ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ်ရဲ့ ဇန်နဝါရီလကုန်တော့မှာဖြစ်ပါတယ်။ ပြောချင်တာက စိုက်ပျိုးထုတ်လုပ်ထား တဲ့ သီးနှံအတော်များများ ထွက်ရှိသလို ဈေးကွက်ပေါ်မှာလည်း တင်ဆက်ကပြ အသုံးတော်ခံနေကြပြီ ဖြစ်ပါတယ်။ အဲဒီထဲက အခြားသီးနှံတွေ အကြောင်း တော့ထားပါ။ ကိုယ့်အကြောင်းကိုပဲ ပြောချင်တာပါ။
ကျုပ်ဆိုတဲ့အမျိုးက ကိုယ်တတ်နိုင်တဲ့ စွမ်းအားနဲ့ စိုက်ပျိုး ထုတ်လုပ်သူ ရောင်းဝယ်ဖောက်ကား သူတွေကို အမျိုးမျိုးနဲ့ အကျိုးပြုပါ တယ်။ ကျုပ်တို့ဒေသမှာ ၂ နှစ်ဆက် တိုက် မိုးလယ်ညံ့ခဲ့ပါတယ်။ ကျုပ်ဆိုရင် အပင်တစ်ထွာတစ်မိုက်နဲ့ ရာသီဥတု မိုးခေါင်တဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီးတောင့် ထားပါတယ်။ မိုးနံ့လေးရလို့ ကတော့ ကျုပ်မှာ ခွန်အားတွေပြည့်လာပြီး၊ ကိုယ့် ကိုအားကိုးတဲ့ တောင်သူတွေအတွက် အင်တိုက်အားတိုက် ကုန်းကျုံးပြီး အား မွေး၊မိုးရေတစ်ပေါက်နှစ်ပေါက်၊သောက် သုံးရလို့ကတော့ဗျာရှိတဲ့စွမ်းအားအပြည့် နဲ့ ကြီးထွားဖူးပွင့်ဝေဆာ အစေ့အဆန်ရ အောင် ကျုပ်ကြိုးစားခဲ့တာပဲ။ နှစ်စဉ် ဖြစ်နိုင်တဲ့ အခြေအနေရှိတဲ့ ခွန်အားနဲ့ ကြိုးစား အားထုတ်ခဲ့ကြတာ အများ အသိပါဗျာ။ ကျုပ် အကြောင်းလေးကို ပြည့်ပြည့်စုံစုံလေးပြောပါရစေ။"ကိုယ့် ကိုယ်ကိုဖော် မသူတော်'' လို့ ပြောလည်း ခံပါ့မယ်။ ကျုပ်လဲ ပုထုဇဉ်မျိုးထဲကကိုး ဗျာ။ ကျုပ်ကိုစိုက်တဲ့ တောင်သူတွေ၊ ကျုပ်အတွက် အများကြီး ကုန်ကျမှု မရှိ ပါဘူး။ ဘာလို့လဲဆိုတော့ကျုပ်က သီးနှံ ထဲမှ သီးညှပ်စိုက်တဲ့သီးနှံမျိုးကိုဗျ။ မြေပဲ ခင်း၊ နှမ်းခင်း၊ ပဲတီစိမ်းခင်းထဲမှာ ညှပ် စိုက်တာဆိုတော့ ကျုပ်အတွက် ထွန်ခ၊ ယက်ခ၊ ပေါင်းသင်းခ၊ သွင်းအားစုဆိုတဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာဆိုတာ တွေထူးမကုန်ပါဘူး။ကျုပ်ရဲဘော်ရဲဘက် အသီးအနှံတွေ ကျွေးရင်းနဲ့" ကျွဲကူးရေ ပါ''ဆိုသလို ကျုပ်ပါရောစားရတာ ဆိုတော့ ကျုပ်အတွက်အထူးမကုန်ဘူး လို့ပြောရင် ရမယ်ထင်ပါတယ်။ ထပ်ကြွားလိုက်ဦးမယ်၊ ကျုပ်ကသူ တို့ထက်သက်တမ်းရင့်ပြီး၊ ဒဏ်တောင်ပို ခံနိုင်ပါတယ်။အစကပြောခဲ့သလိုအင်နဲ့ အားနဲ့ စောင့်နိုင်ပါတယ်လို့။ ကျုပ်ကို ဇွန်၊ ဇူလိုင်လမှာရာသီကြည့်လို့ စိုက်ကြ တယ်။ဒီဇင်ဘာနောက်ဆုံးပတ်ကစပေါ် ပြီး၊ဇန်နဝါရီလမှာဖြိုင်ဖြိုင်ပေါ်တဲ့ အမျိုး ကိုးဗျာ။ ဒီနှစ်တော့ရာသီကနောက်ကျ လို့ ပေါ်သင့်သလောက်လဲပေါ်၊ ထွက် သင့်သလောက်ထွက်ပြီး၊ ဈေးကွက်မှာ ရောက်နေပေမဲ့ တချို့ဒေသတွေမှာ ခုချိန်မှ ပွင့်တုန်းလို့ ကျုပ်တို့အချင်းချင်း သတင်းပေးကြတယ်ဗျ။ကဲ ကြည့် ... ကျုပ်တို့မျိုးနွယ်စုဟာ ပြည်သူကို အကျိုး ပြုတဲ့နေရာမှာ ရာသီဥတုကိုစောင့်ပြီး၊ ကိုယ် မွေးဖွားသန့်စင် ချိန်လွန်နေတာ တောင် စောင့်ပြီး၊ အကျိုးပြုပါတယ်ဗျ။ ကဲ ဒီနှစ်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို ပြန်ကြည့်ရအောင်ပါ။ ဈေးကွက်မှာ ကျုပ်ကိုစဖော်တဲ့ ဈေးနှုန်း က တစ်တင်း ၁၇၁၀၀ ကျပ်က စတယ် ဗျာ။ အခုအချိန်ထိ အမြင့်ဆုံး ၁၉၂၀၀ ကျပ်ရောက်ပြီး၊ ၁၈၆၀၀ ကျပ်ဈေးနဲ့ ဇန်နဝါရီလ ခုချိန်ထိ အရောင်းအဝယ် ဖြစ်နေတာဗျာ။ ကြားထဲမှာ အရင်နှစ်က အကျန်အဟောင်းဆိုပြီး၊ဈေးတစ်ခုထပ် ဖွင့်သေးသဗျာ။ ဘာတဲ့ တစ်တင်း ၁၆၃၀၀ ကျပ် -၁၆၄၀၀ ကျပ် -၁၆၅၀၀ ကျပ်ဆိုတာသိနေရပါတယ်။ တယ်ခက် တာဘဲဗျာ။ ကျုပ်တောင် ဒီနှစ်အတွက် ပြည်သူတွေက အသစ်တစ်ဖန်စိုက်ပျိုး မွေးဖွားထွက်ရှိနေပြီး၊အရင်နှစ်က လက်ကျန်ဘာလို့ချန်ထားသေးလဲ။ တယ်ခက်တဲ့ လူတွေပဲဗျာ။ ဘယ်လို .. နိုင်ငံခြားက အဝယ်မလိုက်လို့ ကျန် တာ၊ ခင်ဗျားတို့ ဆင်ခြေမပေးနဲ့ဗျာ။ နိုင်ငံခြား အဝယ်မလိုက်လို့ဆိုတာ မဖြစ် နိုင်ပါဘူး။ဘယ့်နှယ်ဗျာကျုပ်အကြောင်း ကျုပ်အသိဆုံး၊ ကျုပ်ကိုကိုယ့်နိုင်ငံထဲမှာ စိုက်တယ်ထွက်လာတဲ့အသီးအနှံ အစေ့ အဆန်ကိုကိုယ့်နိုင်ငံလူမျိုးတွေမစားတတ် ကြပါဘူး။ဘာတဲ့....ကိုယ်ရောင်းတဲ့ လူတွေလောက်ပဲ။ ပဲရော်ဘဝမှာ ကျုပ် ကိုပြုတ်စားတာလောက်ပဲ ရှိတာပါ။ တစ်ခေတ်တစ်ခါက ကျုပ်ကို တိရစ္ဆာန် တွေဖြစ်တဲ့ မြင်းစာအဖြစ် အသုံးပြုကြ တာလေ...။အင်း ... ပြန်စဉ်းစား ကြည့်ရင် ကျုပ်ဘဝက ရင်နာစရာပါ ဗျာ ...။ ကိုယ့် ပြည်တွင်းမှာ စိုက်ပျိုး ထုတ်လုပ်၊ ထွက်ရှိတော့ ပြည်တွင်းမှာ မစားတတ်ကြဘူး။ ထပ်ကြွားရင် ကြွား လိုက်လို့ ရပါသေးတယ်။ ကြွားပါရ စေဦး။ နိုင်ငံခြားကို ဥလနမျနေ နဲ့ သွား ရတာဗျာ။ ကျုပ်သွားတဲ့ နိုင်ငံလား ..။ လူဦးရေတွေ အများကြီးရှိတဲ့ အိမ်နီး ချင်းနိုင်ငံပေါ့ဗျာ။သူ့နိုင်ငံလူဦးရေနဲ့ထွက် ရှိတဲ့ကျုပ်တို့ မျိုးနွယ်စု သီးနှံမလောက်ငှ လို့ နှစ်စဉ်ဝယ်နေတဲ့ နိုင်ငံလေ။ ဘာ ...ဒီစာရင်းဇယားတွေ ဘယ်ကသိ လဲ။ သိချင်ရင် ဖောက်သည်ချလိုက်ပါ မယ်။ စီးပွားရေး အောင်မြင်ရန် သတင်း အချက်အလက်ကို အခြေခံ ဆိုတဲ့ ဆောင်ပုဒ်နဲ့ထွက်ရှိနေတဲ့ Commerce Journal ထဲမှာ အပြည့်အစုံပါတယ်။ တယ် ... ဗဟုသုတနည်းတဲ့လူတွေ ပဲ။ အဲဒီ့ ဂျာနယ်ထဲမှာ နှစ်စဉ်တင်ပြတဲ့ အမြဲတမ်း အဲဒီနိုင်ငံက ကျုပ်ကို လိုချင် တယ်။ ဝယ်ချင်ပါတယ်။ ဝယ်လည်း ဝယ်နေတာပဲ။ ဒါကို ခင်ဗျားတို့က နိုင်ငံခြားက မဝယ်ဘူးလို့ ဆင်ခြေပေး နေကြတာ။ ကိုယ့်လောဘနဲ့ကိုယ် အဲဒီ့နိုင်ငံမှာ မိုးခေါင်ရေကြီး ငလျင်လှုပ်၊ မြေပြို ပဲ မထွက်ဘူး။ ဒါဆိုရင် ဝယ်ကြ မှာပဲ။ ဒီတော့ ဈေးကိုင်ထားမယ်။ စောင့်ရောင်းမယ်။ လုပ်ခဲ့ကြဘူးတယ်။ တစ်ခေတ် တစ်နှစ်တော့ ကျုပ်ခေတ် ဖြစ်ခဲ့တော့ ဒီအရသာစောင့်ပြီး မရောင်းကြဘူး။ လောဘဦးစီးကြတာ ကိုးဗျာ။ ခုတော့ အဲဒီနိုင်ငံကလည်း ဝယ်ယူပုံ၊ စားသုံးပုံ၊ စိုက်ပျိုးပုံအဆင့် ဆင့်ပြောင်းလဲလုပ်ကိုင်နေတာကို သတိ မထားကြဘဲ အရင် တစ်ခေတ် တစ် နှစ်ကလို ဖြစ်လေမလား ... မျှော်လင့်ချက် တစ်ခွဲသားနဲ့ ကိုင် ထား ကြတာ။ ကျုပ်မသိဘဲ နေမလားဗျာ..