Main menu

Background

ပို့ကုန် ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့

Wed, 11/13/2013 - 12:36 -- ydnar

ကမ္ဘာ့ စီးပွားရေးအခင်းအကျင်းနှင့် မြန်မာ့ အနေအထား ယနေ့ခေတ်အခါသည် ICT (Information and Communication Technology) ထွန်းကားလာမှုကြောင့် Globalization အရှိန်အဟုန် ပိုမို မြင့်မားခဲ့ပြီး၊ လျင်မြန်သည့် သတင်း ဆက်သွယ်မှုကွန်ယက်ကြောင့် နိုင်ငံ တိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ် ကမ္ဘာလုံးနှင့် ပေါင်းစည်းဆက်သွယ် ဆောင်ရွက်ရေး တစ်နေ့တခြား ပိုမို အရေးပါလာပေသည်။

၁၉ ရာစုနှစ် များအလွန် စစ်အေးတိုက်ပွဲ (Cold War) ကာလပြီးဆုံးသည့်အချိန်မှစ၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဇောင်းပေး ဆောင်ရွက်လာခြင်းကြောင့်လည်း ယခင်က ဖွံ့ဖြိုးဆဲအဆင့် (Developing Countries) နိုင်ငံများ သိသာ သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာခဲ့ကြလေသည်။ သိသာထင်ရှား သည့် ပြောင်းလဲမှုမှာ ယခင် စီးပွားရေး အင်အားကြီးအုပ်စု (Group - 7)  နိုင်ငံ များ၏ထုတ်လုပ်မှုများသည်  နှိုင်းယှဉ် အခွင့်အရေးသာသည့် ကမ္ဘာ့ဒေသ အသီးသီးသို့ ပြောင်းရွှေ့ထုတ်လုပ်လာ ကြသောကြောင့် အဆိုပါနိုင်ငံများ၏ ပြည်တွင်းစက်မှု ထုတ်ကုန်၊ ပို့ကုန်များ ကျဆင်းမှုရှိလာခဲ့သည်။ ကမ္ဘာအရပ် ရပ်သို့ ထုတ်လုပ်မှုလုပ်ငန်းများ ပြောင်း လဲထုတ်လုပ်လာခြင်း  (Geographical Dispersion) အပြင် ထုတ်လုပ်မှု အဆင့်များ ပိုမိုများပြားလာမှု (Fractionalization of Production Process) ရှိလာသည်။ သို့ရာတွင် Globalization အကျိုးသက်ရောက်မှုအနေဖြင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများ အသီးသီးပေါ် ထွန်းခဲ့ရာ ယခုဆိုလျှင် စီးပွားရေးအင် အားကြီးနိုင်ငံများ (Group - 20) အဖြစ် ပေါ်ထွန်းလာသလို  BRICS ဟု နာ မည်တွင်သည့်  ဖွံ့ဖြိုးလာသည့် နိုင်ငံ ကြီးများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံနှင့် တောင်အာ ဖရိကနိုင်ငံတို့ ကမ္ဘာ့စီးပွားရေး မျက်နှာ စာ၌ အရေးပါလာကြပေသည်။ ၂၀၀၈ ခုနှစ် အမေရိကန်နိုင်ငံမှ စတင်ခဲ့သော ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်း  (Global Financial Crisis) နောက်ပိုင်း အနောက်အုပ်စု၏ စီးပွားရေးကျဆင်းလာမှု၊ ၂၀၁၁ ခုနှစ် တွင် ဖြစ်ပေါ်ခဲ့သည့် ဥရောပကြွေးမြီ ပြဿနာများကြောင့် အမေရိကနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး နာလန် ထမှု နှေးကွေးနေသည့်အချိန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာပေါ် တွင် စီးပွားရေးတိုးတက်မှုကို ဖော်ပြ သည့် GDP (Gross Domestic Product - စုစုပေါင်း ပြည်တွင်း ထုတ်ကုန်)  တိုးနှုန်း အမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ် ပြီး၊ ဒုတိယမှာ အိန္ဒိယနိုင်ငံဖြစ်ကာ တတိယမှာ တောင်အမေရိက က အာဂျင်တီးနားဖြစ်ပြီး၊ စတုတ္ထအများ ဆုံးမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သော ကြောင့် အာရှဒေသသည် ကမ္ဘာ့စီးပွား ရေးလုပ်ငန်းများအတွက်  အထူးအာရုံ စိုက်လာသည့် ဒေသဖြစ်လာသည်။ အဆိုပါ ၃ နိုင်ငံ၏ တည်ရှိမှုအနေ အထားမှာလည်း သုံးပွင့်ဆိုင် တြိဂံ အနေအထား ဖြစ်သောကြောင့် အာရှ၏ စီးပွားရေး တိုးတက်မှု အလား အလာအကောင်းဆုံး New Golden Triangle ဟု တင်စားခေါ်ဆို လာကြ သည်။ ၁ ဤ (၃) နိုင်ငံစလုံး၏ ဖွံ့ဖြိုး တိုးတက်မှုသည် Export Led Economic Growth Model  ကို အကောင်အထည်ဖော်နိုင်ခဲ့၍ ဖြစ်ပေ သည်။ လက်ရှိ ကမ္ဘာ့စီးပွားရေးအခင်း အကျင်း (Global Economic Scenario)  ကိုကြည့်မည်ဆိုလျှင်လည်း ယခုအခါ အမေရိကန်ပြည်ထောင်စု အနေဖြင့် ယခင်နှေးကွေးသည့် စီးပွား ရေးတိုးတက်မှု (Sluggish Growth Rate)  မှ အသင့်အတင့် စီးပွားရေးတိုး တက်မှု  (Moderate Growth Rate) ရရှိလာသည့်အတွက် ဒေါ်လာ၏ ဈေး နှုန်းနိုင်ငံတကာတွင် ပြန်လည်တက် လာသည်။ တစ်ဖက်တွင်လည်း ယခင် ဆယ်စုနှစ်များက ကမ္ဘာ့စီးပွားရေးတိုး တက်မှု အမြန်ဆုံးရရှိခဲ့သည့် တရုတ်၊ အိန္ဒိယတို့၏ စီးပွားရေးတိုးတက်မှု အနည်းငယ်နှေးကွေးလာသော်လည်း ဥရောပနိုင်ငံများ၏ စီးပွားရေး အခြေ အနေ နာလန်ထရန် အချိန်ယူရဦးမည် ဖြစ်သောကြောင့် အာရှဒေသသည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများ အဓိကဦး တည်သည့်ဒေသ (Global Business Destination Area) အဖြစ် ဆက် လက်ရှိနေဦးမည်သာဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် အဆိုပါ ရွှေတြိဂံသစ် (New Golden Triangle) ၏ အလယ် တည့်တည့်တွင် ကျရောက်သည့်အပြင် လူဦးရေအများဆုံးနိုင်ငံကြီး ၂ နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြား တည်ရှိခြင်း၊ တောင်အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံများ အကြား တည်ရှိ ခြင်း၊ ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean)  နှင့် အိန္ဒိယသမုဒ္ဒရာ(India Ocean) တို့၏ အနီးဆုံးဆက်သွယ်ရာ လမ်းကြောင်းဖြစ်သည့် တည်နေရာ သည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development)  အတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်လာ ပေသည်။ ယခင်က အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်များ၊ ကမ္ဘာ ကြီးနှင့် ပေါင်းစည်းမှု (Global Integration) အားနည်းခဲ့ရသည်။ ၂၀၀၈ ခုနှစ် မတိုင်မီအထိ မြန်မာနိုင်ငံ ရရှိ သော Official Development Assistance (ODA)  တရားဝင်ဖွံ့ဖြိုးမှု အကူအညီသည် လူတစ်ဦးချင်း ၃ ဒေါ်လာခန့်သာရှိသည့်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (Least Developing Countries)  များအနက် ဖွံ့ဖြိုးမှု အကူအညီ အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုအခါ တစ် ကမ္ဘာလုံးနှင့် ဆက်ဆံခွင့် ရရှိလာသလို နိုင်ငံတကာမှပေးသည့် တရားဝင် ဖွံ့ဖြိုးမှုအကူအညီ  (Official Development