Main menu

Background

အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုခရီးအတွက် ကျား နှင့် နဂါး ကိုလေ့လာခြင်း

Thu, 11/18/2010 - 04:04 -- Anonymous (not verified)

 အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုခရီးအတွက် ကျား နှင့် နဂါး ကိုလေ့လာခြင်း စံနမူနာ    ကျားဆိုသည်မှာ မြန်မာနိုင်ငံအနောက်ဘက်ရှိ နယ်နိမိတ်ချင်း ထိစပ်မှု ၁၃ဝဝ ကီလိုမီတာခန့်ရှိသော အိန္ဒိယနိုင်ငံကို  ရည်ညွှန်းခြင်း ဖြစ်ပြီး နဂါးဆိုသည်မှာ မြန်မာနိုင်ငံမြောက်ဘက်ရှိ ၂၂ဝဝ ကီလို မီတာခန့် နယ်နိမိတ်ထိစပ်နေသော တရုတ်နိုင်ငံကို ဆိုလိုသည်။ နှစ်နိုင်ငံစလုံး လူဦးရေပမာဏ အင်အားကြီးပြီး ဧရိယာကျယ်ဝန်း သော နိုင်ငံများလည်းဖြစ်သည်။ ၂၁ ရာစုအဝင်ယနေ့အချိန်အခါတွင်     ၎င်းတို့သည် နိုင်ငံကျယ်ဝန်းရုံသာမက လူဦးရေပမာဏ များပြားပြီး စီးပွားရေးဖွံ့ဖြိုးမှု အရှိန်တက်လာနေသည့်နိုင်ငံများ ဖြစ်လာသောကြောင့် ၎င်းတို့ကို ကမ္ဘာက ယခင်ကထက်ပို၍ စိတ်ဝင်စားမှုရှိလာသည်။      ၎င်းတို့နှစ်နိုင်ငံအကြားတွင် မြန်မာနိုင်ငံတည်ရှိသည်။မြန်မာ နိုင်ငံသည် မကြာမီကာလတွင် Transitional Period ဟုခေါ်သော စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရေးကာလ အဆုံးသတ်၍ စီးပွား ရေးမူဝါဒသစ်များဖြင့် ဖွံ့ဖြိုးမှုခရီးရှည်ကြီးကို လျှောက်လှမ်းရတော့ မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ မျက်စိရှေ့ မှောက်တွင် အရှိန်အဟုန်နှင့် ဖွံ့ထွားလာသော စီးပွားရေး အင်အားကြီး အိမ်နီးချင်း ၎င်းနှစ်နိုင်ငံ၏ အခြေအနေများကို နမူနာကောင်းများအဖြစ် စဉ်ဆက်မပြတ် လေ့လာသုံးသပ်   အကဲဖြတ်နေသင့်သည်။      ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို လေ့လာခြင်းဖြင့် လည်းကောင်း၊ မိမိနိုင်ငံ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ဆင်ခြင်ခြင်းဖြင့် လည်းကောင်း၊ ရှေ့ဆက်ရမည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်သို့ အသွားခရီးလမ်းတွင် အခွင့်အလမ်းများကို ဖမ်းဆုပ်ရယူနိုင်ခြင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲ များကို ကြိုတင်ပြင်ဆင်ကျော်လွှားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပေမည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အားထုတ်မှုများကို လေ့လာမှုပြုလုပ်ခဲ့ရာ ဤသို့တွေ့ရှိရ သည်။  စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍        အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံး ဈေးကွက်ယန္တရား ဦးစားပေး ပြုပြင်ပြောင်းလဲမှုများ စတင်နေချိန်တွင် ကမ္ဘာ့စီးပွားရေးမှာ ကြီးမား သောအပြောင်းအလဲများကို တွေ့ကြုံနေရသည်။ သတင်းနှင့်ဆက်သွယ်ရေး အဆင့်မြင့်နည်းပညာသည် ကမ္ဘာ့ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုပုံစံကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်ပြီးဖြစ်သည်။  ၁၉၉ဝခုနှစ် နှောင်းပိုင်းကာလ စီးပွားကျဆင်းမှုများ ဖြစ်ပေါ်လာသောအခါ အရင်းအနှီးရွှေ့ပြောင်းမှုများ ပေါ်ပေါက်လာပြီး လုပ်သားဈေးသက်သာသောဒေသများသို့ အရင်းအနှီး စီးဆင်းမှုများ အရှိန်အဟုန် ကောင်းလာခဲ့သည်။ ထိုအခြေအနေများသည် ခေတ်ပညာ တတ်၍ ဈေးပေါသည့်လုပ်သားများ အလုံးအရင်းဖြင့်ရှိနေသော အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အတွက် ၎င်းတို့မျှော်လင့်ထားသကဲ့သို့  ချိန်ခါသင့် ဖြစ်ခဲ့ရသည်။         စက်မှုကဏ္ဍထူထောင်ရေး အားခဲနေ သော တရုတ်နိုင်ငံသည် စီးဝင်လာသော အရင်းအနှီးများနှင့် ပြည်တွင်းရှိ မြို့ပြနှင့်  ကျေးလက် ဒေသများမှ အလုပ်လက်မဲ့ဖြစ်နေသော လုပ်သားအင်အားကို ပေါင်းစပ်အသုံးပြု၍ စိတ်ကူးရှိထားသော  ဖွံ့ဖြိုးရေးအစီအစဉ်များကိုအကောင်အထည်ဖော်သည်။        တရုတ်နိုင်ငံ၏ စက်မှုလက်မှုကဏ္ဍကို အလေးပေးဆောင်ရွက်မှုသည် တိုင်းပြည်အတွက် လိုအပ်နေသော ကုန်ကြမ်းအရင်းအနှီးကုန်စည်၊အခြေခံအဆောက်အဦနှင့် ဝန်ဆောင် မှုလုပ်ငန်းများရရှိရေးကို ဖြည့်ဆည်းပေးနိုင်ရုံသာမက  သန်းပေါင်းများ စွာသော အလုပ်လက်မဲ့ လုပ်သားအင်အားထုကို အလုပ်အကိုင်များ ပံ့ပိုးပေးနိုင်ခဲ့သည်။           တရုတ်နိုင်ငံ စက်မှုကဏ္ဍ ထူထောင်နိုင်ရေး အလေးပေး ဆောင်ရွက်နေစဉ် အိန္ဒိယနိုင်ငံသည် ကွဲပြားသောနည်းလမ်းဖြင့် ဖွံ့ဖြိုးမှုလမ်းကြောင်းကို ချဉ်းကပ်နေသည်ကို တွေ့ရသည်။၁၉၉ဝ ခုနှစ်၏ နောက်ပိုင်းတွင် စရိတ်သက်သာ၍ အဆင့်မြင့်သော ကွန်ပျူတာနည်းပညာများကြောင့် ဝန်ဆောင်မှုဆိုင်ရာ  ကုန်သွယ်မှုလုပ်ငန်း များ များစွာထွန်းကားလာသည်။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် နှင့်အတူ တစ်ကမ္ဘာလုံး အဆက်အစပ် ပိုမိုအာကောင်းလာသော အခါ နိုင်ငံစုံကုမ္ပဏီကြီးများ၏ စရိတ်ကျဉ်းသောဒေသများသို့  ပြောင်းရွှေ့မှုများ ပိုမိုများပြားလာခဲ့သည်။ လုပ်အားခသက်သာ၍ ခေတ်ပညာတတ် အင်္ဂလိပ်စကားပြော လုပ်သားများ အလုံးအရင်းနှင့် ရှိနေသည့် အိန္ဒိယနိုင်ငံသည်အခြေအနေနှင့် အချိန်အခါက ဖန်တီး ပေးလာသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယခု အချိန်တွင် အိန္ဒိယသည် အိုင်တီနည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ် ငန်းမျိုးစုံကို အထူးအားပေးဆောင်ရွက်နေပြီး ဝန်ဆောင်မှုဆိုင်ရာ ရောင်းလိုအားကွင်း ဆက်တစ်ခုလုံးထိန်းချုပ်နိုင်ရေးနှင့် အိုင်တီလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ဈေးကွက်အသာစီးရနိုင်ရေး အားထုတ်လျက်ရှိသည်။                  