ)ဒေသသည် ကမ္ဘာနှင့် ယှဉ်၍ ဖွံ့ဖြိုးမှုအဆင့် ရင်ဘောင်တန်းနိုင်ရေး ကိုစဉ်ဆက်မပြတ်စုပေါင်း အားထုတ် နေသည်ဟုဆိုနိုင်သည်။ သို့သော် လောကနိယာမအတိုင်း အကောင်း နှင့်အဆိုးဒွန်တွဲဖြစ် ပေါ်လျက်ရှိရာ ဖြစ် ထွန်းလာသောအခွင့်အလမ်းများနှင့် အတူ စိန်ခေါ်မှုများမှာလည်းတန်းစီ လျက်ရှိနေသည်။
စီးပွားရေး လွန်ခဲ့သောနှစ်များအတွင်း ဂျီအမ် အက်(စ)ဒေသ၌ စီးပွားရေးအရလည်း ကောင်း၊ လူမှုရေးအရလည်းကောင်း လျင်မြန်သောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့အလျင်အမြန်ဆုံးဖွံ့ဖြိုးလာနေ သော ဒေသတစ်ခုအဖြစ်သို့ပင် ဦး တည်နေပြီဖြစ်သည်။ သို့သော် လူဦးရေ ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာလျင်မြန် သော အပြောင်းအလဲများ၏ ပေါင်းစပ် ဖြစ်ပေါ်လာသော အကျိုးသက် ရောက်မှုများကြောင့် လည်းကောင်း၊ နိုင်ငံအလိုက်အားနည်းသော စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ကြောင့်လည်းကောင်း ဒေသ၏ ရေရှည်ဖွံ့ဖြိုးမှုအပေါ်ဖိအားများ သက် ရောက်လျက်ရှိသည်။ သို့သော် ဒေသ တွင်းရှိ နိုင်ငံအစိုးရများသည် ဒေသခွဲ တစ်လုံး၏ ဖွံ့ဖြိုးမှုအသီးအပွင့်များကို ဒေသတစ်ခုချင်းစီအတွင်းရှိ လူတစ်ဦး ချင်း၏ကောင်းကျိုးရလဒ်များ အဖြစ် ပြောင်းလဲပေးနိုင်စွမ်းကို အတိုင်း အတာတစ်ခုအထိရှိခဲ့ပြီးဖြစ်သည်။ လက်တွေ့အားဖြင့် ထိုင်းနိုင်ငံ၊ ဗီယက် နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တို့သည် ဆင်းရဲမွဲမှုလျှော့ချနိုင် ရေးအတွက် ထိရောက်စွာဆောင် ရွက်နိုင်ခဲ့သည့် ဒေသတွင်းနိုင်ငံများဖြစ် သည်။ ထိုသို့ဒေသတွင်းနိုင်ငံအချို့တွင် အောင်မြင်မှုများရရှိနေသော်လည်း များပြားလှသော စီးပွားရေးနှင့် သက် ဆိုင်သည့် စိန်ခေါ်မှုများ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
လူမှုရေး ကမ္ဘာ့ ၁၂ ခု မြောက် အရှည်ဆုံး မြစ်ဖြစ်သည့် မဲခေါင်မြစ်ဖြတ်သန်းရာ ဒေသတစ်လျှောက် ၌ ဘာသာ စကား၊ ယဉ်ကျေးမှုကွဲပြားသော တိုင်းရင်းသား လူမျိုးအုပ်စု ၇၀ ကျော် နီးပါးနေထိုင်ပြီး ၎င်းင်းတို့၏ ဘဝရပ်တည်မှုအတွက် လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုကာ မဲခေါင်မြစ်ကိုမှီခို နေကြရသည်။ ဒေသ၏ ဆင်းရဲမွဲတေမှု အခြေအနေမှာအဆိုးဆုံးမဟုတ်သော် လည်းဆိုးဝါးလျက်ရှိသည်ဟု သုတေ သီများပညာရှင်များက ကောက်ချက်ချ လျက်ရှိသည်။ ဒေသတွင်းရှိ ဆင်းရဲမွဲ တေနွံတွင်းမှ ရုန်းမထွက်နိုင်သေးသူ အများစုမှာ ဘဝရပ်တည်မှုနှင့် စီးပွား ရေးဖွံ့ဖြိုးမှုအတွက် မဲခေါင်မြစ်ကပံ့ပိုး ထားသော သဘာဝသယံဇာတ အရင်း အမြစ်များကို တိုက်ရိုက်သုံးစွဲနေကြ သည်ဟုဆိုသည်။ ကျန်းမာရေးရှု ထောင့်မှကြည့်ပါက ဒေသတွင်းရှိ မိခင်များ သေဆုံးမှုနှုန်း မြင့်မားမှု၊ ကလေးသူငယ်နှင့် အရွယ်ရောက်သူ များအတွက် အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါနှင့် အခြားသောရောဂါ မျိုးစုံ၏ ခြိမ်းခြောက်မှုကိုလည်းပြင်း ပြင်း ထန်ထန်ရင်ဆိုင်နေရသည်။ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာ သော ထိခိုက်မှုများသည်လည်း ဒေသ အတွက် စိန်ခေါ်မှုအသစ်များသဖွယ် ဖြစ်လာနေသည်။ ဤသို့သော အခြေ အနေများ၏ အကျိုးဆက်များ မှာ ဒေသတွင်းလူအဖွဲ့အစည်းများ အတွက် လူမှုရေး စိန်ခေါ်ချက်များ အဖြစ် ပြောင်းလဲလျက်ရှိနေသည်။