Assistance – ODA)၊ ပံ့ပိုး မှုများ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပရော့ဂျက် များ ပြန်လည်ရရှိလာပြီ ဖြစ်သည့် အတွက် ဒေသတွင်းဆက်သွယ်သည့် အာရှအရှေ့ - အနောက်လမ်းမ (East - West Corridor)၊တောင်ပိုင်း အရှေ့ - အနောက်လမ်းမ (Southern East - West Corridor)၊ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများ (Greater Mekong Sub – Region) နှင့် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ယူနန်မှ ကျောက်ဖြူလမ်းကြောင်း၊ အိန္ဒိယနိုင်ငံ၏ လက်ရှိကျင့်သုံးနေသည့် အရှေ့ကြည့် (Look East)  မူဝါဒအရ ဖြစ်ထွန်းလာသည့် အိန္ဒိယနှင့် ဆက် သွယ်ရေးလမ်းကြောင်းများစတင် တည် ဆောက်နေပြီဖြစ်သည့်အတွက် အဆိုပါ လမ်းကြောင်းများ ပေါ်ထွန်းလာလျှင် မြန်မာနိုင်ငံသည် အာရှတွင် စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း ပညာရှင်များ က သုံးသပ်ကြသည်။ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကုန်ပစ္စည်းပို့ကုန် (Commodity Export)  သာမက တော့ဘဲ ဝန်ဆောင်မှုပို့ကုန်များ  အထူးထွန်းကားလာရန် ရှိပေသည်။ ဝန်ဆောင်မှုပို့ကုန်လုပ် ငန်းများအနက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊Logistic ဆိုင်ရာ ဝန်ဆောင်မှုလုပ် ငန်းများ၊ ဘဏ္ဍာရေးနှင့် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကျန်းမာရေးနှင့် ပညာ ရေးဆိုင်ရာ ဝန်ဆောင်မှုများစသည် တို့ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ထို့ အတူကုန်စည်ကုန်သွယ်မှုတွင်လည်း ပင်လယ်ရေကြောင်း (Oversea) ကုန် သွယ်မှုတွင် တစ်ကမ္ဘာလုံးနှင့် ကုန်သွယ် မှု ပိုမိုတိုးတက်လာမည်ဖြစ်သလို အိမ်နီးချင်းနိုင်ငံများနှင့် ဒေသဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ထွန်းလာမည်ဖြစ်၍ နိုင်ငံဖြတ် ကျော်ကုန်သွယ်ရေး (Cross Border Trading) ပိုမိုထွန်းကားလာမည် ဖြစ်သည်။ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ကမ္ဘာ့လူဦးရေ အများဆုံး (သို့မဟုတ်) စားသုံးသူအများဆုံးနိုင်ငံကြီးများဖြစ် သည့် တရုတ်နှင့် အိန္ဒိယ အပြန်အလှန် ကုန်သွယ်မှုလုပ်ဆောင်နိုင်တော့ မည်ဖြစ်သည်။ သေချာသည့်အချက်မှာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြုလုပ်မည့် တစ်ဆင့်ခံကုန်သွယ်ရေး (Transit Trade)၊ ပြန်လည်ပို့ကုန်(Re export) ၊ ပြန်လည် သွင်းကုန် (Re export)၊ လုပ်ငန်းများ အထူးထွန်းကားလာတော့ မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆို သော် ယနေ့စင်္ကာပူလုပ်ကိုင်နေသော ဝန်ဆောင်မှုလုပ်ငန်းများအားလုံး မြန်မာအနေဖြင့် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းကောင်းများ ရှိနေပြီဖြစ် သည်။ မကြာမီ ၂၀၁၅ တွင် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ အကောင်အထည်ဖော်တော့မည် ဖြစ်ရာ အာဆီယံနိုင်ငံများတွင် ပို့ကုန် ရော သွင်းကုန်ပါ ပိုမိုဆောင်ရွက်နိုင် တော့မည်ဖြစ်သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ၏ လူဦးရေမှာသန်း ၆၀၀ ရှိပြီး၊ မြန်မာအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို လုပ်ဆောင်နိုင်တော့ မည်ဖြစ်ရာ ၁၀ ဆခန့်မြင့်မားသည့် ဈေးကွက်ရရှိတော့မည်ဖြစ်၍ ပို့ကုန် မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်း ကောင်းများရရှိတော့မည်ဖြစ်သည်။ အဆိုပါ အခွင့်အလမ်းကောင်းများ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး အထူးလိုအပ်နေသည့်အချက်မှာ လက်ရှိ မြန်မာနိုင်ငံသူ^သားများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အဆင့် အပေါ် များစွာမူတည်ပေသည်။ ဒီမိုကရေစီအစိုးရသစ်လက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ စဉ် ဆက်မပြတ် ဆက်တိုက်ဆောင်ရွက် နေသည့်အပြင် ဈေးကွက်စီးပွားရေး စနစ်နှင့် အပြင်ကို ရှုမျှော်သည့် ပေါ်လစီ (Outward Looking Policy)ကို ကျင့်သုံးလာသည့် အ လျောက် ကမ္ဘာ့နိုင်ငံများ၏ အသိအ မှတ်ပြုလာမှုနှင့်အတူ အာရှ၏ ထွန်း တောက်လာမည့် နိုင်ငံအဖြစ် တွက်ဆမှု များရှိနေပြီဖြစ်သည်။ ယခင်က ထား ရှိခဲ့သော စီးပွားရေးပိတ်ဆို့မှုများ အနက် ဥရောပ၏ စီးပွားရေး ပိတ်ဆို့ မှုကို ယခုနှစ် ဇူလိုင်လမှစ၍ ကင်းလွတ် ခွင့်ပြုခဲ့သောကြောင့် ကုန်သွယ်မှု ဆိုင်ရာ အခွန်အကောက်သက်သာခွင့် (Generalized System of Preference – GSP)  ကိုပြန်လည်ရရှိ လာပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံမှ စီးပွား ရေးပိတ်ဆို့မှုများ ကင်းလွတ်ရေးအ တွက် ဆောင်ရွက်မှုများ တစ်နေ့တခြား တိုးတက်လာပြီး၊ အမေရိကန်ပြည် သူများ၏ သဘောထားဆန္ဒတောင်း ခံခြင်း(Public Hearing)၊ မြန်မာ နိုင်ငံမှ ထုတ်လုပ်သည့် ကုန်စည်များ အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ အဓမ္မလုပ်သား ခိုင်းစေမှု (Forced Labour) နှင့် ကလေးလုပ်သား(Child Labour)စသည်တို့နှင့် ပတ်သက်၍လည်း ဖြေ ရှင်းပြီးဖြစ်သောကြောင့် များမကြာမီ စီးပွားရေးပိတ်ဆို့မှုကင်းလွတ်ကာ  GSP အခွင့်အရေးလည်း ပြန်လည်ရရှိတော့ မည်ဖြစ်သည်။ ထို့အတွက် မြန်မာ နိုင်ငံ၏ နိုင်ငံတကာဆက်ဆံမှုသည် ယခင်ကကဲ့သို့ အာရှနိုင်ငံများ အထူး သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်သာ အဓိကဆက်ဆံနေရသည့် အနေအ ထားမှ တစ်ကမ္ဘာလုံးနှင့် ဆက်သွယ် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပေသည်။ ကုန်သွယ်မှုကို ကြည့်လျှင်လည်း အာရှ နိုင်ငံများနှင့်သာ ကုန်သွယ်မှုစနစ်မှ တစ်ကမ္ဘာလုံးနှင့် ကုန်သွယ်မှုစနစ် (South – South Trading to Global Trading) သို့ ပြောင်းလဲလာပြီ ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည့် အတွက်  ကုန်သွယ်မှုကဏ္ဍသည် ကျန် စီးပွားရေးကဏ္ဍများ၏ ဦးဆောင်ကဏ္ဍ (Leading Sector) လည်း ဖြစ်သည်။ ထို့အတွက် ပို့ကုန်ကဏ္ဍ အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်  