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြေယာ၊ လုပ်အား၊ အရင်းအနှီးဖြစ်သည့် ကုန်ထုတ်စွမ်းအားစုများအားလုံး  အရေးပါသော်လည်း လုပ်အားသည် ယနေ့တိုင်အောင် အရေးကြီးဆုံး အရင်းအနှီးနှင့် အဓိကအကျဆုံးသွင်းအားစုဖြစ်သည်။ အာရှ၏ စက်မှုထူထောင်ရေး စံနမူနာကောင်းများဖြစ်သည့် ဂျပန်နှင့် ကိုရီးယားတို့၏ အောင်မြင်မှု က ဤအချက်ကို ထောက်ခံအတည်ပြုပေးသလို ရှိလာခဲ့သည်။           ယနေ့အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို လေ့လာကြည့်လျှင် မှီခိုသူဦးရေ အချိုးအစားကျသွားပြီး လုပ်သားအင်အားစု တိုးလာသည်ကို တွေ့နိုင်သည်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသော ကုန်ထုတ် စွမ်းအားစုများဖြစ်သည့် လုပ်အားအရင်းအနှီး အားကောင်းလာသည် ကို ပြသနေသည်။ မှီခိုသူဦးရေအချိုးအစားမှာတရုတ်နိုင်ငံတွင်  ၁၉၇၅ ခုနှစ်က (၇၈ ရာခိုင်နှုန်း) ရှိနေရာမှ ၂ဝဝဝ ခုနှစ် တွင် (၄၆  ရာခိုင်နှုန်း) သို့လည်းကောင်း၊ အိန္ဒိယတွင် ၁၉၇၅ ခုနှစ်က(၇၇  ရာခိုင်နှုန်း)ရှိနေရာ ၂ဝဝဝ ခုနှစ်တွင် (၆၄ ရာခိုင်နှုန်း)သို့ လည်းကောင်း ကျဆင်းခဲ့ကြ သည်။ ထိုသို့တက်ြွကဖျတ်လတ်သော ငယ်ရွယ်သူလုပ်သားအင်အား အရေအတွက် များပြားလာသကဲ့သို့ စာတတ်မြောက်မှုနှုန်းမှာလည်း တဖြည်းဖြည်းချင်း တိုးတက်လာလျက်ရှိသည်။ တရုတ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၂ဝဝ၃ ခုနှစ်တွင် (၉၁ ရာခိုင်နှုန်း)  ရှိနေခဲ့ပြီး အိန္ဒိယ၏စာတတ်မြောက်မှုနှုန်းမှာ ၂ဝ၁ဝ ခုနှစ်စာရင်းများအရ (၆၂ ရာခိုင်နှုန်း)ရှိသည်။ သင်ယူမှုအခြေအနေ အဆင့်များကို အကဲခတ် ကြည့်ရာ အိန္ဒိယနိုင်ငံတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူမှုများပြားပြီး တရုတ်နိုင်ငံရှိ လူငယ်လူရွယ်များမှာ အဆင့်မြင့် ပညာရပ်သင်တက္ကသိုလ်များသို့ တက်ရောက်သူများပြားသည်။ ထို့ကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် လူဦးရေဖွဲ့စည်းမှု  အပြောင်းအလဲတွင် ဖြစ်ပေါ်လာသော ခေတ်လူငယ်ပညာတတ် လုပ်သား အင်အားများကို ထိရောက်စွာ အသုံးချလျက် စီးပွားရေးဖွံ့ဖြိုးမှုလမ်း ကြောင်းဆီသို့ ဦးတည်လျှောက်လှမ်းလျက်ရှိနေပြီဖြစ်သည်။အက်(ဖ)ဒီအိုင်နှင့်ပတ်သက်၍ . . . .      အက်(ဖ်)ဒီအိုင်ဆိုသည်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြူပ်နံှမှု ဖြစ်သည်။ နှစ်နိုင်ငံစလုံး ကုန်သွယ်မှုကဏ္ဍကို အထူးအာရုံစိုက်နေစဉ်မှာပင် အရင်းအနှီးချို့တဲ့နေသော ပြည်တွင်းအခြေအနေအတွက် နိုင်ငံရပ်ခြား အရင်းအနှီးစီးဝင်မှု များကိုလည်းမျှော်သည်။ ကုန်သွယ်မှု ကြောင့် အရင်းအနှီး၊ စားသုံးမှုတို့နှင့် ဆက်နွယ်နေသော ဝယ်လိုအား တိုးလာနေစဉ် အရင်းစုဆောင်းနိုင်မှု တိုးလာရေးကိုလည်း အားထုတ်ခဲ့သည်။        