Main menu

Background

ပို့ကုန် ဖွံံဖြိုးမှုအတွက် လိုအပ်နေသည့် အမျိူးသားပို့ကုန် မဟာဗျူဟာ

Wed, 11/13/2013 - 12:08 -- ydnar

ယနေ့နိုင်ငံတိုင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ကြိုးပမ်းလုပ်ဆောင်ရာ တွင် ကုန်သွယ်မှုကဏ္ဍသည်  ဦးဆောင် ကဏ္ဍ (Leading sector) ဖြစ်သည့် အတွက် ကုန်သွယ်မှုသည် တိုးတက်မှု ၏ မောင်းနှင်အား (Trade is engine of growth) ဟု စီးပွားရေးပညာရှင် များက ခံယူသတ်မှတ်ထားသည်။ ယခု အခါ မြန်မာနိုင်ငံအနေဖြင့်လည်း  တစ် ကမ္ဘာလုံးနှင့် ပြန်လည်ကုန်သွယ်ခွင့် ရရှိ လာမှုနှင့်အတူ ယခင်စီးပွားရေးပိတ်ဆို့ မှုများ ပြန်လည်ကင်းလွတ်လာခြင်း၊ ထုတ်ယူ မသုံးစွဲရသေးသော အရင်း အမြစ်များ (သဘာဝအရင်းအမြစ်နှင့် လုပ်သားအရင်းအမြစ်) ရှိနေသေးခြင်း၊ မဟာဗျူဟာကျသည့် တည်နေရာရှိနေ ခြင်းတို့ကြောင့် အာရှ၏ထွန်းတောက် လာမည့် အလားအလာ အကောင်းဆုံး ထဲတွင် မြန်မာနိုင်ငံကိုလည်း ကမ္ဘာက အသိအမှတ်ပြုလာခြင်းသည် ဖွံ့ဖြိုးတိုး တက်မှုအတွက် ထူးကဲသည့် အခွင့် အရေးတစ်ရပ်ပင်ဖြစ်သည်။
 

ထို့အတွက် အာရှ၏ဖွံ့ဖြိုးလာ သည့် နိုင်ငံများကဲ့သို့ ပို့ကုန်ဖွံ့ဖြိုးတိုး တက်မှုမှတစ်ဆင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ တစ်နည်းအားဖြင့် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ (Export Led Growth Model) ဖြင့် လက်ရှိတင်ပို့နေသော ပို့ကုန်များ၏ အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာရေး၊ ပို့ကုန်သစ်များ ပေါ် ထွက်လာရေးနှင့် တန်ဖိုးမြှင့်ပို့ကုန်များ ထွန်းကားလာရေး၊ ထို့အပြင် ပို့ကုန်ဈေး ကွက်အသစ်များ တိုးချဲ့ဆောင်ရွက်နိုင် ရေးတို့အတွက် မဖြစ်မနေအထူးကြိုး စား ဆောင်ရွက်ရမည် ဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် လက်တွေ့ ကျသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး (Export Development) နှင့် ပို့ကုန်ယှဉ် ပြိုင်နိုင်စွမ်းအား တိုးတက်ရေးအတွက် ‘အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ကို စတင်ရေးဆွဲအကောင် အထည်ဖော် တော့မည်ဖြစ်သည်။ အမျိုးသားအဆင့်မဟာဗျူဟာ (NES)  ရေးဆွဲအကောင် အထည်ဖော် နိုင်ရေးအတွက် ဂျာမဏီနိုင်ငံမှ GIZ အဖွဲ့၏ အထောက်အပံ့ဖြင့် အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုစင်တာ (International Trade Centre-ITC)  က နည်းပညာ အကူအညီပေးမည်ဖြစ်ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးစီးကာအစိုးရ၊ ပုဂ္ဂလိက နှင့် အရပ်ဘက်အဖွဲ့အစည်းများ (Civil Societies) များ စုပေါင်းပါဝင်ရေးဆွဲရ မည်ဖြစ်ပေသည်။ ယေဘုယျအားဖြင့် ပို့ကုန်မဟာဗျူဟာဒီဇိုင်းရေးဆွဲချိန်မှ အကောင်အထည်ဖော်မည့်အချိန်အထိ စုစုပေါင်းကြာမြင့်ချိန်မှာ ၅ နှစ်ဖြစ်ပြီး ပါဝင်သည့် အဓိက လုပ်ငန်းများ အနေ ဖြင့် အကြိုညှိနှိုင်းဆွေးနွေးခြင်း(Pre-Engagement Phase)၊ အသေးစိတ် ညှိနှိုင်းခြင်း (Inception Phase)၊ မဟာဗျူဟာရေးဆွဲခြင်း (Design Phase) နှင့် အကောင်အထည်ဖော် ခြင်း (Implementation Phase) ဟူ၍ (၄) ပိုင်း ပါဝင်ပါသည်။ ယခုအခါ အကြိုညှိနှိုင်းဆွေးနွေး ခြင်းနှင့် အသေးစိတ်ညှိနှိုင်းခြင်းအဆင့် များပြီးစီးပြီဖြစ်၍ မဟာဗျူဟာရေးဆွဲ ခြင်းကို စတင်နေပြီဖြစ်သည်။ ဌာနဆိုင် ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်ပြီး အသေးစိတ်ညှိနှိုင်းဆွေးနွေးပွဲများမှ ဖော် ထုတ်ခဲ့သည့် အမျိုးသားပို့ကုန်မဟာဗျူ ဟာ၏မျှော်မှန်းချက်၊ မဟာဗျူဟာဦး တည်ချက် (၆) ရပ်၊ ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည် (၅) မျိုး (5 Priority Sectors)၊ ဦးစားပေးအကောင်အထည်ဖော်မည့် ဝန်ဆောင်မှု (၁) မျိုး၊ အလားအလာ ကောင်းသည့်ကဏ္ဍ (၁) မျိုးနှင့် ဦးစား ပေးကဏ္ဍများကို အထောက်အကူပြု မည့်ကဏ္ဍ (၄) မျိုး၊ (4-Cross Sectors) ကို ရွေးချယ်ထားပြီးဖြစ်ပါသည်။ရည်မှန်းချက် (Vision)  နှင့် ဦးတည်ချက်များ (Objectives) အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အဓိကမျှော်မှန်းချက်မှာ ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင် သည့် စဉ်ဆက်မပြတ်တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့ (Toward export led sustainable growth and wealth for emerging Myanmar) ဖြစ်သည့် အတွက် ယေဘုယျအားဖြင့် ပို့ကုန်ဦး ဆောင်သည့် တိုးတက်မှုမော်ဒယ် (Export Led Growth Model)  ကို ဖော် ဆောင်နိုင်ရေးပင်ဖြစ်သည်။ NES ၏ဦးတည်ချက်များကို ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံသားများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး  (Socio-economic development) အတွက် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်း (Value Added Production) နှင့် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိရေး၊ ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှု (Global economic integration) နှင့် ဦးဆောင်သည့်အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူ ပြုသည့် အကျိုး အကြောင်းညီညွတ်သော၊ ကြိုတင် မှန်းဆနိုင်သော၊ ပွင့်လင်းမြင်သာမှုရှိ သော ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဉ်း မူဘောင်များဖြစ်ပေါ်လာရေး၊ နိုင်ငံ တကာဈေးကွက်အခွင့်အလမ်းများနှင့် လိုအပ်ချက်များ ဖြည့်စွမ်းနိုင်ပြီး ယှဉ် ပြိုင်မှုရှိသည့် အရည်အသွေးကောင်း ပို့ကုန်အမယ်စုံများ တိုးတက်လာစေ ရေး၊ ပို့ကုန်တိုးတက်မှုအထောက်အကူ ပြုနည်းပညာတီထွင် ဆန်းသစ်မှု၊ ပို့ကုန် ဆိုင်ရာ အရည်အသွေးနှင့် စွမ်းရည် တည်ဆောက်မှုများအားပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ လက်ရှိ ပို့ကုန် လုပ်ငန်းရှင်များနှင့် ထွန်းသစ်စပို့ကုန် လုပ်ငန်းရှင်များ၏ လိုအပ်ချက်အမျိုးမျိုး ကို ပူးပေါင်းပံ့ပိုးပေးနိုင် ဖြည့်ဆည်းနိုင် မည့် အဖွဲ့အစည်းများ ထူထောင်နိုင်ရေး နှင့် နိုင်ငံတစ်ဝှမ်းနှင့် ဒေသတွင်းအဆင့် ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များကို တည်ဆောက်ဖြည့်စွမ်းရေးနှင့် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး (Logistics) စွမ်းရည်တိုးမြှင့်ရေးတို့စသည့် အကျုံး ဝင်သည့် ကျယ်ပြန့်သည့် ဦးတည်ချက် များပါဝင်နေပေသည်။ဦးစားပေးအကောင်အထည်ဖော်မည့် ပို့ကုန်များ အစိုးရဌာနဆိုင်ရာများ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစင်တာမှ ကျွမ်းကျင်ပညာ ရှင်များပါဝင်သည့်တွေ့ဆုံ ဆွေးနွေးပွဲ များမှ သဘောတူရွေးချယ်ထားသည့် ဦးစားပေးအကောင် အထည်ဖော်မည့် ကုန်စည်ပို့ကုန် (၅) မျိုးကို ဆန်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် ချုပ်ပြီးအထည်၊ သစ်နှင့်သစ်တောထွက်ပစ္စည်း၊ဝန်ဆောင် မှု ပို့ကုန် (၁)မျိုးကို ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း (Tourism)  ကိုရွေးချယ်ထား ပြီး အလားအလာကောင်းသည့်ပို့ကုန် အဖြစ် (Rubber)ကို ရွေးချယ်ထား သည်။ အဆိုပါ ကဏ္ဍကို ရွေးချယ်ရာ တွင် အဓိကထားသည့် ပေတံ (Main  Criteria) အနေဖြင့် တိုင်းပြည်၏ စုစုပေါင်းပို့ကုန်တွင် အရေးပါမှု၊ တိုး တက်နိုင်မှုအလားအလာနှင့် အဆိုပါ ပို့ကုန်မြှင့်တင်ခြင်း၏ လူမှုစီးပွားရေး အကျိုးသက်ရောက်မှု (Socio-economic Impacts) ကို အဓိကထားပြီး ရွေးချယ်ပါသည်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံ၏ လက်ရှိပို့ကုန်များအနက် သဘာဝဓါတ်ငွေ့ပို့ကုန်သည် အများဆုံး ဖြစ်ပြီး အလားအလာရှိသည့် ပို့ကုန်ဖြစ် သော်လည်း အဆိုပါ ပို့ကုန်တိုးတက် တင်ပို့မှုသည် လူမှုစီးပွားရေးအကျိုး သက်ရောက်မှုနဲသည့်အတွက် ဦးစား ပေးရွေးချယ်မှုတွင် မပါဝင်ပေ။ ဆိုလို သည်မှာ သဘာဝဓာတ်ငွေ့ပို့ကုန်ပံ့ပိုး တင်ပို့မှုကြောင့် နိုင်ငံအနေဖြင့် ပို့ကုန်ရ ငွေအတိုင်းအတာတစ်ခုအထိ တိုးတက် ရရှိသည်မှန်သော်လည်း လူအများ အလုပ်အကိုင် ရရှိစေမှု၊ နည်းပညာလွှဲ ပြောင်းရရှိမှု၊ စီမံအုပ်ချုပ်မှု နည်းလမ်း များဖြန့်ဝေပေးနိုင်မှု အားနည်းခြင်း တို့ကြောင့် ဦးစားပေးမှုတွင် မပါဝင်ခြင်း ဖြစ်သည်။ လက်ရှိ ပို့ကုန် အခြေအနေတွင် ဆန်ပို့ကုန်သည် ပဲမျိုးစုံလောက် မများသော်လည်း နောင် အနာဂတ် ကာလအတွင်း ပို့ကုန် တိုးတက်လာရန် အလားအလာ ရှိမှုနှင့် လယ်ယာ သီးနှံများ အနက် ဆန်စပါးလုပ်ငန်း သည် အခြားသီးနှံများထက် ကျယ်ပြန့် သည့် လူမှုစီးပွားရေး အကျိုးသက် ရောက်မှုတို့ကြောင့် ပထမဦးစားပေး အစီအစဉ်တွင် ပါဝင်နေခြင်းဖြစ်သည်။ ကျန်သည့် ဦးစားပေးပို့ကုန်များမှာ လက်ရှိအခြေအနေတွင်လည်း အများ ဆုံးတင်ပို့နေသည့် လယ်ယာကုန်စည် များဖြစ်သလို တိုးတက်မှုအလားအလာ ရှိနေဆဲဖြစ်ပြီး ဝန်ဆောင်မှုပို့ကုန်အဖြစ် ကမ္ဘာ့ ခရီးသွား လုပ်ငန်းမှာလည်း ယခုအခါ တမုဟုတ်ခြင်း တိုးတက်လာ သည့် လုပ်ငန်းဖြစ်သလို အနာဂတ်တွင် လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အလား အလာ ကောင်းစွာရှိနေသည့်အတွက် ဖြစ်သည်။ ထို့အတူ ရော်ဘာပို့ကုန်သည် လောလောဆယ်အခြေအနေတွင် သိသာသော တိုးတက်မှုမရသေးသော် လည်းယခုနှစ်များအတွင်း ရော်ဘာစိုက် ပျိုးမှု သိသိသာသာ တိုးချဲ့လာခြင်း၊ အထွက်ကောင်းမျိုးများ ပိုမိုစိုက်ပျိုးလာ ခြင်းနှင့် ရော်ဘာကုန်ချောပြုပြင်ထုတ် လုပ်မှုများပေါ်ထွန်းလာလျှင် ပိုမိုဖွံ့ဖြိုး တိုးတက်ရန် အလားအလာကောင်းများ ရှိနေသည့်အတွက် အလားအလာ ကောင်းသည့် ပို့ကုန်အဖြစ် ရွေးချယ် ထားခြင်းဖြစ်သည်။အထောက်အကူပြုစေမည့်ကဏ္ဍများ (Cross Sectors) ဦးစားပေးရွေးချယ်ထားသည့် ပို့ကုန်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက် အထောက်အပံ့ပြုမည့် ကဏ္ဍ (၄) ခုအဖြစ် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု (Trade Financing)၊ ကုန်သွယ်မှု သတင်းအချက် အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး (Trade information and Trade Promotion)၊ အရည်အသွေးစီမံခန့်ခွဲ ခြင်း (Quality Management) နှင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး (Trade Facilitation and Logistics) တို့ဖြစ် သည်။ ဤကဏ္ဍ (၄) ရပ်သည် ဦးစား ပေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးစေရန် မရှိမဖြစ် အထောက်အကူပြုပံ့ပိုးပေးရ မည်။ လက်ရှိမြန်မာ့ပို့ကုန်ဖွံ့ဖြိုးတိုး တက် ရေးအတွက် အဓိကအဟန့်အတားတစ် ခုမှာ လုံလောက်သည့် ငွေအရင်းအနှီး ရှားပါးမှုဖြစ်ပြီး အဆိုပါ အဟန့်အတား ကို ဖြေရှင်းပေးနိုင်မှသာ ပို့ကုန်လုပ်ငန်း ရှင်များ၏ စွမ်းဆောင်ရည် (Capability of Exporters) မြှင့်တင်ပေးနိုင် မည်ဖြစ်၍ Trade Financing ကို  Cross Sector တွင်ထည့်သွင်းထားခြင်း ဖြစ်သည်။ ထို့အတူ ပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြား လုပ်ဆောင်ရမည့် အချက်မှာ ပို့ကုန်နှင့် ပတ်သက်သော ဈေးနှုန်း၊ ဈေးကွက် သတင်းအချက်များ၊ ပြောင်းလဲရသည့် ဈေးကွက် အခြေ အနေ၊ ကြိုက်နှစ်သက်မှုပြောင်းလဲခြင်း စသည်တို့ အချိန်နှင့် တစ်ပြေးညီသိရှိမှ သာ ပို့ကုန်တိုးမြှင့်ရေးကို ထိထိရောက် ရောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံတိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပို့ကုန်မြှင့်တင် ခြင်းဖြင့်ကြိုးစားနေကြသည့်အလျောက် ကမ္ဘာ့ဈေးကွက်သည် ပြိုင်ဆိုင်မှုပြင်း ထန်ပြီး သတ်မှတ်ထားသည့် အရည် အသွေး၊ စံချိန်စံညွှန်း လိုက်နာနိုင်ရေး အထူး အရေးပါသည်။ ထို့အတွက် ပို့ကုန်လုပ်ငန်းတိုင်းအတွက် အရည် အသွေးဆိုင်ရာ စီမံခန့်ခွဲမှုသည်လည်း အထူး အလေးထားရမည်ဖြစ်သည်။ နိုင်ငံအလိုက် အရည်အသွေးစံချိန်စံ ညွှန်းသတ်မှတ်ချက်များ၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များသာမကဘဲ အာဆီယံကဲ့သို့သော လွတ်လပ်သော ကုန်သွယ်မှု နယ်မြေ အတွက် ဘုံအရည်အသွေး သတ်မှတ် ချက်များ (Common quality standard)  စသည်တို့ကို ပို့ကုန်လုပ်ငန်းရှင် များသာမကဘဲ ထုတ်လုပ်သူများအဆင့် အထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အထူးလိုအပ်နေပြီဖြစ်သည်။ ထို့ပြင် မြန်မာ့ပို့ကုန်များကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းအား နိမ့်ကျနေခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည့် ကုန် စည်များသယ်ယူပို့ဆောင်ထိန်းသိမ်း စရိတ်များ (Logistics Costs) ကြီးမြင့် နေခြင်းကို လျှော့ချပေးနိုင်ဖို့နှင့် ကုန် သွယ်မှုဆိုင်ရာ လျှင်မြန်ချောမွေ့လွယ် ကူစေရေး (Trade Facilitation) တို့လည်း ယခုထက် ပိုမိုတိုးတက်လာမှ သာ ဦးစားပေးပို့ကုန်ကဏ္ဍများ၏ တိုး တက်မှုကို အထောက်အပံ့ပြုနိုင်မည် ဖြစ်သည်။ ဦးစားပေးကဏ္ဍများဖြစ်သည့် ဆန်၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ ရေထွက် ကုန်ပစ္စည်း၊ ရော်ဘာ၊ အဝတ်အထည် နှင့်အထည်အလိပ်ကဏ္ဍတစ်ခုချင်းစီ၏ လက်ရှိအခြေအနေ၊ တန်ဖိုးပြောင်းလဲ ခြင်းကွင်းဆက်ဖြစ်ပေါ်မှု လမ်းကြောင်း (Value Chain Map) ရေးဆွဲသုံးသပ် ခြင်း၊ လက်ရှိပို့ကုန်ဈေးကွက်များ ဆန်း စစ်လေ့လာခြင်း၊ ဦးစားပေးကဏ္ဍများ၏ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ (Distribution Channels) ၏ လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေး ခြင်း၊ ဦးစားပေးကဏ္ဍများ၏ ထုတ်လုပ် မှုအပိုင်းတွင် တွေ့ကြုံနေရသည့် အခက်အခဲများ ဆွေးနွေးဖော်ထုတ် ခြင်း၊ ဦးစားပေးကဏ္ဍများ၏ လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာအဆင့် ဆင့်ကို (Problem Tree)  အဖြစ် ရေး ဆွဲဖော်ထုတ်ခြင်းစသည့် လုပ်ငန်းစဉ် များကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် လေ့လာသုံးသပ်ချက်များမှတစ်ဆင့် ထိရောက်မှုရှိသော အမျိုးသားပို့ကုန် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲတော့ မည်ဖြစ်သည်။ဦးစားပေးပို့ကုန်ကဏ္ဍများ ဆန်စပါးပို့ကုန် ဆန်စပါးသည် မြန်မာလူမျိုးများ ၏ အဓိကအစားအစာဖြစ်သည့် အလျောက် အရေးပါဆုံးသော လယ် ယာသီးနှံဖြစ်သည်။ လက်ရှိအခြေအနေ တွင် စိုက်ပျိုးဧကအများဆုံး စိုက်ပျိုးနေ ပြီး ဒုတိယအရေးပါဆုံး လယ်ယာပို့ကုန် လည်းဖြစ်သည်။ သမိုင်းကြောင်းအစဉ် အလာအရ စစ်ကြိုခေတ်နှင့် လွတ်လပ် ရေးရပြီးအစောပိုင်းနှစ်များအထိ မြန်မာ နိုင်ငံသည်ကမ္ဘာပေါ်တွင်ဆန်အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံဖြစ်ခဲ့သည်။၎င်းအချိန် ကရရှိခဲ့သောစီးပွားရေးတိုးတက်မှုသည် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးခဲ့မှုကြောင့် ဖြစ်သည်။ သို့သော် ဆိုရှယ်လစ်ခေတ် တွင်ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်း စီးပွား ရေး စနစ်အောက်၌ မြန်မာ့ ဆန်စပါး ပို့ ကုန်လုပ်ငန်း တဖြည်းဖြည်းကျဆင်း လာရာအများဆုံးတင်ပို့သူ (Largest Exporter)  မှ အဓိကတင်ပို့သူ (Major Exporter) ၎င်းမှတစ်ဆင့် သာမန် တင်ပို့သူ (Marginal Exporter) အဖြစ်သို့ လျော့ကျခဲ့သည်။ အဓိက အကြောင်းအရင်း များစွာ အနက် ဆန်၏ အရည်အသွေးနှင့် အထွက်နှုန်း နိမ့်ကျခြင်း၊ အစိုးရ၏ နိမ့်သည့်ဈေးနှုန်း ဖြင့် စပါးဝယ်ယူသည့်စနစ် (Paddy Procurement System) တို့ကြောင့် လည်း လယ်သမားများအနေဖြင့် ဆန် စပါးလုပ်ငန်းတိုးတက်စေရန်ဆွဲဆောင်မှု မရှိခြင်းတို့ကြောင့်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ၂၀၀၃ ခုနှစ်၊ ဆန်စပါးမူဝါဒသစ် အရ ဆန်စပါးလုပ်ငန်းကို ပုဂ္ဂလိကများ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပြုလာ သည့်အလျောက် ဆန်စပါး လုပ်ငန်း ပြန်လည် တိုးတက်ရန်ရှိသော်လည်း စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဈေး ကွက်ရရှိမှု နည်းခြင်း၊ ငွေပေးငွေယူ အခက်အခဲကြောင့် တစ်ဆင့်ခံတင်ပို့ နေရခြင်း၊ အရည်အသွေးနိမ့်ကျမှုတို့ ကြောင့် ဆန်စပါးပို့ကုန်၏ယှဉ်ပြိုင်နိုင် မှုစွမ်းအား လျော့နည်းလာခြင်းစသည် တို့ကြောင့် တိုးတက်သင့်သလောက် တိုးတက်မလာခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက် ကုန်သွယ် မှုဆိုင်ရာ ဖြေလျော့မှုများဆက်တိုက်ပြု လုပ်လာမှုနှင့်အတူ ယခင်ဆန်ပို့ကုန်ကို ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုခဲ့သော် လည်းနောက်ပိုင်းနယ်စပ်များမှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ဆန်ပို့ကုန် သိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တရုတ် နိုင်ငံ၏ ဝယ်အားကြောင့် ဆန်တန်ချိန် (၈သိန်း) ခန့် ဝန်းကျင် တင်ပို့နိုင်ခဲ့သည်။ ပင်လယ်ရေကြောင်း တင်ပို့မှုအပါ အဝင် တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့၍ (၄၆) နှစ်တာ ကာလ အတွင်း အများဆုံးတင်ပို့နိုင်သည့်ပမာ ဏဖြစ်ခဲ့သည်။လက်ရှိတည်ရှိနေသည့် သဘာဝသွင်းအားစုအရင်းအမြစ်များ အရကြည့်သော် လက်ရှိတင်ပို့နေသည့် ပမာဏသည် များစွာ နည်းသေး ကြောင်းတွေ့ရသည်။ အရေးကြီးဆုံး အားနည်းချက်မှာ လယ်သမားအများစု အနေဖြင့် ဆန်စပါးစိုက်ပျိုးမှုလုပ်ငန်းကို မိရိုးဖလာနည်းကိုသာ ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး မျိုးချန်၍ထပ်တစ် လဲလဲစိုက်ပျိုးနေခြင်း၊ အထွက်ကောင်း မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်မှုအား နည်းခြင်း၊သွင်းအားစုများ (ဓာတ်မြေသြ ဇာနှင့်ပိုးသတ်ဆေး) လုံလုံလောက် လောက် အသုံးမပြုနိုင်သေးခြင်း၊ ငွေကြေးအရင်းအနှီးအလုံအလောက် မရှိခြင်းတို့သည် လယ်သမားများတွေ့ ကြုံနေရသည့် အခက်အခဲပင်ဖြစ်သည်။ထို့အပြင် အားနည်းနေသေးသည့် ရေ နှင့်ဆည်မြောင်းစီမံခန့်ခွဲမှုစနစ်၊ အထွက် ကောင်းမျိုးစေ့များရရှိနိုင်မှု၊ မျိုးကွဲ ပေါင်းများစွာတည်ရှိနေမှု၊ ရိတ်သိမ်းချိန် လွန် အပျက်အစီးအဆုံးအရှုံးများနေမှု၊ စက်မှုလယ်ယာဖော်ဆောင်ရန် အား နည်းနေမှုနှင့် လယ်ကွင်းမှ စက်ရုံသယ် ယူစရိတ်များနေမှု စသည်တို့ကို တွေ့ရ သည်။ ဆန်စပါးကဏ္ဍနှင့် ဆက်စပ် နေသည့်ပတ်ဝန်းကျင် (Business Environment Issue) နှင့်ဆိုင်သော အဓိကအခက်အခဲများအနေဖြင့်ခေတ်မီ ဆန်စက်များနည်းနေသေးခြင်း၊ လျှပ် စစ်ဓာတ်အား လုံလုံလောက်လောက် မရရှိမှုဆိပ်ကမ်းများ၌ စွမ်းဆောင်ရည် မပြည့်ဝသေးခြင်း၊ သိုလှောင်ရုံများ လုံလုံလောက်လောက်မရှိခြင်း စသည် တို့ကို တွေ့ရသည်။ ထို့အတူ ဈေးကွက်ဝင်ရောက်မှု အခက်အခဲ (Market Entry Issue) များအနေဖြင့် ဈေးကွက်ကောင်းများ ရရှိရန် အားနည်းခြင်း၊ ဈေးကွက် သတင်းရရှိရန် အားနည်းခြင်း၊ လက်ရှိ ဆန်အရည်အသွေးနိမ့်နေ၍ ဆန် အရည်အသွေးသတ်မှတ်ချက် ပြုပြင်ရန် လိုအပ်ခြင်း၊ တရုတ်နိုင်ငံသို့ တရားဝင် လမ်းကြောင်းမှ တင်ပို့ရန် လိုအပ်ခြင်း စသည်တို့ကိုတွေ့ရသည်။ ဆန်စပါးကဏ္ဍသည် လယ်ယာ သီးနှံများအနက် အရေးပါဆုံးဖြစ်သလို လူမှုစီးပွားရေး အကျိုးသက်ရောက်မှု အများဆုံးဖြစ်နေသည့်အတွက် ဆန် စပါးကဏ္ဍမြှင့်တင်နိုင်မည်ဆိုလျှင် ပို့ကုန် ဦးဆောင်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာ အောင်မြင်လာမည်ဖြစ်သလို ကျေး လက်ဆင်းရဲမှုလျှော့ချရေးနှင့် ကျေး လက်ဖွံ့ဖြိုးရေးကိုပါ အထောက်အကူ ပြုမည်ဖြစ်၍ အထူးအရေးပါသည့် ပို့ကုန်သီးနှံဖြစ်သည်။ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ လယ်ယာသီးနှံများအနက် ပဲမျိုးစုံ သည် အများဆုံးတင်ပို့နေသည့် လယ် ယာပို့ကုန်ဖြစ်သည်။ စိုက်ဧကအားဖြင့် ဒုတိယအများဆုံးဖြစ်သည့်အပြင် လယ် သမားများအတွက် ဝင်ငွေအများဆုံး ဖန်တီးပေးနိုင်သည့် (Cash Crop) လည်းဖြစ်သည့်အတွက် လယ်သမား များအတွက် အရေးပါသည့် သီးနှံဖြစ် သည်။ ၁၉၈၈ နောက်ပိုင်း အိန္ဒိယဈေး ကွက်၏ ဝယ်လိုအားကြောင့် ပဲမျိုးစုံ လုပ်ငန်းအလျှင်အမြန် ဖွံ့ဖြိုးတိုးတက် လာခဲ့၍ အများဆုံးလယ်ယာပို့ကုန် သီးနှံဖြစ်သလို အာရှ၏ ပဲမျိုးစုံတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံး အနေဖြင့်မူ ကနေဒါပြီးလျှင် ဒုတိယ အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ် သည်။ မြန်မာ့ပဲမျိုးစုံအများစု (၇၀% ဝန်းကျင်) သည် အိန္ဒိယဈေးကွက်ကို သာ တင်ပို့နေရဆဲဖြစ်၍ မှီခိုမှုများလွန်း သောကြောင့် ပို့ကုန်ရငွေ မတည်ငြိမ်မှု ပြဿနာလည်း အမြဲကြုံတွေ့နေရ သည်။ မြန်မာ့ပဲမျိုးစုံ၏ အားသာချက် မှာ သဘာဝရေမြေအခြေအနေခြင်း တူသည့်အတွက် အိန္ဒိယ၏ပဲများနှင့် မြန်မာ့ပဲများ အရောင်အဆင်းအနံ့အရ သာကလည်း တူညီနေမှုကြောင့် အိန္ဒိယဈေးကွက်ကို ရရှိခြင်းဖြစ်သည်။သို့သော် ကနေဒါနိုင်ငံ၏ပဲများ အိန္ဒိယ ဈေးကွက်သို့ ဈေးနှုန်းအနိမ့်ဖြင့် တဖြည်းဖြည်းတိုးချဲ့ ဝင်ရောက်လာမှု ကြောင့်လည်း မြန်မာ့ပဲများ၏ ဈေး ကွက်ဝေစု တဖြည်းဖြည်းကျဆင်းလာ ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆို သော မြန်မာ့ပဲများအနေဖြင့် ကနေဒါ ၏ ပဲများကိုယှဉ်ပြိုင်ရာတွင် ဈေးနှုန်း အရလည်းကောင်း၊ အရည်အသွေး အရလည်းကောင်း၊ ဈေးကွက်ရရှိမှုအရ လည်းကောင်း ယှဉ်ပြိုင်နိုင်မှု အားနည်း ခြင်းကြောင့် ဈေးကွက်ဝေစုကျဆင်း လာ ရခြင်းဖြစ်သည်။ လက်ရှိပဲမျိုး စုံပို့ကုန်ကို ကြည့်မည်ဆိုလျှင်လည်း အများစု (၈၀%အထက်) သည် Fair Average Quality – FAQ ဖြစ်၍ အနိမ့်ဆုံးအရည်အသွေးဖြင့်သာ တင်ပို့ နေရဆဲဖြစ်သည်။ Special Quality-SQ  နှင့် တန်ဖိုးမြင့်ပို့ကုန်တင်ပို့မှု အနည်းငယ်သာတင်ပို့နိုင်သေးသည်။ ပဲမျိုးစုံနှင့်ပြုလုပ်သော တို့ဟူး၊ မုန့်မျိုးစုံ နှင့်စားစရာများ၊ ဆီသွပ်ဘူးများ စသည် တို့ထုတ်လုပ်တင်ပို့နိုင်ခြင်းမရှိသေးပေ။ ပဲမျိုးစုံကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် တွေ့ကြုံနေရသည့် အဓိကအခက်အခဲ များအနက် အရေးပါသည့် အချက်မှာ  လယ်သမားအဆင့်တွင် မျိုးကောင်းမျိုး သန့်လက်ခံစိုက်ပျိုးမှု အားနည်းသေးပြီး အစဉ်အလာစိုက်ပျိုးသော ပဲမျိုးများကို သာ ထပ်ခါတလဲလဲစိုက်ပျိုးနေ၍ အထွက်နှုန်းနှင့် အရည်အသွေး နိမ့်ကျ နေခြင်းဖြစ်သည်။ သို့ဖြစ်၍ အခြားပဲပို့ ကုန်နိုင်ငံများ အထူးသဖြင့် ကနေဒါနှင့် ယှဉ်ပြိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်။FAO ၏ စာရင်းများအရ လက်ရှိ မြန်မာနိုင်ငံ၏ အထွက်နှုန်းသည် ၁ ဟက်တာလျှင် ကီလိုဂရမ် ၉၈၀ ဝန်း ကျင်သာဖြစ်ပြီး ကနေဒါ၏ အထွက် နှုန်းမှာ ၂၀၀၀ ကီလိုဂရမ် ဝန်းကျင်ရှိ သောကြောင့် (၂)ဆခန့် ကွာဟနေ ကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ ပဲမျိုးစုံပို့ကုန် တန်ချိန် (၁) သန်းကျော်ကို (၂) ဆတိုးလိုပါက ဈေးကွက်ဝယ်လို အားရှိသည့် အထွက်ကောင်းမျိုးကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်မည်ဖြစ် သည်။ နောက်လိုအပ်သည့်အချက်မှာ ပဲမျိုးစုံဈေးကွက်သစ်များ ထိုးဖောက်နိုင် ရေး အထူးကြိုးစားရမည်ဖြစ်သည်။ လက်ရှိတင်ပို့နေသည့် အာရှအခြေပြု ဈေးကွက်အနည်းငယ်မှ ဈေးကွက်သစ် များ (ဥပရောပနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများ) သို့ တင်ပို့နိုင်ရေး စတင်လုပ်ဆောင်ရမည်ဖြစ်သည်။တစ်ဖက်တွင်လည်း ပဲမျိုးစုံအခြေပြု တန်ဖိုးမြှင့်ပို့ကုန် ထုတ်လုပ်တင်ပို့နိုင် ရေး ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပြည်ပလုပ်ငန်းရှင် များပေါင်းစပ်လုပ် ကိုင်နိုင်မည်ဆိုလျှင် ပဲမျိုးစုံပို့ကုန်တန်ဖိုး