မဟာဗျူဟာ ချမှတ် လုပ်ဆောင်ရတော့မည်ဖြစ် သည်။ တစ်နည်းဆိုသော် အာရှ၏ဖွံ့ဖြိုး တိုးတက်ခဲ့သော နိုင်ငံများကဲ့သို့ ပို့ကုန် ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export Led Growth Model-ELG) စတင်အကောင်အထည်ဖော်ရန် အချိန် ကျရောက်နေပြီဖြစ်သည်။ နိုင်ငံ၏ တိကျခိုင်မာသော အမျိုးသားဖွံ့ဖြိုးမှု မဟာဗျူဟာ (Concrete National Development Strategy)  အဖြစ်ချ မှတ်ကာ အထူးဇောင်းပေးဖော်ဆောင် သင့်နေပြီဖြစ်သည်။အာရှနိုင်ငံများ၏  ဖွံ့ဖြိုး တိုးတက်မှု အတွေ့အကြုံ အာရှ နိုင်ငံများ၏ ဖွံ့ဖြိုး တိုး တက်မှုများကို သုံးသပ်ကြည့်မည်ဆို လျှင် ပထမဆုံးဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့ပြီး အဏုမြူဗုံးဒဏ်ကြောင့် ပြာပုံ ဘဝသို့ ကျရောက်ခဲ့သော်လည်း အချိန် တိုအတွင်း စီးပွားရေးနာလန်ပြန်လည် ထအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ လိုအပ်သောအရင်းအနှီး၊နည်းပညာနှင့် ဈေးကွက်တို့ ရရှိနိုင်ခြင်းမှတစ်ဆင့် ဂျပန်လူမျိုးတို့၏ ကြိုးစားမှုဇွဲလုံ့လ ဝီရိယရှိမှုနှင့်အတူ တစ်ဦးချင်း၏ လူ့စွမ်း အားအရင်းအမြစ် အရည်အချင်း ရှိမှုတို့ကြောင့်လည်း ဖြစ်ပေသည်။ အမှန်တကယ်မူ ဂျပန်နိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များ မရှိသော် လည်း လူသားအရင်းအမြစ်များဖွံ့ဖြိုးမှု ကြောင့်သာ အာရှ၏ ပထမဆုံး စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဖြစ်လာပေသည်။ ထိုအချိန်က ဂျပန် နိုင်ငံကျင့်သုံးခဲ့သော စီးပွားရေး ဖွံ့ဖြိုး မှုမဟာဗျူဟာသည် ပို့ကုန်ဦးဆောင် သည့် စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export Led Economic Growth Model) ဖြစ်ခဲ့ပြီး၊ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် အကောင်အထည်ဖော်နိုင် ခဲ့သည့်အတွက် ၁၉၅၀ မှ ၁၉၆၀ ခုနှစ် များအတွင်း အာရှ၏ ပထမဆုံး ဖွံ့ဖြိုး တိုးတက်လာသည့် နိုင်ငံဖြစ်လာပေ သည်။ အလားတူ ဥရောပတွင်လည်း အဆိုပါကာလအတွင်း လျှင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော် ဆောင်နိုင်ခဲ့သည့် အနောက်ဂျာမဏီ နိုင်ငံသည်လည်း ဤဖွံ့ဖြိုးမှုပုံစံကို  ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၇၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်များအတွင်း အာရှ၏ ကျား ၄ ကောင်ဟု အမည် တွင်သည့် တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနိုင်ငံတို့သည် လည်း သဘာ၀ အရင်းအမြစ်မရှိသော် လည်း လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အပေါ် အခြေခံပြီး (Export Led Economic Growth Model) အရပင် ဖွံ့ဖြိုးလာခဲ့ကြသည့်အတွက် အာရှ၏ စက်မှုနိုင်ငံသစ်များ (Newly Industrialized Economics – NIEs) ဖြစ်လာခဲ့သည်။ ယခုအခါ စက်မှုနိုင်ငံ ဖြစ်လုနီးနိုင်ငံများ (Second Tier NIEs)  ဖြစ်ကြသည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့သည် လည်း