Main menu

Background

၂ဝ၁ဝ အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုအတွက်လာရောက်ခဲ့တဲ့ နိုင်ငံတကာမှ ဧည့်သည်များ

Thu, 09/23/2010 - 03:13 -- Anonymous (not verified)

 ၂ဝ၁ဝ အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုအတွက်လာရောက်ခဲ့တဲ့ နိုင်ငံတကာမှ ဧည့်သည်များ        မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်ကစပြီး ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုယ့်မှာမရှိသေးတဲ့ အရင်းအနှီးနဲ့နည်းပညာတွေ၊ ကျွမ်းကျင်သူ တွေကို ပြည်ပကဖိတ်ခေါ်ပြီး ကိုယ့်နိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နံှလုပ်ကိုင် စေဖို့အတွက် စီစဉ်ဆောင်ရွက်ကြပါတယ်။ မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဦးတည်ချက်(၄)ရပ်မှာ''ပြည်တွင်းပြည်ပမှအတတ်ပညာနင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေး ဖွံ့ဖြိုး တိုးးတက်ေ်အောင် တည်ဆောက်ရေး''    ဆိုတဲ့ ဦး တည်ချက်တစ်ရပ်ပါဝင်ပါတယ်။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နံှသူတွေ လုပ်သာကိုင်သာ ရှိမယ့်၊မက်လုံးတွေရှိမယ့် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ် တာကြောင့်မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြူပ်နံှမှုဥပဒေ ( The Union of Myanmar Foreign Investment Law )ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ကပြဌာန်းခဲ့ပါတယ်။     နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပြင်ပရင်းနှီးမြူပ်နံှမှုဟာ အရေးပါတယ်။ ယနေ့အထိ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံ ၃ဝ ကျော်က ကဏ္ဍကြီး ၁၂ခုမှာ ရင်းနှီးမြူပ်နံှမှု ၄၃၆ ခုနဲ့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂၆၅၃ဝကျော်ဖိုး ရင်းနှီးမြူပ်နံှထားပြီးဖြစ်ပါတယ်။  ပတ်ဝန်းကျင်နိုင်ငံတွေနဲ့  နှိုင်းယှဉ် ရင်တော့မြန်မာနိုင်ငံကို ရင်းနှီး မြုပ်နံှမှုစီးဝင်တာတွေ နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြူပ်နံှသူတွေဆိုတာကလည်း စီးပွားရေး သမားတွေဆိုတော ့ကိုယ်ရင်းနှီးမြူပ်ခဲ့တဲ့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေဘယ်လောက် တည်ဆောက်ထားပြီးပြီလဲ၊ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်နေပြီလဲဆိုတာကို ကြည့်ကြတာပါ။သူတို့လိုချင်တဲ့ အခြေခံအဆောက်အအုံတွေရှိမှ လာရောက်ရင်းနှီးမြူပ်နံှဖို့ စိတ်ကူးကြတာပါ။ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံး တဲ့အချိန်ကစပြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ လျှပ်စစ်စွမ်းအားကဏ္ဍ၊ လမ်းတံတားအခြေခံ အဆောက်အအုံကဏ္ဍ၊ကုန်းလမ်း၊ ရေလမ်းနဲ့  လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊  ဆက်သွယ်ရေးကဏ္ဍ တွေအပါအဝင် ကဏ္ဍစုံမှာဘဏ္ဍာငွေ အမြောက်အမြားသုံးစွဲပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်ခဲ့ပါတယ်။ အခြေခံ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး တည်ဆောက်ပြီး  တည်ဆောက်ဆဲနဲ့ အနာဂတ်အခြေအနေတွေကို ကောမတ်စ် ဂျာနယ်အတွဲ (၁ဝ)အမှတ် (၃၄)မှာ ရေးသားခဲ့ပြီးပါပြီ။     မြန်မာနိုင်ငံမှာ ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကြီး အပြီးထွက်ပေါ်လာမဲ့ အစိုးရ အသစ်တစ်ရပ်က ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ဖော်ဆောင်ရာမှာ အဓိကကျတဲ့နိုင်ငံခြား ရင်းနှီးမြူပ်နံှမှုများပိုမို စီးဝင်လာရေးအတွက် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုများကို ဆွဲဆောင်ဖိတ်ခေါ်မယ်လို့ ပြည်ပလုပ်ငန်းရှင်များက ယူဆလျက်ရှိပါတယ်။ ဒါ့အပြင် ၂ဝ၁၅ ခုနှစ်မှာအကောင်အထည်ဖော်မဲ့ အာဆီယံ စီးပွားရေးအသိုက်အဝန်းအရ ရင်းနှီးမြူပ်နံှမှုများလွတ်လပ်စွာ စီးဆင်းကြတော့မှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပေါြွကယ်ဝတဲ့ သယံဇာတနဲ့ မဟာဗျူဟာအရ အချက်အချာကျတဲ့တည်နေရာကြောင့် ပြည်ပက ရင်းနှီးမြူပ်နံှသူတွေ မျက်စိကျနေတယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး တည်ဆောက်မှု လုပ်ငန်းတွေအပေါ် မပြတ်လေ့လာစောင်ကြည့်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် စက်မှုနိုင်ငံကြီးများက ရင်းနှီးမြူပ်နံှမှုနဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာနဲ့ ဆက်စပ်တဲ့အစိုးရဌာနတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေ၊ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၂ဝ၁ဝ ပြည့်နှစ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှု တိုးတက်များပြားလာတာကို သတိထားစောင့်ကြည့်မိရင် တွေ့နိုင်ပါတယ်။ ၂ဝ၁ဝပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ လယ်ထိ ပြည်ပမှကုန်သွယ်မှုနဲ့  ရင်းနှီးမြူပ်နံှမှုဆိုင်ရာအဖွဲ့တွေ လာရောက်မှုကို လေ့လာကြည့်တဲ့အခါ ထိုင်းနိုင်ငံက (၅) ကြိမ်၊ ဗီယက်နမ်နိုင်ငံက (၄) ကြိမ်၊ တရုတ်နိုင်ငံက(၃) ကြိမ်၊ မလေးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့မှ (၁) ကြိမ်စီ အသီး သီးလာရောက်ခဲ့ပြီး လူဦးရေ အားဖြင့် ၈ဝဝ ကျော်ခန့် လာရောက်ခဲ့တာကို ပြည်ထောင်စု မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒီလိုလာရောက်တဲ့နိုင်ငံရဲ့ အဖွဲ့သီးသီးနဲ့ မြန်မာလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုနဲ့ရင်းနှီးမြူပ်နံှမှု တိုးမြင့်ရေးဆွေးနွေးညှိနှိုင်းခဲ့တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ထိုင်းနိုင်ငံကအများဆုံးလာရောက်           ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် Thailand Board of Investment   အဖွဲ့၊  Institute ofAsian Studies Chualalong University  အဖွဲ့၊Department of Industrial Promotion Federation   အဖွဲ့၊Trade & Investment Promotion Departmentof Thai Industries အဖွဲ့ Departmentof Foreign Trade Thai Ministry of Commerce eJU Kanchanburi Province