သိသိသာသာတိုးချဲ့နိုင်မည်ဖြစ်သလို တောင်သူလယ်သမားများ၏ ဝင်ငွေကို လည်း ယခုထက်ပိုမိုဖြည့်စွမ်းပေးနိုင် မည်ဖြစ်သည်။ ဆီထွက်သီးနှံအနေဖြင့်မူ ယခု အခါ အရေးပါသည့်ပို့ကုန်သီးနှံ မဟုတ် သေးဘဲ နောင်အလားအလာရှိသည့် သီးနှံအဖြစ်သာ သတ်မှတ်ထားသည်။ လက်ရှိအခြေအနေတွင် ဆီထွက်သီးနှံ ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှုကို ပြည့်မီအောင် မထုတ်လုပ်နိုင်သေး သောကြောင့် ပြည်ပမှစားအုန်းဆီ တင်သွင်းနေရဆဲဖြစ်သည်။ ပြည်တွင်း စားသုံးမှု (စားသုံးဆီ+စက်မှုကုန်ကြမ်း) လိုအပ်ချက်မှာ တန်ချိန် (၈) သိန်းကျော် ရှိသည့်အနက် စားအုန်းဆီကို တန်ချိန် (၃) သိန်းကျော် နှစ်စဉ်တင်သွင်းနေ ရဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း နှိုင်း ယှဉ်အကျိုးကျေးဇူးပိုမိုရရှိစေဖို့ ဆီထွက် သီးနှံများ - နှမ်း၊ မြေပဲ၊ နှမ်းဆီ၊ ပဲဆီများ တင်ပို့ခွင့်ပြုထားခြင်းကြောင့် ယခုအခါ နှမ်း၊ မြေပဲစိုက်သည့် တောင်သူများ ယခင်ကထက်ဝင်ငွေသိသိသာသာတက် လာသလို နိုင်ငံအတွက်လည်း ပို့ကုန် ဝင်ငွေဖန်တီးနိုင်မှုကြောင့် ပို၍ အကျိုး ရှိသည်။ တက်လာသည့် ဈေးနှုန်းဆွဲ ဆောင်မှုများကြောင့် လယ်သမားများ ပိုမိုစိုက်ပျိုးလာလျှင် ဆီထွက်သီးနှံ စိုက် ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာမည် ဖြစ်သည်။ လက်ရှိ စားအုန်းဆီ (၁) တန် တင်သွင်းလျှင် လက်ရှိပေါက်ဈေး ဒေါ်လာ (၁၀၀၀) ဝန်းကျင်သာ ရှိပြီး နှမ်းနက် (၁) တန်တင်ပို့လျှင် အနည်း ဆုံး ဒေါ်လာ (၂၀၀၀) အထက်တွင် ရှိသောကြောင့် အကျိုးရှိနေဆဲဖြစ် သော်လည်း တင်သွင်းသည့် စားအုန်း ဆီ အရည်အသွေး မှန်ကန်မှုနှင့် လုံခြုံစိတ်ချရမည်ဖြစ်သည်ကိုလည်း အထူးအလေးထားရမည်ဖြစ်သည်။ ရေရှည်မျှော်မှန်းသည်မှာ လယ်သမား များအနေဖြင့် ဆီထွက်သီးနှံများ ယခု ထက် တိုးချဲ့ စိုက်ပျိုးလာမည်ဆိုလျှင် ပြည်တွင်းစားသုံးမှုဖူလုံနိုင်မည့်အပြင် အလားအလာရှိသည့် ပို့ကုန်ဖြစ်သော ကြောင့် အမျိုးသားပို့ကုန်မဟာဗျူဟာ တွင် ထည့်သွင်းရခြင်းဖြစ်သည်။ ထို့အပြင် မြန်မာပြည်အလယ်ပိုင်း ဒေသရှိ တောင်သူများအတွက် အဓိက ငွေဝင်သီးနှံဖြစ်၍လည်း ထည့်သွင်းရ ခြင်း ဖြစ်သည်။သစ်နှင့်သစ်တောထွက်ပစ္စည်း မြန်မာနိုင်ငံသည် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည့်အတွက် သစ်တောသယံ ဇာတပေါကြွယ်ဝသည့် အလျောက် ခေတ်အဆက်ဆက် သစ်နှင့်သစ်တော ထွက်ပစ္စည်းပို့ကုန်သည် အရေးပါခဲ့ ပြီးမြန်မာ့ ကျွန်းသစ်ကမ္ဘာ့နိုင်ငံများ အကြား Brand Name တစ်ခုဖြင့် ကျော်ကြားနေဆဲဖြစ်သည်။ အစဉ် အလာအရ ခေတ်အဆက်ဆက် သစ် တောထွက်ပစ္စည်းပို့ကုန်သည် အလုံး လိုက် (Log) တင်ပို့မှုသာ ဖြစ်သော ကြောင့် ဈေးနိမ့်ခြင်း၊ တန်ဖိုးမြှင့်ပို့ကုန် ပြုလုပ်မှုအားနည်းမှုကြောင့်  အလုပ် အကိုင် ဖန်တီးပေးနိုင်မှုနှင့် ပြည်တွင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အားမ ပေးခဲ့ပေ။ ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်မှစ၍ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်း တော့မည်ဖြစ်၍သစ်နှင့်သစ်တော ထွက် ပစ္စည်းတန်ဖိုးမြှင့်ပို့ကုန်များကိုသာ ခွင့်ပြုတော့မည်ဖြစ်သည့်အတွက်  သစ်နှင့်သစ်တောထွက် ပစ္စည်းပို့ကုန် သိသိသာသာ တိုးမြှင့်နိုင်တော့မည်ဖြစ် သည်။ သို့သော်လက်တွေ့တွင် သစ် ကုန်ကြမ်းရရှိမှု၊ လုပ်ငန်း ထောက်ခံ ချက်ရရှိရန် ခက်ခဲမှု၊ သစ်ခွဲသားတင်ပို့ မှုတွင် ကန့်သတ်ချက်များရှိနေမှုနှင့် တရားမဝင် သစ်တင်ပို့မှုများရှိနေမှုတို့ကို အချိန်မီ ဖြေရှင်းပေးရမည့်အပြင် သစ် အခြေခံ တန်ဖိုးမြှင့်ပို့ကုန်များပြုလုပ်ရန် ကျွမ်းကျင်လုပ်သားရှားပါးမှုကိုလည်း သက်မွေးပညာ သင်တန်းများ (Vocational Training)  များ စီစဉ်ဆောင် ရွက်ပေးရန်လိုအပ်ပါသည်။ ယခင် စီးပွားရေးပိတ်ဆို့မှုမတိုင်ခင်က ရရှိခဲ့ သည့် ဥရောပဈေးကွက်ကို ပြန်လည် တင်ပို့ခွင့်ရလာခြင်းကြောင့် ဈေးကွက်မှ တောင်းဆိုသည့် ဒီဇိုင်းမှအစ အရည် အသွေးမီသည့် သစ်အချောထည်များ တင်ပို့နိုင်မည်ဆိုလျှင် အလားအလာ ရှိသည့် ပို့ကုန်လည်းဖြစ်သည်။ရေထွက်ကုန်ပစ္စည်း မြန်မာနိုင်ငံ၏ ရှည်လျားသော ကမ်းရိုးတန်း၊ ပေါများလှသည့် မြစ် ချောင်းအင်းအိုင်တို့ကြောင့် သဘာ၀ အရငါးဖမ်းနိုင်သည့် အရင်းအမြစ်များ ပေါကြွယ်ဝသလို ဧရာဝတီ၊ ရခိုင်၊ တနင်္သာရီ၊ ရန်ကုန်တိုင်းဒေသကြီးတို့ တွင်ရှိသည့် မွေးမြူရေးလုပ်ငန်းများ ကြောင့် ရေထွက်ပစ္စည်းပို့ကုန်တိုးချဲ့ရန် အလားအလာများရှိနေသည်။ လက်ရှိ အခြေအနေတွင်လည်း အရေးပါသည့် ပို့ကုန်ဖြစ်သလို ဝယ်လိုအားများသည့် ကုန်စည်ဖြစ်သောကြောင့်လည်း