ပို့ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် မှုမှတစ်ဆင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး လာကြပေသည်။ ထို့အတူ ၁၉၉၀ ခုနှစ် များနောက်ပိုင်း ကမ္ဘာပေါ်တွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဖြစ်သော တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ ကွန်မြူနစ်ဝါဒကျင့်သုံးသော်လည်း စီးပွားရေးကိုမူ ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိကလိုအပ်နေသည့် အရင်းအနှီးနှင့် နည်းပညာတို့ ရရှိနိုင် ရေးအတွက် အထူးစီးပွားရေးဇုန်များ(Special Economic Zones) တည် ထောင်ခြင်း၊  နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment - FDI) လုပ်ငန်းများကို နိုင်ငံသားများပိုင် လုပ်ငန်းများနှင့် ဖက် စပ်လုပ်ကိုင်စေခြင်းတို့ဖြင့် ပြည်တွင်း လုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုး တိုးတက်လာကြပေသည်။ ထိုအချိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက် သို့ ထိုးဖောက်နိုင်ရန်အတွက် အထူး အခွန်သက်သာခွင့်များအသုံးပြုလျက် တရုတ်နိုင်ငံ၏ပို့ကုန်များ ကမ္ဘာ့ဈေး ကွက်အသီးသီး၌ ဈေးနှုန်းသက်သက် သာသာဖြင့် ဝင်ရောက်နိုင်ခြင်း၊ ထုတ် ကုန်အရည်အသွေးကိုလည်း နိုင်ငံ တကာ အဆင့်အတန်းနှင့် ကိုက်ညီ အောင် မြှင့်တင်နိုင်ခြင်းတို့ကြောင့် ပို့ကုန်လုပ်ငန်းများ အထူးသဖြင့် အ ထည်အလိပ်ပို့ကုန်များ တမဟုတ်ချင်း ထွန်းကားလာပြီး အခြားသော ပို့ကုန် ဦးစားပေး စက်မှုလုပ်ငန်းများပါ တိုး တက်စေခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အထည်အလိပ်ကဏ္ဍသည် ဦးဆောင်ကဏ္ဍဖြစ်ခဲ့ပြီး၊ ၎င်းကဏ္ဍ ဖွံ့ဖြိုးမှုသည် အခြားကဏ္ဍများ၏ တိုးတက်မှုကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့ ခြင်း ဖြစ်သည်။ စီးပွားရေးသီအိုရီအရမူ ဖိတ်လျှံအကျိုးသက်ရောက်မှု (Spill Over Effect) ကြောင့်ဖြစ်သည်။ ပို့ကုန် နှင့် ဆက်စပ်နေသည့် လုပ်ငန်းများ၊ လုပ်အားစူးစိုက်သုံးလုပ်ငန်းများ (Labour Intensive Industries) ထွန်းကားလာမှုကြောင့် အလုပ်အကိုင် သစ်များ သိသိသာသာတိုးချဲ့လာမှုမှ တစ်ဆင့် ကျေးလက်နေသူများ အပါအ ဝင် ပြည်သူများ အလုပ်အကိုင်ရရှိလာ ကြသည်။ ထို့အတွက် တရုတ်နိုင်ငံ၏ တိုးတက်မှုသည် အများပါဝင်ခံစားနိုင် သည့် တိုးတက်မှု (Inclusive Growth) ဖြစ်၍  ဆင်းရဲမှုလျှော့ချရေး နှင့် ကျေးလက်ဖွံ့ဖြိုးမှုပါ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူ အိန္ဒိယနိုင်ငံသည် လည်း ယခင်သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းထွန်းကားရေး ပေါ်လစီမှ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများ ထွန်းကားရေးပေါ်လစီကို  ပြောင်းလဲ ခဲ့သည့် ၁၉၉၀ ခုနှစ်များနောက်ပိုင်း သိသာသောတိုးတက်မှုများ ဖော် ဆောင်နိုင်ခဲ့ပေသည်။ အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတွင် ရတနာပစ္စည်းများ (Jewellery Items) သည် အရေးပါ ဆုံးဖြစ်ပြီး လောလောဆယ်တွင် ရွှေဖြင့် ပြုလုပ်ထားသည့် ရတနာများ အများ ဆုံးဖြစ်သည်။ ၎င်းတို့အနေဖြင့် ရွှေ ကုန်ကြမ်းကို အများဆုံးတင်သွင်းနေ သည့် နိုင်ငံဖြစ်ပြီး ထပ်ဆင့်ပြုပြင် တန်ဖိုးမြှင့်ပြီး ကမ္ဘာ့ဈေးကွက်သို့ ပြန် လည်ရောင်းချနေခြင်းပင်ဖြစ်သည်။ ထို့အပြင် အခြားနိုင်ငံများသို့  ICT အခြေခံဝန်ဆောင်မှုပေးခြင်း တစ်နည်း အားဖြင့် ဝန်ဆောင်မှုဆိုင်ရာ ကုန် သွယ်မှု (Service Trading)သည် လည်း အရေးပါသည့် ပို့ကုန်ဝင်ငွေဖြစ် လာပေသည်။ မည်သို့ပင်ဖြစ်စေ အာရှ အပါအဝင်ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို လေ့လာမည်ဆိုလျှင် ပို့ကုန် ဦးဆောင်သည့် တိုးတက်မှုပုံစံ (ELG) အရသာ ဖွံ့ဖြိုးလာခဲ့ပြီး အဆိုပါ (ELG) ပုံစံသည် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီး များတွင် ကျင့်သုံးနိုင်သလို ဟောင် ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူကဲ့သို့သော နိုင်ငံငယ်လေးများတွင်လည်း ဖော် ဆောင်နိုင်ကြောင်း တွေ့ရပေသည်။ နိုင်ငံ လက်ရှိစီးပွားရေးအခြေအနေ၊ တည်ရှိမှုအနေအထားနှင့် ကမ္ဘာ့စီးပွား ရေးအခြေအနေပေါ် မူတည်ပြီး လိုက် လျောညီထွေရှိမည့် (ELG) ကို ဖော် ဆောင်ရမည်သာဖြစ်ပေသည်။အခြေအနေကောင်းနှင့် အချိန်အခါ ကောင်း လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားလာမှုနှင့် အာရှ၏ တိုးတက် မှုအလားအလာအကောင်း ဆုံးနိုင်ငံအ ဖြစ် အသိအမှတ်ပြုလာမှုတို့ကြောင့် လက်ရှိ အခြေအနေတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာမှုတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ယခုအ ခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှုအ တွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်း၏ အတွေ့ အကြုံအရ ဤအခွင့်အရေးသည် တစ် ကြိမ်သာ ရရှိနိုင်သောကြောင့် လက် လွတ်ဆုံးရှုံးမသွားစေရန်နှင့် အကောင်း ဆုံး အသုံးချနိုင်ရန် အထူးအရေးကြီး ပေသည်။ ပို့ကုန်ဦးဆောင်သည့် တိုး တက်မှုပုံစံ (ELG) အကောင်အထည် ဖော်နိုင်ရေးအတွက်  လက်ရှိ စီးပွားရေး(Economy)၊ ကုန်သွယ်ရေး၊ နိုင်ငံ အဆင့် စီးပွားရေးတည်ငြိမ်မှု အခြေအ နေ (Macro Economic Stability)၊ ထုတ်လုပ်မှုအင်အားစုများ ပိုင်ဆိုင်မှု အခြေအနေ (Factors endowment)၊ ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွား ရေးအခြေအနေ စသည်တို့အပေါ် မူတည်ပြီး လိုက်လျောညီထွေရှိမည့် ပို့ကုန်ဦးဆောင်သည့် ဖွံ့ဖြိုးမှုမဟာ ဗျူဟာကို ချမှတ်ရမည်ဖြစ်သည်။ ယနေ့ အထိမြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် သဘာ၀ သယံဇာတအရင်းအမြစ်နှင့် နှိုင်းယှဉ်စရိတ်အပေါ် မူတည်သည့် နှိုင်းယှဉ်အကျိုးကျေးဇူး (Comparative Advantage) အရသာ လုပ် ဆောင်နေရဆဲဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် နှစ်ပေါင်းများစွာ တံခါးပိတ် ဝါဒကြောင့် ပြင်ပကမ္ဘာနှင့် ကင်းကွာ ခဲ့ရသည့် (Isolated Country) ဖြစ်ခဲ့ ရမှုကြောင့်လည်း ယခုထိထုတ်ယူမသုံး စွဲရသေးသော သယံဇာတအရင်းအမြစ် များ (Untapped Natural Resources)  မြေပေါ်မြေအောက်တွင် များစွာ ရှိနေသေးပေသည်။ ကမ္ဘာ့ဈေး ကွက်ပွင့်လာမှုကြောင့် လက်ရှိထုတ်လုပ် နေသော စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ မွေးမြူရေး၊ သတ္တု၊ စွမ်းအင်၊ စက်မှု လက်မှု စသည့်ထုတ်လုပ်မှုလုပ်ငန်း အားလုံး ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက် ပြီး ဝယ်လိုအားရှိသည့် ကုန်စည်များကို အရည်အသွေးမှီစွာ ထုတ်လုပ်နိုင်မည် ဆိုလျှင် ကြီးမားသည့်ဈေးကွက်ကို ရရှိနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ယနေ့တရုတ်နှင့် အိန္ဒိယနိုင်ငံများ တင်သွင်းနေသည့် လယ်ယာကုန်စည် များကို အခြားဝေးလံသည့် နိုင်ငံများမှ တင်သွင်းနေဆဲပင်ဖြစ်သည်။ဆိုလို သည်မှာ မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင် ရေးအတွက်ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင် မှု စွမ်းအား (Competitiveness) မြှင့် တင်နိုင်ရေး အထူး လိုအပ်ပေသည်။ ယှဉ်ပြိုင်နိုင်မှု စွမ်းအားဟုဆိုရာတွင် ယေဘူယျအားဖြင့် ဈေးနှုန်း၊ အရည် အသွေး၊ ဈေးကွက်ရရှိမှု စသည်တို့ အပေါ် မူတည်သတ်မှတ်လေ့ရှိသည်။ ဈေးနှုန်းအရ ယှဉ်ပြိုင်ခြင်းတွင် အရည် အသွေးတူ၊  Grade  တူသည့် ကုန်စည် များအကြား နှိုင်းယှဉ် ဈေးနှုန်းချိုသာမှ ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်းအားရှိမည် ဖြစ်သည်။ ထိုနည်းတူသတ်မှတ်ထား သည့် အရည်အသွေး၊ စံချိန်စံညွှန်း သည်လည်း မရှိမဖြစ်လိုအပ်သည့် အလျောက် ပြိုင်ဆိုင်မှုပြင်းထန်သည့် လက်ရှိ နိုင်ငံတကာ ဈေးကွက်ဝင် ရောက်နိုင်ရေးအတွက် အထူးအလေး ထားရမည့်အချက်ဖြစ်သည်။ တစ်ဆက် တည်းမှာပင် ပို့ကုန်တိုးချဲ့နိုင်ရေး အဓိက လိုအပ်ချက်မှာ ဈေးကွက်ရရှိနိုင်မှု (Access to Market) ပင်ဖြစ်သည်။ ယခင်က အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှု (Economic Sanction) ကြောင့် မြန်မာအနေဖြင့် အာရှနိုင်ငံ များနှင့်သာ အဓိကကုန်သွယ်နိုင်ခဲ့၍ ဈေးကွက်ရရှိမှု အနည်းငယ်သာရှိခဲ့ပြီး မှီခိုမှုများသောကြောင့် ပို့ကုန်ရငွေ မတည်ငြိမ်မှုလည်းပိုများခဲ့သည်။ ယခု အခါမူ ကမ္ဘာလုံးနှင့် ပြန်လည်ကုန်သွယ် နိုင်ပြီဖြစ်၍ ပို့ကုန်တိုးမြှင့်ရေး အခွင့် အလမ်းများမှာ ရှိလာပြီဖြစ်သည်။ ထို့အတွက် လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပို့ကုန်ဖွံ့ဖြိုးရေး အပေါ် အခြေခံဖွံ့ဖြိုးမှုမဟာဗျူဟာ (Development Strategy)  ကိုချမှတ် လုပ်ဆောင်ရန် အချိန်ကောင်း အခြေ အနေကောင်းများရှိနေပြီဖြစ်ပေသည်။ အာရှ၏ ဖွံ့ဖြိုးပြီး နိုင်ငံများ ဖော် ဆောင်ခဲ့သည့် ပို့ကုန်ဦးဆောင်သည့် စီးပွားရေးတိုးတက်မှုပုံစံ (Export Led Economic Growth Model) ကို ယခု အချိန်တွင် စတင်ဆောင်ရွက်ရန် လို နေပြီဖြစ်သည်။