။ ဒီလောက်ထိသိနေတဲ့ကျုပ်ကို နိုင်ငံခြား မဝယ်လို့ လက်ကျန်များတယ် ဆိုတဲ့ ဆင်ခြေ မပေးပါနဲ့ဗျာ။ ဒီဆင်ခြေကို သိနေတဲ့ ကျုပ်က ပြောချင်တယ်။ "ရီ လိုက်ရတာ ဖတ်ဖတ်မော ရင်ဘက် နောက်ကကျော '' လို့ ဘာပဲပြောပြော ကျုပ်ကို လောဘဦးမစီးဘဲ ဖြစ်သင့် ဖြစ်ထိုက်တဲ့ထိုက်သင့်တဲ့ အကျိုးအမြတ် နဲ့ လောဘသတ် ရောင်းကြဝယ်ကြရင် စိုက်ပျိုးထုတ်လုပ်သူမှရောင်းဝယ်ဖောက် ကားသူအလယ် တိုင်းပြည်ဝင်ငွေ အဆုံးအကျိုးရှိကြမှာမလွဲပါဘူး .. .။ ခုတော့ဒီလိုမဟုတ်ပါဘူး။ကိုယ့်လောဘ နဲ့ ကိုယ်၊ ဆုတ်ကြ ကိုင်ကြ၊ ဆွဲတင် ဆွဲချလုပ်နေကြတာကိုး ...။ သိနေရ တော့ ကျုပ်ရင်နာမဆုံးပါဘူး။ ဘာတဲ့ .အရောင်းအဝယ်လောက ကပြောကြ သေးတယ်။" ပဲစိတ်ကုန်'' လို့ " ပဲမာ အသဲနာတယ်" လို့ဒီလိုဆိုကျုပ်ကလည်း ပြောလိုက်ချင်တယ်။ စိတ်မကုန်အောင် ဈေးနှုန်းကို လက်ကုန်မနှိုက်ပါနဲ့ အသဲ မနာရအောင်မလွဲသာသည်အထိမကိုင် ကြပါနဲ့လို့ ပြောပါရစေ။ ဒါဆိုရင် ကျုပ် ဘယ်သူလဲဆိုတာ သိကြပြီလား ... ဟင် ဒါတောင် မသိကြသေးဘူးလား ....။ခင်ဗျားတို့ တော်တော်ပိန်းတာ ပဲနော်။ သွယ်ဝိုက် ပြောနေတာမှ မသိရင် ကျုပ်တိုက်ရိုက်ပြောပါမယ်။ ဒါပေမယ့်ကျုပ်လဲခေတ်မီမီ ကမ္ဘာကြည့် ကြည့် မြင်နေရတော့ ခေတ်နဲ့အညီ ဘာတဲ့ ခုခေတ်လူငယ်တွေ ဆိုဆိုနေတဲ့ ဟစ်ဟောပ်ဆိုလား ..ဘာဆိုလား အဲသလိုပြောရရင် ကျွန်တော့်နာမည် ပဲစင်းငုံအညာဒေသမှာ ပေါက်ပါတယ်။ စိုက်သူ၊ ရောင်းသူ အကျိုးပြုတယ်။ ဆုပ် တယ် ဆွဲတယ် လှုပ်ကိုင်တယ် .. ။ရောင်းသူ ပြုသမျှခံရတယ်။ နာမည် ပျက်တော့ ကျုပ်ပဲပျက်တယ်။ ဒါပေမဲ့ သီးနှံသစ္စာရှိပါတယ်။ ကျွန်တော့်နံမည် ပဲစင်းငုံ၊ ဟစ်ဟောပ့်ကျွန်တော် ပဲစင်းငုံ .....။