အလားအလာရှိသည့် လုပ်ငန်းဖြစ် သည်။ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံ များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့၏ စီးပွားရေးမြင့်တက်လာမှုနှင့် အတူ လူအများ၏ ဝင်ငွေမြင့်တက်လာ မှုကြောင့်လည်း အရည်အသွေးမြင့် သည့် ကုန်စည်များ (နို့ထွက်ပစ္စည်းနှင့် အသား) ပိုမိုစားသုံးလာခြင်းသည် ရေထွက်ပစ္စည်းပို့ကုန် တိုးချဲ့မှုအတွက် အလားအလာကောင်းတစ်ရပ်ပင်ဖြစ် သည်။ ထို့အတူ အာရှတွင် စားသောက် ကုန်အများဆုံး တင်သွင်းနေသည့် ဂျပန် နိုင်ငံဈေးကွက်၊EU ၏ ဈေးကွက်များ သို့လည်း ၎င်းင်းနိုင်ငံများ သတ်မှတ်ထား သည့် အရည်အသွေးသတ်မှတ်ချက် များကို ပြည့်မီအောင်ဆောင်ရွက်နိုင် လျှင် တဖက်သတ်ပေးသည့် အခွန် အကောက်သက်သာမှု  (Generalized System of Preference-GSP) ရရှိမှုကြောင့်  တိုးချဲ့  တင်ပို့နိုင်ရန် အလားအလာများစွာရှိသည်။ လက်ရှိ ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများ အနက် မွေးမြူရေးကန် တိုးချဲ့ရေးနှင့် အသစ်ဆောက်လုပ်ရန် အခက်အခဲရှိ နေခြင်း၊ ငွေကြေးအရင်းအနှီးအခက် အခဲရှိနေခြင်း၊ သားပေါက်လုပ်ငန်းမှ သားပေါက်များ လုံလုံလောက်လောက် ထုတ်လုပ်မပေးနိုင်ခြင်း အဆင့်မြင့် မွေးမြူရေးအစာ မလုံလောက်ခြင်း၊ ကောင်းမွန်သော မွေးမြူရေး နည်းလမ်း များ Good Aquaculture Practices   လိုအပ်နေခြင်း၊ လျှပ်စစ်နှင့်လောင်စာ ပုံမှန်မရရှိခြင်းများကို ဖြေရှင်းရ မည်ဖြစ် သည်။အထည်အလိပ်နှင့်အဝတ်အထည် အထည်အလိပ်နှင့် အဝတ်အထည် ပို့ကုန်လုပ်ငန်းသည် လက်ရှိအခြေ အနေတွင် တက်ရိပ်ပြနေသည့် ပို့ကုန် အမျိုးအစားဖြစ်ပြီး အထူးသဖြင့် လက်ခစား အထည်ချုပ်ပို့ကုန် CMP (Cutting, Making  and Packaging) သည် ငယ်ရွယ်သည့် အမျိုးသမီး များ အများဆုံးအလုပ်ရရှိစေမှုကြောင့် အရေးပါသည့် ပို့ကုန်ဖြစ်သည်။ စီးပွား ရေးပိတ်ဆို့မှု မပြုလုပ်မီအထိ အထည် ချုပ်ပို့ကုန်သည် စုစုပေါင်းပို့ကုန်တွင်  အများဆုံး ဖြစ်ခဲ့ပြီး  ထိုအချိန်က အမေရိကန် ဈေးကွက်သို့ အများဆုံး တင်ပို့ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှု ကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်း အထည်ချုပ်ပို့ကုန် သိသိသာသာကျ ဆင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဂျပန်ဈေးကွက်ပြန်လည်ရရှိခဲ့သော ကြောင့် ယခုအခါ ယခင်အများဆုံးတင် ပို့ခဲ့သည့် တန်ဖိုးပမာဏသို့ ပြန်လည်မီ လာခဲ့ပြီဖြစ်သည်။EU ၏ GSP အခွင့် အရေးပြန်လည်ရရှိလာခြင်းနှင့် အမေရိ ကန်၏ GSP အခွင့်အရေး မကြာမီ ပြန်လည် ရရှိရန် ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏အထည်အလိပ်နှင့်အဝတ် အထည်ပို့ကုန်လုပ်ငန်း ယခုထက်များ စွာ ဖွံ့ဖြိုးတိုးတက်ရန် ရှိနေသည်။ လက် ရှိအခြေအနေတွင် ထုတ်လုပ်မှုအပိုင်း တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ထုတ်လုပ်မှုစွမ်းအား နိမ့်ကျနေမှု၊ စက်ရုံ သစ်တည်ဆောက်ရန် မြေတန်ဖိုးကြီး မြင့်မှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု စသည့် အခက်အခဲများရှိသော်လည်း ပေါ်ထွက်လာမည့် မဟာဗျူဟာများ အတိုင်း လုပ်ဆောင်နိုင်မည်ဆိုလျှင် အထူးအလားအလာကောင်းသည့် ပို့ကုန်လုပ်ငန်းဖြစ်သည်။ အထူးသတိပြု ရမည့်အချက်မှာ တရုတ်နိုင်ငံ၏ လျှင် မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အထည်အလိပ်ပို့ ကုန်ကဏ္ဍသည် ဦးဆောင်ကဏ္ဍဖြစ်ခဲ့ သလို ပထမစက်မှုတော်လှန်ရေးကာ လအတွင်း အင်္ဂလန်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွေ့အကြုံတွင်လည်း အထည်အလိပ်လုပ်ငန်းသည် ဦးဆောင် ကဏ္ဍဖြစ်ခဲ့သောကြောင့် အထည် အလိပ်ပို့ကုန်လုပ်ငန်း၏ အကျိုးသက် ရောက်မှုအလွန်ကျယ်ပြန့်၍ အထူး အရေးပါပေသည်။ရော်ဘာပို့ကုန် လက်ရှိ ရော်ဘာပို့ကုန်များ တို့ သည် အရည်အသွေးနိမ့်ကျသည့် RSS-5  ကုန်ကြမ်းကိုသာ တင်ပို့နေဆဲဖြစ်၍ ပို့ကုန်ရငွေ သိသိသာသာတိုးလာခြင်း မရှိသော်လည်း အရည်အသွေးမြင့် ရော်ဘာထုတ်ကုန်နှင့် တန်ဖိုးမြှင့် ရော်ဘာ ထုတ်လုပ် တင်ပို့နိုင်လျှင် အလားအလာရှိသည့် လုပ်ငန်းတစ်ခု လည်းဖြစ်သည်။ လောလောဆယ်ထုတ် လုပ်မှုဆိုင်ရာ အခက်အခဲများအနက် ထုတ်ကုန် အရည်အသွေးနှင့် ထုတ်လုပ် မှုစွမ်းအားနိမ့်ကျနေခြင်း၊ တန်ဖိုးမြှင့် ရော်ဘာမထုတ်လုပ်နိုင်သေးခြင်းတို့ကို တွေ့ကြုံ နေရပြီး အရည်အသွေး နိမ့် ကျမှုကြောင့် ဈေးကွက်ရရှိမှုလည်း နည်း ပါးနေခြင်းဖြစ်သည်။ ရော်ဘာလုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာ များလိုအပ်နေဆဲဖြစ်သည်။ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း