သဘာဝပတ်ဝန်းကျင် သစ်တော၊ သားငါးနှင့် စိုက်ပျိုး ရေး ကဏ္ဍတို့သည် ဒေသတွင်း ရိက္ခာ ဖူလုံမှု၊ ဒေသတွင်းရှိကျေးလက် ဒေသ များဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင် အားများဖြစ်နေဆဲဖြစ်သည်။ မဲခေါင် မြစ်အောက်ပိုင်း မြစ်ဝှမ်းဒေသတွင် ငါးဖမ်းလုပ်ငန်းဖြင့် မှီခိုအသက် မွေးဝမ်း ကျောင်းပြုနေကြသည်မှာ လူသန်း ပေါင်း ၄၀ ခန့်ပင်ရှိနိုင်သည်ဟု ခန့်မှန်း ကြသည်။ ဒေသတွင်းနိုင်ငံအစိုးရ၏ အားထုတ်မှုကြောင့် သန်းပေါင်းများစွာ ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သော် လည်း သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်း အမြစ်များ အပေါ် ဆိုးကျိုးသက်ရောက်မှုများက ပြန်လည် ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝသယံ ဇာတယိုယွင်းပျက်စီးမှုနှင့် လေထု ရေထုညစ်ညမ်းမှုတို့မှာလည်း တဖြည်း ဖြည်းပိုမိုကျယ်ပြန့်စွာဖြစ်နေခဲ့သည်။ စိုက်ပျိုးမြေယာနှင့် ရေအရင်းအမြစ်များ အရည်အသွေးလျော့ကျခြင်း၊ ဇီဝမျိုး ကွဲများပျက်စီးလာခြင်းတို့မှာ ထင်ရှား သည့်သာဓကများအဖြစ်မှတ်ယူ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် စိန် ခေါ်လာသော အခြေအနေများထဲတွင် သဘာဝပတ်ဝန်းကျင် အနေအထား များကိုပါ စဉ်းစားလာကြရပြန်သည်။
ဂျီအမ်အက်(စ)အနာဂတ် ဂျီအမ်အက်(စ) အဖွဲ့ဝင်နိုင်ငံများ သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်းအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက် စီမံကိန်းများ၊ စီမံ ချက်များ၊ ဦးစားပေးအစီအစဉ်များကို ရေးဆွဲဆောင်ရွက်နေ သော်လည်း ဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့် အခြေအနေအရပ်ရပ်တွင် နယ်နိမိတ် ဖြတ်ကျော်ပေါင်းစည်းဆောင်ရွက်မှု အပိုင်း၌အားနည်းလျက်ရှိ နေသေး သည်ဟု ကောက်ချက်ချသူများလည်း ရှိသည်။ ၁၉၉၂ ခုနှစ်မှ စခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ အစီအစဉ်အလွန်တွင် မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေးသဘောတူညီမှုတစ်ရပ်ရေး ထိုးခဲ့ကြပြီး ထိုမှတစ်ဆင့် မဲခေါင်မြစ် ကော်မရှင် ဖွဲ့စည်းကာဒေသတွင်းနိုင်ငံ များအကြားနယ်နိမိတ်ဖြတ်ကျော် ဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ် ကို ၁၉၉၅ ခုနှစ်၌ ထပ်မံဖန်တီးခဲ့ပြန် သည်။ သို့သော် ဒေသခွဲအတွင်း ရှိနိုင်ငံ များအားလုံးမပါဝင်နိုင်သေးသည့် အခြေအနေဖြစ်ပေါ်နေဆဲဖြစ်သည်။ ပြောင်းလဲလာနေသော ကမ္ဘာ့အခြေ အနေအရပ်ရပ်များကြောင့် မဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက် မှု အစီအစဉ် (ဂျီအမ်အက်(စ))သည် အနာဂတ်ကာလတွင်လည်း အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများကြောင့် ဖြစ်ပေါ်လာသော အကဲစမ်းမှုများကို ပိုမိုရင်ဆိုင် လာရဖွယ်ရှိနေလေသည်။