Main menu

Background

ငြိမ်းချမ်းရေး အားမျှခြေ နှင့် ရေရှည် အမျိုးသား အကျိုးစီးပွား

Thu, 03/13/2014 - 12:06 -- ydnar

သတင်းကောင်း နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်တွင် ၂၇-၂-၂၀၁၄ ရက်နေ့မှ ၂၈-၂-၂၀၁၄ ရက်နေ့အထိနှစ်ရက်တာ ကျင်းပ ပြုလုပ်ခဲ့သည့် အပစ်အခတ် စောင့်ကြည့်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စာရေးသူ တက်ရောက်ခွင့်ရရှိခဲ့သည်။ မကြာ တော့မည့် အချိန်ကာလတစ်ခုတွင် နိုင်ငံတော်အစိုးရ(ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူ ညီချက်ကို လက်မှတ်ရေးထိုးကြတော့မည်ဟု သိရသည်။

ငြိမ်း ချမ်းရေးကိုချစ်မြတ်နိုးသော၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလိုလား သောစိတ်ဆန္ဒရှိသူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာသတင်း ကောင်းအဖြစ်လက်ခံကြလိမ့်မည်မှာ သေချာသည်။ ယခု အလုပ်ရုံဆွေးနွေးပွဲသည် လက်မှတ် ရေးထိုးပြီးနောက်ပိုင်း နှစ်ဖက်အဖွဲ့အစည်းရှိလက်နက်ကိုင် တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှုများလျှော့ချနိုင်စေရန်၊ တိုက်ပွဲများ ထပ်မံ မဖြစ် ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်ပေးခြင်းတို့ကို အ ကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အထောက်အကူရရှိစေ ရန် ရည်ရွယ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူများ နှင့် အပစ် အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးပံ့ပိုးဆောင် ရွက်နေကြသောအဖွဲ့များ၊ဆက်စပ်ပတ်သက်လုပ်ကိုင်ဆောင် ရွက်ရမည့် အစိုးရအေဂျင်စီများမှ ပုဂ္ဂိုလ်များကြားအိုင်ဒီယာ များ အယူအဆများ၊ အတွေ့အကြုံများ ဖလှယ်ဆွေးနွေးကြ ခြင်း ဖြစ်သည်။
 
အရေးပါဆုံး၊ အခက်အခဲဆုံး လက်နက်ကိုင် တိုက်ခိုက်နေကြသည့် အခြေအနေမှ အေးချမ်းသာယာသည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာစေ ရန်ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ်တည်ဆောက်ခြင်းသည် အလွန် ခက်ခဲသကဲ့သို့ အလွန်အရေးကြီးသော လိုအပ်ချက် တစ်ရပ် လည်း ဖြစ်သည်။ ထို့ကြောင့်ခက် ခဲလွန်းသည့်တိုင် မဖြစ်မနေ လုပ်ဆောင်ရမည့်အဓိကသော့ချက်ဖြစ်သည်ဟု ဆိုရမည်။ထိုသို့အလွန့် အလွန်အရေးကြီးဆုံးသော ဖြစ်စဉ်အတွက် ကနဦးဖန်တီးရမည့် အခြေခံအုတ်မြစ်မှာ အပစ်အခတ် ရပ်စဲ ရေးဖြစ်သည်။ ထို့ကြောင့် အပစ်အခတ် ရပ်စဲရေးသည် ပြည် တွင်းငြိမ်းချမ်းရေးကိုတိုက်ရိုက်သက်ရောက်မှုရှိစေသည့် အဓိက အကျဆုံးသောအခြေအနေတစ်ရပ်ဟု သုံးသပ်ရမည်။ အပစ် အခတ်ရပ်စဲနိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက် ရောက်မှုများကို ဆက်လက်စဉ်းစားကြည့်ပါက ငြိမ်းချမ်းရေး တည်ဆောက်နိုင်စွမ်းရှိမှုမှ တစ်ဆင့် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များပါ ဖြစ်ထွန်းလာ နိုင်သည်ကို မှန်းဆနိုင်ပါလိမ့်မည်။ ထို့ကြောင့် အကျိုးဆက် များကို အလေးအနက်ထား စဉ်းစား၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည်။ ငြိမ်းချမ်းရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် အရေးပေါင်းများ စွာအတွက် အထောက်အကူ များစွာပြုသည်။ ဘာသာဓလေ့ စရိုက်မတူ ကွဲပြားခြားနားပြီး ကာလကြာမြင့်စွာကပင် ဤရေ ဤမြေပေါ်၌ ဘ၀ ရပ်တည်နိုင်ရေး    အတွက် အတူ တကွ မှီခိုခဲ့ကြသော တိုင်းရင်းသား မျိုးကွဲ များ စွာရှိသည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု သည် အခြား လူ့အဖွဲ့အစည်း များထက် ပိုမိုအရေးပါသည်။ ထို့ အတူ အကောင်အထည် ဖော်နိုင် ရေးမှာလည်း အခြားလူ့အဖွဲ့အစည်း များထက် များစွာ ခက်ခဲမှုများ ရှိနေ လိမ့်မည်မှာ အသေအချာပင် ဖြစ် သည်။ အရေးအရာပေါင်းစုံ ကမ္ဘာ အနှံ့ ကျယ်ပြန့်စွာလျင်လျင်မြန်မြန် ဆက် စပ်ဖြစ်ပေါ်နေသော ဂလိုဘယ်လိုက် ဇေးရှင်းဖြစ်စဉ်ထဲတွင် အခြား လူ့အဖွဲ့အစည်းများနည်းတူ မြန်မာ့ လူ့အဖွဲ့ အစည်း တစ်ရပ်လုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည် ရရှိ ခံစားနိုင်ရေး အတွက်ထိုအရာကိုမဖြစ်မနေတည်ဆောက်ရ မည်ဟု သံန္နိဋ္ဌာန်ချထားရမည်။ ထိုအချက်ကိုသာ လုပ် ဆောင်နိုင်ခဲ့ပါက အခြားသော အကျိုးစီးပွားများကိုပါ တစ် နွယ်ငင် တစ်စင်ပါ လွယ်လင့်တကူ ရရှိလာနိုင်ပေမည်။အခြေ အနေ မည်သို့ဖြစ်နေစေကာမူ အခက်အခဲမည် မျှရှိနေစေကာ မူ မြန်မာ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ယခုပစ္စုပ္ပန်အကျိုး စီးပွားသာမက နောင်အနာဂတ် မျိုးဆက်သစ်တို့၏ အကျိုး စီးပွား အတွက် ထုထည်ကြီးမားစွာဖြင့် ငြိမ်းချမ်းရေး ဗိမာန် ကြီးကို တည်ဆောက်ရန်သာ ရှိတော့သည်။
အလိုချင်ဆုံးငြိမ်းချမ်းရေးအားမျှခြေ သက်ဆိုင်ရာဒေသ အသီးသီးရှိ တိုင်းရင်းသားလက်နက် ကိုင် အင်အားစုများနှင့် လက်ရှိနိုင်ငံတော်အစိုးရတို့အ ကြား နှစ်ဖက်နားလည်မှုကို ခြေခြေမြစ်မြစ် တည်ဆောက်ပြီးရရှိလာ သော သဘောတူညီမှုများကို အခြေခံ၍ အပစ်အခတ် ရပ်စဲ ရေးကို အလျင်အမြန်စတင် အကောင်အထည်ဖော်ပြီ ဖြစ် သည်။ ထိုရလဒ်မှတစ်ဆင့် ငြိမ်းချမ်းမှု၊ ချစ်ကြည်မှု၊ ရင်းနှီးမှု စသည့် အမြင်ကျယ်၊ သဘောထားကြီးမှုကိုပြသနိုင်သော အခြေအနေကောင်းများ အဆက်မပြတ်တည် ဆောက်နိုင်ခဲ့ ပါက မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရေရှည်ခိုင်မာ သော အကျိုးစီးပွားကို တည်ဆောက်နိုင်တော့မည်ဟု မြေကြီး လက်ခတ်မလွဲ ဆိုရပေတော့မည်။ နှစ်ဖက်၊ နှစ်ဖွဲ့စသဖြင့် အင်အား စုနှစ်ရပ်ဖြင့် ရင်ဆိုင် ဖြေရှင်းရန်လိုသည့် အခြေအနေတစ်ရပ်တွင် အားမျှခြေဟု နှစ်ဖက်လက်ခံနိုင်သည့်အခြေအနေ တစ်ရပ်ကို ဖန်တီးနိုင်မှ သာ ရည်မှန်းထားသည်ကို သက်ဝင်လှုပ်ရှားနိုင်စွမ်း ရှိပြီး ရည်ရွယ်ထားသော ပန်းတိုင်သို့ ဆက်လက် ဦးသွားနိုင်ပေ လိမ့်မည်။ အကယ်၍ အားမျှခြေ အခြေအနေ တစ်ရပ် ရရှိခဲ့ ပါကလည်းကာလရှည်ခိုင်ခန့်သော၊ တည်တံ့သော အားမျှခြေ ဖြစ်လာနိုင်စေရန် အားထုတ်ကြရမည်။ ထို့ကြောင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး အားမျှခြေသည် မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်းရှိ အရေးအရာပေါင်းများစွာပေါ်တွင် စွမ်း ဆောင်ရည်ရှိရှိ၊ ထိထိရောက်ရောက် သက်ရောက်မှု ရှိလာစေ မည်ဖြစ်သည်။ စီးပွားရေးဘာသာရပ်တွင် အားမျှခြေအခြေ အနေ၌ ဈေးကွက်အတွင်း ဈေးကွက်အင်အားစုများ စွမ်း ဆောင်ရည်ရှိရှိလည်ပတ်နိုင်ပြီး စီးပွားရေး အဆောက်အအုံ အတွင်းရှိ အခြားသော စီးပွားရေးလုပ်ဆောင်ချက် များဖြစ် သည့် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ စားသုံးမှု၊စုဆောင်းမှု၊ ကုန် သွယ်မှုများကိုပါ ထိရောက်စွာ သက်ရောက်မှုများ ရှိလာနိုင် သည်။ထိုကဲ့သိ့ုပင် တည်ငြိမ်မှုရှိသော ငြိမ်းချမ်းရေးအားမျှခြေ သည်လည်းမြန်မာ တစ်မျိုးသားလုံး၏ ကာလရှည် အမျိုးသား အကျိုးစီးပွားရေး ဖြစ်ထွန်းလာစေရေး လုပ်ဆောင်မှု များ အပေါ်တွင် စွမ်းဆောင်ရည်ရှိရှိ သက်ရောက်၍ ရလဒ် ကောင်းများ ဖန်တီးနိုင်ပေလိမ့်မည်။
ငြိမ်းချမ်းရေးက ဖန်တီးနိုင်သော အကျိုး စီးပွား မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တောင်ပေါ် မြေပြန့် နေရာအနှံ့သည် မြေပေါ်မြေအောက် သဘာ၀ သယံ ဇာတများဖြင့် ပြည့်ဝနေဆဲဖြစ်သည်။ သို့သော် နိုင်ငံတော် အစိုးရနှင့် ဒေသခံ တိုင်းရင်းသားလူမျိုးများအကြား မပြေ လည်မှုများ၊ ပဋိပက္ခများကြောင့် ထိုသယံဇာတများကို နိုင်ငံ တော် နှင့် ဒေသခံတိုင်းရင်းသားများအကျိုးအတွက် ထိရောက် စွာ အသုံးချနိုင်ခွင့် မရကြပေ။ ဖြစ်ပေါ်ခဲ့၊  ဖြစ်ပေါ်ဆဲ မတည် ငြိမ်မှုများ၊ စစ်ပွဲများကြားတွင် ထွက်ရှိနေသော အဖိုးတန် သယံဇာတများမှာလည်း တိုင်းရင်းသား များအတွက်အကျိုးဖြစ် ထွန်းမှု ထိုက်သင့်သလောက် မရရှိဘဲ မရိုးသားသော စီး ပွားရေးသမားအချို့၏ ခေါင်းပုံဖြတ်မှု နည်းအမျိုးမျိုးဖြင့် နစ်နာ ဆုံးရှုံးမှုများစွာရှိခဲ့ရ၏။ နိုင်ငံတော်အတွက်လည်း အဟော သိကံ များစွာ ဖြစ်ခဲ့ရသည်။ မိမိတို့ ပိုင်ဆိုင်သည့်တောတောင် ရေမြေတို့မှ သဘာ၀ သယံဇာတများကို ခေတ်မီ နည်းစနစ် များ၊ ကိရိယာများဖြင့် မထုတ်လုပ်နိုင်ခြင်း၊ စီးပွားဖြစ် ထိထိ ရောက်ရောက် ထုတ်လုပ်နိုင်မှု အလွန် အားနည်းခြင်း၊ ထုတ် လုပ်နိုင်သည့်တိုင် တရားဝင် လမ်းကြောင်းမှ နိုင်ငံတကာ ဈေးကွက်သို့ တိုက်ရိုက်ဝင် ရောက်နိုင်စွမ်းမရှိခြင်းတို့များစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ထို အားနည်းချက်များကို အခွင့် ကောင်းယူ၍ နိုင်ငံရပ်ခြားမှ စီးပွားရေးသမား အချို့သည် မြန်မာ သယံဇာတ ထုတ်ကုန်များအပေါ် ဈေးနှိမ်ပေးခြင်း အပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် အကျိုးစီးပွား အနိုင်ကျင့် ခဲ့ကြသည်မှာလည်း အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ် သည်။
နက်(ရှ်)အားမျှခြေဆုတောင်း ငြိမ်းချမ်းရေးရရှိခဲ့ပါမူ နိုင်ငံနယ်နိမိတ်အတွင်းရှိ သယံ ဇာတများကို ခေတ်မီနည်းစနစ်များ၊ ကိရိယာထောက်ကူပံ့ ပိုးမှုများဖြင့် တရားဥပဒေဘောင်အတွင်းမှ စနစ်တကျ ထုတ် ယူခွင့်များ ရရှိလာနိုင်ပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားညီအစ် ကိုမောင်နှမများအကျိုးစီးပွားညီညွှတ် မျှတစွာ ခွဲေ၀ ခံစား ခွင့်များလည်း ရရှိလာနိုင်မည်ဟုယုံကြည်သည်။ ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုများမှတစ်ဆင့် ရရှိလာနိုင်သည့် နှစ်ဖက်နားလည်မှု၊ ယုံကြည်မှုအခြေအနေအရပ်ရပ်သည် နိုင်ငံနယ်နိမိတ်အတွင်း ရှိမြေပေါ်မြေအောက်သယံဇာတများကို တိုင်းရင်းသား ညီရင်း အစ်ကိုသွေးချင်းအားလုံး၏ရေရှည်အကျိုးစီးပွားအတွက် ပြည့် ပြည့်၀၀အသုံးချခွင့်များ ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်သည်။ အားမျှခြေကိုနှစ်ဖက်၊နှစ်ဖွဲ့အလုပ်ဖြစ်သော (သို့မဟုတ်) အကျိုးစီးပွားဖြစ်ထွန်းသော အခြေအနေဟု ဆိုနိုင်သည်။ အင်အားစုနှစ်ဖက်စလုံးအတွက် အကျိုးရှိစေသော win-win solution ဖြစ်သည်။ အားမျှခြေအခြေ အနေကိုအားပြိုင်မှု များမှ ရရှိလာနိုင်သကဲ့သို့ ညှိနှိုင်းမှု၊ ဆွေးနွေးမှုများမှလည်းဖြစ် ထွန်းလာနိုင်သည်။ နှစ်ဖက်အကျိုးရှိစေသော အားမျှခြေ အခြေအနေဖြစ်သည့် win-win solution သို့ရောက်ရှိရေး အားထုတ်မှုတွင်နှစ်ဖက်ရင်ဆိုင်သည့် အခြေအနေသည် အား ပြိုင်မှု (competition) သဘောထက်ညှိနှိုင်းမှု (negotiation)  သဘောဆန်သင့်သည်။ အားပြိုင်မှု (competition) သဘောဆန်လာခဲ့လျှင် များသောအားဖြင့် နောက်ဆုံးရလဒ် သည် တစ်ဖက်နိုင်၊ တစ်ဖက်ရှုံး (win-lose condition)  သို့ မဟုတ် နှစ်ဖက်စလုံးဆုံးရှုံးနစ်နာသည့် အကျိုးမဲ့အခြေအနေ (lose-lose condition)  ဖြစ်လာနိုင်စရာရှိသည်။ အကျိုးစီးပွား အတွက်ပြိုင်ဆိုင်ရသည့် အခြေအနေရှိလာ သည့်တိုင် နှစ်ဖက်အကျိုးစီးပွားပျက်စီးမှု၊ လျော့ပါးမှုကို ရှောင် လွှဲ၍ နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းသည့် အားမျှခြေ အနေ အထားတစ်ရပ်ကို နှလုံးသားလှလှ၊ ဦးနှောက်မျှမျှတွေးဆ ဆောင်ရွက်နိုင်ပါက ရရှိနိုင်မည်ဖြစ်သည်။ ထိုနှစ်ဖက်အ ကျိုးဖြစ်ထွန်းစေသောအခြေအနေကို သင်္ချာအထူးပြုပညာရှင် က ဂျွန်နက်(ရှ်) (ohn Nash) ဆိုသူကဖော်ထုတ်ခဲ့သ ဖြင့် ၎င်း၏အမည်ကိုအစွဲပြု၍ နက်(ရှ်) အားမျှခြေဟု လူသိများ သည်။ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ကာလရှည် ရယူခံ စား နိုင်ရေးအတွက် အနာဂတ်ကာလများ၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင်နက်အ(ရှ်)အားမျှခြေ အနေအထားရရှိစေရန် မျှော်လင့်မိသည်။ အလုပ်ရုံဆွေးနွေး ပွဲမှ အပြန် စာရေးသူ၏ စိတ်ထဲ၌ နိုင်ငံတော် အစိုးရနှင့် ညီနောင် ရင်းချာတိုင်းရင်းသားများအကြားဆွေးနွေးမှုများတွင် အပြန်အလှန် အလျှော့ပေးညှိနှိုင်းမှုများဖြင့် နက်(ရှ်)အား မျှ ခြေ အခြေအနေဆီသို့ အလျင်အမြန် ရောက်ရှိပါစေဟုသာ ဆုတောင်း နေမိပါတော့သည်။
စောနိုင် (အသုံးချဘောဂဗေဒ)