အရှေ့တောင်အာရှတွင် ကုန်းမြေ တစ်ဆက်တည်း အကျယ်အဝန်းဆုံး နိုင်ငံဖြစ်သည့်အပြင် မတူညီသည့်ရေ မြေအခြေအနေများ၊ သဘာဝအင်းအိုင် မြစ်ချောင်းများ၊ တောင်တန်းကြီးများ၊ ရှည်လျားသည့် ပင်လယ်ကမ်းခြေများ၊ ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ စသည်တို့ ကြွယ်ဝသောကြောင့် ကမ္ဘာ့ လှည့်ခရီးသွားလုပ်ငန်း အလားအလာ အကောင်းဆုံး (၁၀) နိုင်ငံတွင်ပါဝင်နေ သည့်အတွက် များစွာအလား အလာရှိ သည့် ဝန်ဆောင်မှုပို့ကုန်လုပ်ငန်းဖြစ် သည်။ လောလောဆယ်အခြေအနေ တွင် ခရီးသွားဝင်ရောက်မှုနှုန်း သိသိ သာသာ မြင့်တက်နေမှုကြောင့် လုံ လောက်သည့် Facilities မပေးနိုင် သေးခြင်း၊ ကျွမ်းကျင်သည့် လူ့စွမ်းအား အရင်းအမြစ် အားနည်းနေသေးခြင်း၊ တန်ဖိုးမြှင့်ဆောင်ရွက်ရန် အကန့် အသတ်ရှိနေခြင်းတို့အပြင် စီးပွားရေး နယ်ပယ် ဆိုင်ရာ အခက်အခဲများ အနက် သတင်းအချက်အလက် ဖြန့်ဖြူး မှုအပိုင်းအားနည်းခြင်း၊ ဗီဇာစနစ်တွင် လိုအပ်ချက်များ ရှိနေသေးခြင်း၊ သွား ရောက်လေ့လာလိုသည့်ဒေသများ ကန့် သတ်ချက် ရှိနေသေးခြင်းစသည် တို့ကို လည်း ဖြေရှင်းပေးရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပွင့်လင်းလာသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ကြောင့် ကမ္ဘာ့ လှည့်ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံ အတွက်အလား အလာ များစွာရှိသည့် ဝန်ဆောင်မှု ပို့ကုန်လုပ်ငန်းအဖြစ် အရေးပါနေဦး မည် ဖြစ်သည်။အမျိုးသားပို့ကုန် မဟာဗျူဟာ အောင်မြင်ရေး အမျိုးသားပို့ကုန်မဟာဗျူဟာ သည် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှု ပုံစံ (Export Led Growth Model) ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင်  ကျယ်ပြန့်သည့် အတွက် နိုင်ငံတော်- ပုဂ္ဂလိက ကဏ္ဍတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်သည့် (Public Private Partnership PPP)  ပုံစံဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် ဦးဆောင်ဦးရွက်ပြုရမည့်သူမှာ နိုင်ငံတော်အပိုင်းမှဖြစ်၍ ပို့ကုန်မဟာ ဗျူဟာသည် ကျယ်ပြန့်ပြီးကဏ္ဍပေါင်းစုံ ပါဝင်နေမှုကြောင့် ထိရောက်မှုရှိပြီး စွမ်းဆောင်ရည် ပြည့်ဝစေဖို့ "အမျိုး သားပို့ကုန်ဗဟိုကော်မတီ" တစ်ရပ် ဖွဲ့စည်းပြီး အစဉ်မပြတ်လေ့လာသုံး သပ်ပေါင်းစပ်ဖြည့်ဆည်းပေးရန် လို အပ်ပေသည်။ ထို့အပြင် အမျိုးသားပို့ ကုန်မဟာဗျူဟာအတွက် လိုအပ်နေ သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့အစည်းများ နှင့် Infrastructure Supports  များဖြစ်သည့် လမ်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်း၊ လျှပ်စစ်စသည်တို့ကို နိုင်ငံတော်မှ ဖြည့် စွမ်းပေးရမည်ဖြစ်သည်။ ပို၍အရေးကြီး သည်မှာ လက်တွေ့လုပ်ဆောင်ရမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ထုတ်လုပ်သူ များ၊ လယ်သမားများကလည်း ပို့ကုန် တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် မြန်မာ့ ပို့ကုန်များနိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြှင့်တင်နိုင်ရေး အတွက် အဖက်ဖက်မှ  အထူးအလေး ပေး ကြိုးစားရမည်ဖြစ်သည်။ အထူး သဖြင့် ဦးစားပေးပို့ကုန်အများစုသည် လယ်ယာကုန်စည်များဖြစ်သည့် အတွက် လယ်သမားများ အဆင့်မှစပြီး အသိစိတ်ဓာတ်ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် အချက်များကို သိရှိ နားလည်ဆောင်ရွက်စေရန် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမည်သာ ဖြစ် သည်။ ထို့အတူပို့ကုန်နှင့်ဆက်စပ်နေ သော လုပ်ငန်းရှင်များအားလုံး၏ စီးပွား ရေးကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းပြီး တန်ဖိုးမြှင့် ပို့ကုန်များ တိုးချဲ့ထုတ် လုပ်တင်ပို့နိုင်ရေးနှင့် မြန်မာ့ပို့ကုန်များ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင် မှုစွမ်းအားတိုးတက်စေရေး အထူး အလေးထား ရမည်ဖြစ်သည်။ သို့မှသာ ပို့ကုန်ဖွံ့ဖြိုးမှုမှတစ်ဆင့် တိုင်းပြည်၏ အကျိုးစီးပွားကိုသာမက လူအများစုဖြစ် သည့် ထုတ်လုပ်သူအခြေခံ လယ် သမားများ၏ လူနေမှုဘဝကိုပါ မြှင့် တင်ပေးနိုင်မည်ဖြစ်၍ People Center Development ကိုလည်းဖော် ဆောင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မကြာမီ ပေါ်ထွက်လာမည့် အမျိုးသား ပို့ကုန်မဟာဗျူဟာကို လူတိုင်းသိရှိနား လည်သဘောပေါက်ပြီး နိုင်ငံသားတိုင်း အမျိုးသားရေးအသိဖြင့် တက်ညီလက် ညီဝိုင်းဝန်းဆောင်ရွက်မည်ဆိုလျှင် ပို့ကုန်ဖွံ့ဖြိုးမှုမှတစ်ဆင့် တိုင်းပြည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။