တရုတ်နိုင်ငံသည် စက်မှုထုတ်ကုန်များကို ပိုမိုထုတ်လုပ်ရင်း ကုန်သွယ်မှု တိုးခဲျ့ရေးပေါ်လစီကို အကောင်အထည်ဖော်သည်။ အိန္ဒိယနိုင်ငံကမူ ဝန်ဆောင်မှုကဏ္ဍဆိုင်ရာ ကုန်သွယ်ရေးကို အလေးအနက်ထားသည်။ ထိုသို့ ကုန်သွယ်ရေးကဏ္ဍ အလေးပေးမှုများ၏ နောက်ကွယ်တွင် သွင်းကုန်ပမာဏ တိုးတက်မှုမှာ ပြင်းထန်လာခဲ့သည်။ အိန္ဒိယ၏ နှစ်စဉ်သွင်းကုန်ပမာဏ တိုးတက်ရေးမှာ (၁ဝ ဒသမ ၁)ရာခိုင်နှုန်းခန့်ရှိပြီး တရုတ်နိုင်ငံမှာ (၁၂ဒသမ ၂)  ရာခိုင်နှုန်း အထိရှိလာခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်ကာလ သွင်းကုန် အခြေအနေများကို လေ့လာကြည့်ပါက တရုတ်နိုင်ငံသည် ဂျီဒီပီ၏ (၂၃)ရာခိုင်နှုန်းမှ (၃၃)ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး အိန္ဒိယနိုင်ငံ သည် (၁၅)ရာခိုင်နှုန်းမှ (၂၃)ရာခိုင်နှုန်းထိ ဖြစ်လာခဲ့သည်။  ဤအခြေအနေများကိုကြည့်ခြင်းဖြင့် ပို့ကုန်ပမာဏ တိုးတက်ရေးအတွက် လိုအပ်သော သွင်းကုန်များ တင်သွင်းနိုင်ရန် နိုင်ငံခြားငွေ အလုံအလောက်ရရှိရေး အရေးကြီးကြောင်း တွေ့ရှိရသည်။ နိုင်ငံခြားငွေ မလုံလောက်ခဲ့ပါက နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်း၏ သာမန်ငွေ စာရင်းတွင် လိုငွေပြမှုများဖြစ်ပေါ်လာနိုင်ပြီး ရရှိပြီးသား  ဖွံ့ဖြိုးမှုအနေ အထားကို လှိုက်စားသွားနိုင်သည်။ ကာလရှည်အတွက် ပို့ကုန်အားပြု စီးပွားရေး တည်ဆောက်နေချိန် လတ်တလောတွင် လူသားအရင်း အမြစ်၊ နည်းပညာ၊ သင့်လျော်သော စီးပွားရေးပတ်ဝန်းကျင်များ ဖန်တီးနိုင်မှုအတွက် အရင်းအနှီးမြောက်မြားစွာလိုအပ်သည်။ဤ အချက်ကို နှစ်နိုင်ငံစလုံးက သဘောပေါက်သည်။                တရုတ်နိုင်ငံတွင် ကုန်သွယ်မှုပမာဏ၏ (၆ဝ) ရာခိုင်နှုန်းခန့် သည်  နိုင်ငံခြားငွေရင်းဖြင့် လည်ပတ်နေသော လုပ်ငန်းများဖြစ်နေသည်။ ထို့အတူ ဝန်ဆောင်မှုကုန်သွယ်ရေးအားပြုနေသော အိန္ဒိယ တွင် ပြည်တွင်းလုပ်ငန်းအများစုသည် ဆော့(ဖ်)ဝဲ ပို့ကုန်ကဏ္ဍတွင် ကြီးစိုးထားသော်လည်း နိုင်ငံရပ်ခြား လက်ခွဲလုပ်ငန်း (ဆပ်ကန်ထရိုက်) ထက်ဝက်ကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှသူများနှင့် ဆက်စပ်လျက်ရှိသည်။ သို့အတွက်ကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နံှမှု (အက်(ဖ်)ဒီအိုင်)သည် ကျားနှင့် နဂါး ကုန်သွယ်မှုကဏ္ဍတိုးတက်ရေးအတွက် အဓိကကျနေသည်။ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နံှမှုများနှင့်ပတ်သက်၍ . . . .             