တို့မှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံကို (၅)ကြိမ် လာရောက်ခဲ့ကြပြီး၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ လယ်ယာသုံးစက်ကိရိယာပစ္စည်း၊ စက်ယန္တရား၊ အဝတ်အထည်၊ ဟိုတယ်နဲ့ spa သုံးပစ္စည်း၊ အိမ်သုံး၊ လူသုံးကုန်ပစ္စည်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။     ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မဲ့ နေရာကို သွားရောက်ခဲ့သလို Thailand Board of Investment (BOI) Institute of Asian Studies Chualalong University  မှလာရောက်တဲ့ အဖွဲ့ဟာဆိုရင် ရန်ကုန်-နေပြည်တော်သာမကဘဲ မန္တလေး - မူဆယ် အထိ ကားနဲ့သွားခဲ့ပြီး လေ့လာခဲ့ကြသလို ရန်ကုန် နဲ့ မန္တလေးမှာရှိတဲ့ စက်မှုဇုန်များကိုလည်း သွားရောက်လေ့လာမှု ပြုခဲ့ကြပါတယ်။ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကြည့်ရင် ပင်လယ်ရေကြောင်း နဲ့ နယ်စပ်ကုန်သွယ်မှု နှစ်ရပ်အပေါ် ၂ဝဝ၅-၂ဝဝ၆ဘဏ္ဍာနှစ်က ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ နီးပါး ရှိခဲ့ရာကနေ၂ဝဝ၉ -၂ဝ၁ဝ ဘဏ္ဍာနှစ်မှာတော့ ၃ ဒသမ ၅ဘီလီယံ ကျော် ကိုတိုးတက်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ကုန်သွယ်နေတဲ့ ကုန်ပစ္စည်းတွေကတော့ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်း၊ ခနောက်စိမ်း၊ ကော်ဖီမစ်၊ ဘိုကိတ်ပဲ၊ ခေါက်ဆွဲခြောက်၊ ရေချိုပုစွန်၊ ပဲတီစိမ်း၊ ကြက်သွန်ဖြူ၊ သစ်ခေါက်၊ ရော်ဘာခွဲသား၊ သစ်မာခွဲသားတို့ဖြစ်ပြီး အများဆုံး သွင်းကုန်တွေကတော့ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဒီဇယ်၊ ဓာတ်ဆီ၊ PVC ပိုက်၊ နို့ဆီနို့စိမ်း၊ ဆောက်လုပ်ရေးပစ္စည်းများဖြစ်ပါတယ်။ဗီယက်နမ်က ဒုတိယအများဆုံးလာ     ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များက ဒီနှစ်အတောအတွင်း (၄) ကြိမ်လာရောက်ခဲ့ပြီး ဒုတိယ အများဆုံးလာရောက်တဲ့နိုင်ငံဖြစ်ပါတယ်။ Vietnam Trade & Investment Mission, Hochimin City Investment & Trade PromotionCentre ဟနွိုင်းလူငယ်လုပ်ငန်းရှင်များအသင်း၊ ဟိုချီမင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း Tourist Corporation တို့မှ အဖွဲ့ဝင်စုစုပေါင်း ၂၅ဝ ဦးခန့် လာရောက်ခဲ့ကြပါတယ်။ အလူမီနီယမ်လုပ်ငန်း၊ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုကဏ္ဍ၊စတီးနဲ့ သံကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း၊ စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်း၊ ဓာတုပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်မှုပစ္စည်းများ၊ အလှကုန်များ၊ ခရီးသွားလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနဲ့ ဗီယက်နမ် ကုန်သွယ်မှုအခြေအနေများကတော့၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၄၈ သန်း ကျော် ရှိခဲ့ရာက၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၈၂ သန်းကျော်ထိ အသီးသီး တိုးတက် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့တဲ့ပို့ကုန်တွေကတော့ ပဲတီစိမ်း၊ ရော်ဘာ၊ ကျွန်းသစ်လုံး၊သစ်မာလုံး၊ ရေထွက်ပစ္စည်းများဖြစ်ပြီး၊ သွင်းကုန်တွေကတော့ သံနဲ့ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ တာယာကျွတ်နဲ့ ဆေးဝါးများဖြစ်ပါတယ်။တရုတ်နိုင်ငံကလည်း ရင်းနှီးမြူပ်နံှဖို့စိတ်ဝင်စား          တရုတ်နိုင်ငံက ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကုန်သည်စက်မှု အသင်းတွေက ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင်များဟာဒီကာလအတွင်းမှာ (၃) ကြိမ် လာရောက်ခဲ့ပါတယ်။ တရုတ် နိုင်ငံ Yunnan Provincial Chamber of Commerce ၊ Foreign Trade& Economic Cooperation of Guandong Province ၊ The All China Federation of Industry and Commerce(ACFIC) တို့မှ ဌာနဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၃ဝ ကျော်လာရောက်ခဲ့ကြပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ဟာလယ်ယာစိုက်ပိုျးရေးနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များထုတ်လုပ်ရေး၊အဆင့်မြင့်သစ်အချောထည်နဲ့ ပရိဘောဂထုတ်လုပ်ရေး၊ ှ့ Shopping Center များထူထောင်ရေး၊ ဟိုတယ် နဲ့ခရီးသွားလုပ်ငန်း၊ သတ္တုကဏ္ဍများကို စိတ်ပါဝင်စားစွာ မေးမြန်း ဆွေးနွေးခဲ့ကြပြီး ရန်ကုန်စက်မှုဇုန်ရှိ သစ်အချောထည်စက်ရုံနဲ့ အထည်ချုပ်လုပ်ငန်းများ ကိုလည်း စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြတယ်လို့သိရပါတယ်။     မြန်မာ-တရုတ်(ဟောင်ကောင်) အပါအဝင်နှစ်နိုင်ငံ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏ တွေကတော့၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်ရှိခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၂ ဒသမ၈ ဘီလီယံကျော်ထိ တိုးတက်ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့တင်ပို့တဲ့ ပို့ကုန်တွေကတော့ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ၊ ကျွန်းသစ်လုံးနဲ့ ရေထွက် ကုန်များဖြစ်ပြီးသွင်းကုန် အနေနဲ့မော်တော်ယာဉ်၊ မီးရထား၊ ဆက်သွယ်ရေးပစ္စည်း၊ လေအေးပေးစက်၊ အင်ဂျင်စက်အမျိုးမျိုး၊ စက်နဲ့ စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဆိုင်ရာ ပစ္စည်းများ၊ ရေနံထွက် ဓာတုပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ သံနဲ့သံမဏိပစ္စည်း၊ ကော်ဖီနဲ့  လက်ဖက်ခြောက် တို့ဖြစ်ပါတယ်။      နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပို့ကုန်များမှာ ရော်ဘာ၊ ပြောင်းဖူး စေ့၊ ပဲတီစိမ်း၊ ငါးရှဉ့်၊ကဏန်း၊ ရေငန်ငါး၊ အေးခဲအမဲသားနဲ့ ရာသီအလိုက်သီးနံှများဖြစ်တဲ့သရက်သီး၊ ဖရဲသီး၊ သခွာမွှေးတို့ဖြစ်ပြီး၊ နှမ်းမျိုးစုံ၊ ပရဆေးကုန်ကြမ်း၊ဝဥခြောက်နဲ့ ကြိမ်များ တင်ပို့ပါတယ်။ သွင်းကုန်အနေနဲ့ ဓာတ်မြေသြဇာ၊ ဖိနပ်မျိုးစုံ၊ နို့မှုန့်၊ ဖယောင်း၊ ဘိလပ်မြေနဲ့ ချည်ခင်များအဓိက တင်သွင်းပါတယ်။ဖိလစ်ပိုင်လည်းစိတ်ဝင်စား      ဖိလစ်ပိုင်နိုင်ငံကတော့ ဇူလိုင်လအတွင်းမှာ လာရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်း ၈ ခုမှ အဖွဲ့ဝင် ၁၂ ဦး လိုက်ပါလာ ခဲ့ပါတယ်။ဖိလစ်ပိုင်ကုန်သွယ်မှုနဲ့ စက်မှုလုပ်ငန်းဌာနမှ ဦးဆောင်ပြီး လာရောက်ခဲ့တာဖြစ်ပါတယ်။ လူသုံးကုန်၊ အလှကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတွေမှာ ပူးပေါင်းထုတ်လုပ်ရောင်းချ ဖြန့်ဖြူးဖို့ ဆွေးနွေးခဲ့ကြပါတယ်။     မြန်မာနဲ့ဖိလစ်ပိုင်နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏများမှာ၂ဝဝ၅-၂ဝဝ၆ တွင် ကန်ဒေါ်လာ သန်း ၂ဝ နီးပါးရှိခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ တွင် ကန်ဒေါ်လာ ၄၁ သန်းကျော် ထိ တိုးတက်လျက်ရှိတာတွေ့ရပါတယ်။     ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကတင်ပို့တဲ့ ပို့ကုန်အမယ်များကတော့ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ပဲယင်း၊ ကုလားပဲ၊ မတ်ပဲ၊မန်ကျည်းသီး၊ မြေထောက်ပဲ၊ နနွင်းနဲ့ သစ်အချောထည်များဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကနေ ဆေးနဲ့ဆေးဝါးပစ္စည်း၊ သံနှင့် သံမဏိ၊ စက္ကူအမျိုးမျိုး၊ ဖန်နှင့် ဖန်ထည်ပစ္စည်း၊ ပလတ်စတစ် ပစ္စည်းများ၊ နို့ဆီ၊အလှကုန်၊ ဆေးဝါးကြီးနဲ့ ဓာတုဗေဒကုန်ကြမ်းပစ္စည်းများကို တင်သွင်းလျက် ရှိပါတယ်။ မလေးရှားနိုင်ငံကကဏ္ဍမှာပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စား    ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၃ဝ ရက်နေ့က မလေးရှားနိုင်ငံ ပြည်ပကုန်သွယ်မှုဖွံ့ဖြိူးတိုးတက်ရေး ကော်ပို ရေးရှင်း (Malaysia External Trade Development Corporation -MATRADE) မလေးရှားကုန်စည် ပို့ဆောင်ရေးအသင်း (Federation of Malaysian Freight Forwarders - FMFF) တို့မှ ဦးဆောင်ပြီး ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းမှလုပ်ငန်းရှင် ၄ဝ ဦးပါအဖွဲ့ လာရောက်ခဲ့ကြပါတယ်။      'စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုထူထောင်ရာမှာLogistic ကမပါမဖြစ်အထူးအရေးပါတယ်။ အာရှတိုက်အပါအဝင် နိုင်ငံအားလုံးနဲ့ ကုန်သွယ်မှုကွန်ရက်ကြီးအဖြစ် အပြန်အလှန် ချိတ်ဆက်ကာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကို အချိန်မီစရိတ် သက်သာတဲ့ ခေတ်မီနည်းပညာ သွင်းအားစုတွေကို သုံးပြီး ကျွန်တော်တို့မလေးရှား ပြည်ပကုန်သွယ်မှု  ဖွံ့ဖြိူးတိုးတက်ရေး ကော်ပိုးရေးရှင်းကလုပ်ဆောင်နေပါတယ်''။'    " မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းပြီး ပိုမို တိုးမြင့်ကုန်သွယ်ကြဖို့ စီးပွားရေးကဏ္ဍအသီးသီး  ဖွံ့ဖြိူးရေး အတွက်နဲ့ ကမ္ဘာ့ဈေးကွက်ကြီးအတွင်း ရောင်းဝယ်ဖလှယ်မှု အရှိန်အဟုန်ပိုမိုရရှိစေဖို့ ကုန်သည်စက်မှုအသင်းချုပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ သက်ဆိုင်ရာဌာနများရဲ့ ပေါင်းစပ် အကောင်အထည်ဖော်မှုများနဲ့ ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။''    ''မလေးရှားရဲ့ Logistic ကဏ္ဍက အာဆီယံ ကလက်ခံကျင့်သုံးနေတဲ့ စံနှုန်းစနစ်များအတိုင်း အဆင့်မြင့် ဆိပ်ကမ်းများ၊ စီးပွားရေးဇုန်များ စတဲ့ဝန်ဆောင်မှုကောင်းများ၊ ပံ့ပိုးပေးမှုများနဲ့ ဖွံ့ဖြိူးတိုးတက်လျက်ရှိရာ နှစ်နိုင်ငံယခုလိုပေါင်းစပ်ပြီး ကုန်သွယ်မှု ပိုမိုဖွံ့ဖြိူးူရန် ဆောင်ရွက်သွားကြရန် လိုပါတယ်'' လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး HE. Mazal Muhammad က မြန်မာလုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။    မြန်မာ-မလေးရှား ကုန်သွယ်မှုကိုကြည့်လျှင် ၂ဝဝ၅-၂ဝဝ၆ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၂၃၁ သန်းကျော်ကနေ ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၁၂သန်းကျော်ထိတိုးမြင့် ကုန်သွယ်ခဲ့ပါတယ်။     မလေးရှားနိုင်ငံနဲ့ အများဆုံးကုန်သွယ်တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ ဆန်၊ ပဲအမျိုးမျိုး၊ မန်ကျည်းသီး၊ ရော်ဘာ၊ ထန်းလျက်၊ကျောက်စိမ်း၊ ငါး၊ ပုစွန်တို့ဖြစ်ပြီး အများဆုံးကုန်သွယ်တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ သံနှင့် သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံထွက်ပစ္စည်း၊ စားအုန်းဆီ၊ ငါးဖမ်းပိုက်၊ ဘိလပ်မြေ၊ ဓာတုပစ္စည်း၊ မော်တော်ယာဉ်၊ စက်နှင့်စက်ပစ္စည်း နဲ့ ဆေးဝါး တို့ဖြစ်ပါတယ်။အိန္ဒိယရဲ့ Look East ပေါ်လစီနဲ့အရှေ့မြောက်ဒေသ ဖွံ့ ဖြိုးရေးမှာ မြန်မာနိုင်ငံက အရေးပါ     အိန္ဒိယနိုင်ငံပါလီမန်အမတ် Mr. Mani Shankar Aiyar နဲ့မီဇိုရမ်ပြည်နယ် ဂုဏ်ထူးဆောင် ကုန်သွယ်ရေးဝန်ကြီး Mr.Lairinllana Sailo ဦးဆောင်ပြီး၊ ကော်လ်ကတ္တားကုန်သည်စက်မှု အသင်းချုပ်က တာဝန်ရှိသူများပါဝင်တဲ့ အိန္ဒိယအရှေ့မြောက်ဒေသများဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ၊ အာသံနဲ့ အရူနာချာပရာဒက်ချ်ဒေသများကစီးပွားရေးလုပ်ငန်းရှင် ၅၅ ဦးဟာ စက်တင်ဘာလ ဒုတိယပတ်အတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။    အိန္ဒိယနိုင်ငံဟာ အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှုများ တိုးတက်အောင်ဆောင်ရွက်ရန် ရည်မှန်းချက်ထား ရှိတဲ့အတွက် အာဆီယံနိုင်ငံများရဲ့ တံခါးပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ဆက်စပ်လျက်ရှိတဲ့ အရှေ့မြောက်ဒေသကို အိန္ဒိယ နိုင်ငံအနေနဲ့  ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လိုကြောင်းနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များကိုလည်း အိန္ဒိယ အရှေ့မြောက် ဒေသမှာ လာရောက်ရင်းနှီးမြုပ်နံှကြရန် ဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။      မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုများကို ကြည့်တဲ့အခါ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ ကန်ဒေါ်လာသန်း ၅၇ဝနီးပါး ရှိခဲ့ရာကနေ၂ဝဝ၉-၂ဝ၁ဝမှာ ကန်ဒေါ်လာသန်း ၁၂ဝဝ ကျော် အသီးသီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိတာ တွေ့ရပါတယ်။      မြန်မာ- အိန္ဒိယနယ်စပ်မှာ အများဆုံးကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ကွမ်းသီး၊ ချင်းပဲ (ပဲယင်း)၊ နံနံစေ့၊ ငါးလေး ခြောက်၊ဆေးရိုး၊ ဆေးကြေမှုန့်၊ ပန်းသီး၊ ဝက်အရှင်၊ စားသောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းများ တင်ပို့နေကြပြီး အများဆုံးသွင်း ကုန်တွေကတော့ ဓာတ်မြေသြဇာ၊ ၁/၄ဝ ချည်၊ ပလတ်စတစ် အကြည်ပြား၊ ဇီယာ၊ ဆောင်မေခါးတို့ဖြစ်ပါတယ်။    ပင်လယ်ရေကြောင်းမှ ကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပဲအမျိုးမျိုး၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ သစ်ပါးလွှာနဲ့ သကြားတို့ဖြစ်ပြီး အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကတော့ မီးရထားနဲ့ မီးရထားပစ္စည်း၊ စက်နဲ့စက်ပစ္စည်း၊ သံနဲ့ သံမဏိပစ္စည်း၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ချည်ခင်၊ တာယာနဲ့ ဆေးဝါးများ ဖြစ်ပါတယ်။ကိုရီးယားကလည်း ကုန်သွယ်မှုတိုးမြင့်ဖို့ စိတ်ဝင်စား        Korea Importers Association မှ ဥက္ကဋ္ဌ Dr.Je Tae Lee ဦးဆောင်တဲ့ ၁၉ ဦးပါအဖွဲ့ဟာ ၂ဝ၁ဝ ပြည့်နှစ် မေလ ၂ဝရက်နေ့က လာရောက်ခဲ့ကြပြီး သဘာဝအရင်းအမြစ်၊ မီးသွေး၊ ရွှေ၊ ငွေ၊ ဇင့်၊ နီကယ်၊ သံ အစရှိတဲ့ သတ္တုလုပ်ငန်းများ၊ ဒီဇယ်စွမ်းအင် စက်ရုံနဲ့ စက်မှုဆိုင်ရာကုန်ကြမ်းပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းများ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအားလုပ်ငန်းများ၊ မီးစက်များ၊ ဆေးနဲ့ ဆေးပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ထုတ်ပိုး ပစ္စည်းအမျိုးမျိုး၊လုံခြုံရေးသုံးအာရုံခံကိရိယာ၊ အဏုကြည့် မှန်ပြောင်းများ၊ စက်မှုလုပ်ငန်းသုံးဖန်ကုန်ကြမ်း ပစ္စည်းများ၊ ဓာတုဗေဒသုံး ကုန်ကြမ်းပစ္စည်းများ၊ ဟိုတယ် လုပ်ငန်းသုံးပစ္စည်းများ၊ လယ်ယာထွက်ကုန်တန်ဖိုးမြင့်ကုန်ထုတ် လုပ်ရန် Color Sorter စက်၊ ရေသန့်စက်၊ ကွန်ပျူတာလုပ်ငန်းသုံးပစ္စည်းများနှင့် စပ်လျဉ်းပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်နဲ့အရောင်းအဝယ်ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုခဲ့ကြပါတယ်။     မြန်မာ-ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများကတော့ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်မှာ ကန် ဒေါ်လာ ၁၂၄ သန်းခန့်ရှိခဲ့ရာ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၃ဝဝ နီးပါးထိပိုမိုတိုးတက်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။   မြန်မာ-ကိုရီးယား နှစ်နိုင်ငံကုန်သွယ်နေတဲ့ ပစ္စည်းတွေကတော့ ပို့ကုန်အနေနဲ့ နှမ်း၊ ရော်ဘာ၊ သစ်ပါး လွှာ၊ အထပ်သား၊ချုပ်ပြီးအထည်များဖြစ်ပြီး၊ သွင်းကုန်အနေနဲ့ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အပိုပစ္စည်းများ၊ သံနဲ့ သံမဏိပစ္စည်းများ၊ စက်နဲ့စက်ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ သားရေတု ပစ္စည်းများ၊ စက္ကူ၊ ချည်ခင်များ၊ ဆေးဝါး၊ ကော်ဖီ၊လက်ဖက်ခြောက်တို့ ဖြစ်ပါတယ်။