ကျားနှင့် နဂါးတို့သည် ပြင်ပကမ္ဘာမှ အရင်းအနှီးများကို မျှော်သကဲ့သို့ နိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နံှမှုများ၏ အရေးကြီးပုံကိုလည်း အသိမှတ်ပြုလက်ခံသည်။ တရုတ်နိုင်ငံဆိုလျှင် ရင်းနှီးမြူပ်နံှမှုကို ဦး တည်သည့် စက်မှုပေါ်လစီကို ကျင့်သုံးသည်ဟု သုတေသီ တချို့က ဆိုသည်။ အမှန်တကယ်ပင် တရုတ်နိုင်ငံသည် ရင်းနှီးမြူပ်နံှမှုကို အားကုန်အင်ကုန် ဂရုပြုခဲ့သည်။ ထို့ကြောင့်လည်း လွန်ခဲ့သော ကာလအချို့ကိုကြည့်လျှင် တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြားမြူပ်နံှမှုများ သည် ဂျပန်နှင့် ကိုရီးယားတို့ရရှိခဲ့သော စံချိန်များကို ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်နေချိန်ပင် စုဆောင်းမှုနှုန်း မြင့်မားရေးအတွက်လည်း ဆောင်ရွက်ခဲ့သည်။ ဘဏ်ချေးငွေပမာဏအများစုသည် အခြေခံအဆောက် အဦများတည်ဆောက်ရေးဆီသို့ လည်းကောင်း၊ နိုင်ငံပိုင်လုပ်ငန်း များလိုအပ်ချက်ကို ပံ့ပိုးရေးအတွက်လည်းကောင်း  စီးဆင်းသွားခဲ့ကြသည်။ ထို့ပြင်မဖွံ့ဖြိုးသေးသော အရင်းအနှီးဈေးကွက်၊  အားနည်း၍ စွမ်းဆောင်ရည် ချည့်နဲ့နေသော ဘဏ္ဍာရေးစနစ်ထဲမှ ပြည်တွင်း စုဆောင်းငွေများ ပြင်ပကမ္ဘာသို့ စီးထွက်မသွားနိုင်ရေးအတွက်ကို လည်း ကြိုးစားထိန်းသိမ်းခဲ့ကြသည်။           အိန္ဒိယသည် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို မဆွဲဆောင်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ အားထုတ် မှုများ ပြုလုပ်ခဲ့သည်ကို အထင်းသားတွေ့မြင်နိုင်သည်။ စုဆောင်းမှု နှုန်းမှာလည်း တရုတ်နိုင်ငံလောက် မြင့်မားမှုမရှိခဲ့။ ထို့ကြောင့် အိန္ဒိယ သည် ရင်းနှီးမြူပ်နံှမှုအပေါ်တွင် စိန်ခေါ်ချက်များစွာနှင့် ရင်ဆိုင် ခဲ့ရသည်။ ထိုအခြေအနေများကြားမှာပင် အိန္ဒိယသည် ၎င်းတို့မျှော်မှန်းထားသော အရင်းကုန်ထွက်အချိုး (Capital-Output Ratio) ရရှိရန် နိုင်ငံခြားအရင်းအနှီးများ လျင်မြန်စွာ စီးဝင်လာနိုင်ရေးနှင့် ပြည်တွင်းစုဆောင်းမှုနှုန်း တိုးတက်လာရေးအတွက် ဆက်လက်ကြိုး စားလျက်ရှိနေဆဲဖြစ်သည်။ နိုင်ငံရပ်ခြားမှ လွဲှငွေပမာဏ အများဆုံး ရရှိနေသည့် ထိပ်တန်းထိုနှစ်နိုင်ငံသည် ပြင်ပကမ္ဘာမှ အရင်းအနှီး များကို အလေးထားသကဲ့သို့ ပြည်တွင်းရင်းနှီးမြူပ်နံှမှု  တိုးတက်ရေး အတွက်လည်း ဆက်လက်အားထုတ်နေပေသည်။စာတွေ့မှရသောအသိကိုရင်း၍ . . . .     အနောက်အရပ်ကိုပဲကြည့်ကြည့်၊ မြောက်အရပ်ကိုပဲ မျှော်မျှော် အရှိန်အဟုန်နှင့် ကြီးထွားလာနေသည့်စီးပွားအင်အားကြီး နှစ် နိုင်ငံကို အားကျဖွယ်ရာတွေ့နေရသည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်း အင်အားကြီးထွားလာနေသည့်တိုင် ယနေ့ အချိန်ထိ  ဆက်လက် အားထုတ်နေဆဲဖြစ်သည်။ စာရေးသူတို့အနေဖြင့် ကိုယ့်အရပ်  ကိုယ့်ဒေသအတွက် ကိုယ်တွေ့မကြုံခဲ့ရသော စာတွေ့များကို ဖတ်ရှုလေ့ လာရင်း ဆောင်စရာများ ဆောင်နိုင်ရန်နှင့် ရှောင်စရာများ ရှောင် နိုင်ရန် 'သတိ'ထား၍ အမိုျးသားအကျိုးစီးပွားအတွက် လေ့လာ သုံးသပ်အသုံးချရန်သာ ရှိပါသည်။